Wednesday, 27 September 2017

ပါရီနဲ့အတူစီးမျောခြင်း

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်ကိုမြန်မာပြည်ကစာပေပညာရှင်တွေဖြစ်တဲ့
ဆရာကြီးဖေမြင့်ဇနီးမောင်နှံ၊ ဆရာဇော်သက်ထွေး၊ ဆရာကျော်မင်းဆွေ၊
ဆရာမော်လင်းဇနီးမောင်နှံနဲ့ဆရာဝင်းချို ဇနီးမောင်နှံတို့
ခေတ္တအလည်ရောက်လာစဉ်အခါက ကိုပင်ဟေဂင်နဲ့အတူစီးမျောနိုင်ဖို့
ကျွန်တော်ကစီစဉ်ထားကြောင်းပြောတော့ဘယ်လိုများစီးမျောကြမှာလဲ
ဆိုပြီး သူတို့စိတ်ဝင်စားနေခဲ့ကြဘူးပါတယ်။

ကိုပင်ဟေဂင်နဲ့အတူစီးမျောတယ်ဆိုလို့ထူးထူးထွေထွေတော့မဟုတ်ပါဘူး။
ကိုပင်ဟေဂင်မြို့ကိုလည်ပတ်ကြရာမှာမြို့သူမြို့သားပြည်သူတွေနဲ့အတူတူ
public transport ယာဉ်တွေဖြစ်တဲ့ရထား၊ ဘတ်(စ်)ကား၊ မြေအောက်ရထားတွေနဲ့
သွားလာလည်ပတ်ဖို့စီစဉ်ထားတာကိုခံစားပြီးသုံးလိုက်တာဖြစ်ပါတယ်။
ကိုယ်ပိုင်ကားတွေနဲ့ ဖြစ်ဖြစ်၊ Taxi နဲ့ဖြစ်ဖြစ်သွားကြရင်စားရိတ်ပိုမိုသက်သာပေမဲ့
မြန်မာပြည်ကစာပေပညာရှင်တွေနဲ့မီဒီယာတွေကို ဒီနိုင်ငံတွေမှာအစိုးရက သူတို့ပြည်သူ
တွေခရီးသွားလာမှု သက်သာအဆင်ပြေလုံခြုံအောင်ဆောင်ရွက်ပေးထားကြတာတွေကို
မျက်ဝါးထင်ထင်မြင်တွေ့ခံစားသွားစေချင်တဲ့စေတနာပါ။

အဲဒီစေတနာရဲ့ရောင်ပြန်လို့ပြောရင်လည်းရနိုင်တဲ့ ကျွန်တော်တို့မိသားစုပြင်သစ်နိုင်ငံ၊
ပါရီမြို့ကိုအလည်ရောက်တဲ့အခါမှာတော့ စာပေရောင်းရင်းကြီးကိုမစ်ကီနိုင်(ခေါ်)
မောင်ရင်ငတေကနေ ပါရီမြို့သူမြို့သားတွေနဲ့အတူစီးမျောနိုင်အောင်စီစဉ်ပေးပါတယ်။
ပါရီမှာ ပြည်သူတွေအသုံးအများဆုံးဖြစ်တဲ့ မြေအောက်ရထားအဆင့်ဆင့်
ပြောင်းစီးလို့ ကျွန်တော့်စကားအရ ပါရီနဲ့အတူစီးမျောခွင့်ရခဲ့တာပါပဲခင်ဗျား။


အနောက်ဥရောပမှာရှိတဲ့ပြင်သစ်နိုင်ငံဟာလူဦးရေ ၆၆ သန်းကျော်ရှိပြီး
မြို့တော်ပါရီကတော့လူဦးရေ ၂သန်းကျော်ကိုခါးစောင်းတင်ထားရတာပါ။
မဟာပါရီဧရိယာနေထိုင်သူတွေပါပေါင်းရင်တော့ ၁၂သန်းကျော်ရှိနေပါပြီ။
ခေတ်ဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ခေတ်သစ်ယဉ်ကျေးမှုတွေပေါင်းစပ်
တွေ့ရမယ့်စိန်းမြစ်ပေါ်က ပါရီမြို့ဟာကမ္ဘာပေါ်မှာ Tourist တွေ
အများဆုံးလာရောက်ကြတဲ့မြို့ကြီးလည်းဖြစ်ပါတယ်။

ပါရီကိုလာလည်ကြတဲ့ တိုးရစ်(စ်)အရေအတွက်ဟာနှစ်စဉ်သန်း၃၀ ၀န်းကျင်မှာရှိနေကြောင်း
နဲ့ ၂၀၁၃ တုန်းကတော့ ၃၂သန်းကျော်လာရောက်လည်ပတ်သွားတယ်လို့ဆိုပါတယ်။
မြို့သူမြို့သားတွေအပါအ၀င်ခရီးသွားတွေနဲ့ပြည့်နေတဲ့ပါရီမြို့တော်ကြီးမှာအဆင်ပြေပြေ
သွားလာနိုင်ကြအောင်သူတို့အစိုးရအဆက်ဆက်တွေကကောင်းသည်ထက်
ကောင်းအောင်ဆောင်ရွက်ပေးခဲ့ကြပေးနေကြတာတွေကိုတွေ့မြင်ခဲ့ရပါတော့တယ်။
                                    ပါရီမြို့က Metro မြေအောက်ရထားဘူတာရုံတစ်ရုံ

 ပါရီရဲ့မြို့တော်တွင်းပြည်သူ့ပို့ဆောင်ရေးထူးခြားချက်ကတော့မြေအောက်ရထားလိုင်း
တွေကိုဘတ်(စ်)ကားလိုင်းတွေဆွဲသလိုဆောင်ရွက်ပေးထားတာပါပဲ။
မြို့ပေါ်မှာယာဉ်ကျောပိတ်ဆို့မှုကိုလျော့ချလိုက်ခြင်းပါ။
ဘတ်(စ်)ကားလိုင်းတွေပြေးဆွဲပေမယ့်ပြောပလောက်အောင်လူသုံးမများဘဲအများစုက
မြေအောက်ရထားများကိုသာအသုံးပြုလို့ခရီးနှင်ကြပါတော့တယ်။

ဥရောပကကြွက်လူတွေနေတဲ့မြို့ (သို့မဟုတ်) ပါရီ လို့ကျွန်တော်ပြောတော့ပါရီသားတစ်ပိုင်း
မိတ်ဆွေကြီးကိုမစ်ကီကပြုံးလို့နေလေရဲ့။
မြေအောက်ရထားလိုင်းဘူတာရုံတွေထဲမှာလူတွေဟာပျားပန်းခတ်ကိုယ်လိုရာ
ခရီးစဉ်ကိုရှေ့ရှုသွားနေကြသလို ရထားတွေကလည်း ၅မိနစ်ဝန်းကျင်တိုင်း
ဆိုက်ရောက်ပြေးဆွဲပေးနေပါတော့တယ်။
တခြားနိုင်ငံတွေနည်းတူဗဟိုကနေကွန်ထရိုးလုပ်ပြေးဆွဲနေတဲ့မောင်းသူမဲ့ရထားတွေ
ပဲဖြစ်ပါတော့တယ်။

ရထားတွေကိုလူသုံးအရမ်းများပေမဲ့လည်းအချိန်တိုင်းလိုလိုပြေးဆွဲပေးနေတာ
ကြောင့်လူတွေငါးပိသိပ်၊ ငါးချဉ်သိပ်ဖြစ်မနေဘဲသက်တောင့်သက်သာ
ခရီးနှင်နေကြတာပါ။
ရထားတွေပေါ်မှာလည်းပျင်းစရာမလိုအောင်ဂီတနဲ့ဖျော်ဖြေ၀မ်းစာရှာဖွေနေသူများလည်း
တွေ့နေရမှာဖြစ်ပါတယ်။

ဘူတာတွေမှာကိုယ်သွားချင်တဲ့လိုင်းကိုပြောင်းစီးနိုင်အောင်မြေအောက်ထဲမှာဘဲ
ဆက်သွယ်ပေးထားတဲ့အပြင်လေ၀င်လေထွက်စနစ်တွေကောင်းနေပြီး
နွေရာသီလိုပူတဲ့အချိန်မှာမြေအောက်ထဲမှာဘဲလေတဖြူးဖြူးနဲ့
လိုရာလိုင်းကိုပြောင်းလို့ခရီးဆက်နိုင်ကြပါတယ်။

ပါရီမြို့တော်ရဲ့ Subway System ဖြစ်တဲ့ Metro မြေအောက်ရထားလိုင်းတွေကို ၁၉၀၀
ပြည့်နှစ်ကထဲကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နေ့စဉ်ခရီးသည် ၉သန်းကို
သယ်ယူပို့ဆောင်ပေးနေကြာင်းလည်းသိရှိရပါတယ်။
ပါရီပြည်သူတွေအဆင်ပြေစွာသွားလာစေနိုင်ဖို့ Metro လိုင်းတင်နံပါတ် 1မှ 14ထိနဲ့
3bis, 7bis စတဲ့ ၁၆လိုင်းရှိတဲ့အပြင်RER လိုင်းလို့ခေါ်လို့ ပိုပြီးဝေးဝေးကိုပြေးပေးတဲ့
 A.B.C.D.E ၅ လိုင်းနဲ့လည်းချိတ်ဆက်ပေးထားပါသေးတယ်။

မြို့ပတ်ရထားတွေဟာလမ်းပိတ်ဆို့မှုတွေမဖြစ်အောင်မြေအောက်နဲ့မြေပေါ်မှာဆိုလည်း
မိုးပျံတံတားပေါ်ကနေမနက်အစောပိုင်းမှသည်ညသန်းကောင်ယံတိုင်သည်အထိ
အချိန်မပြတ်ခုတ်မောင်းနေကြတာကိုပါရီရောက်သူတိုင်းသတိထားမိကြမှာမလွဲပါဘူး။
Metro မြေအောက်ရထားလိုင်းတွေကို မြို့ဆင်ခြေဖုံးဒေသတွေအထိပါပြေးဆွဲနိုင်အောင်
လာမယ့်၁၅နှစ်အတွင်းမှာ ယူရိုငွေ ၂၆.၅ ဘီလီယံရင်းနှီးမြှုပ်နှံဖို့ရာထားကြောင်းလည်း
သိရှိရပါတယ်။
                                 ပါရီမြေအောက်ရထားပေါ်မှာဂီတနဲ့ဖျော်ဖြေနေသူတစ်ဦး

 အတွေးလွင့်မျောခြင်း

ကိုယ့်နိုင်ငံဘက်ကိုလှည့်လို့စဉ်းစားကြည့်လိုက်တဲ့အခါမတော့သူတို့လိုမြေအောက်
မပြောနဲ့မြေပေါ်မှာတောင်ပြည်သူလူထုတွေစိတ်ချလုံခြုံ စွာသွားလာမောင်းနှင်နိုင်တဲ့
လမ်းမတွေမဖေါက်နိုင်သေးတာ၊ တံတားတွေမဆောက်နိုင်သေးတာကို
စိတ်မကောင်းစွာသတိပြု မိသွားရပါတော့တယ်။

ဝေးဝေးကဥရောပကိုမကြည့်ချင်သေးရင်လည်း ကိုယ့်အနီးက မလေးရှားနိုင်ငံရဲ့
မြို့တော် Kuala Lumpur ကိုဘဲလှမ်းကြည့်လိုက်ပါ။ သူ့နိုင်ငံပြည်သူပြည်သား
တွေ အဆင်ပြေလုံခြုံ စွာသွားလာနိုင်ကြဖို့ ဘတ်(စ်)ကားလိုင်းတွေများစွာအပြင်
မြေအောက်ရထား၊ မိုးပျံရထားတွေ မောင်းသူမဲ့ကော၊ မောင်းသူနဲ့ပါတွေ့မြင်ရမှာပါ။
မြို့လည်မှာအလွယ်တကူမြို့ရှုခင်းကိုအပေါ်ကကြည့်ရင်းသက်တောင့်သက်သာ
သွားလာနိုင်တဲ့ Mono rail မိုးပျံရထားလမ်းကိုလည်း၂၀၀၃ ခုနှစ်မှာဖွင့်လှစ်
ပေးခဲ့တာတွေ့ရပါတယ်။

ပြောရရင်တော့မလေးရှားနိုင်ငံဟာဗြိတိသျှအစိုးရလက်အောက်ကနေလွတ်လပ်ရေး
ရခဲ့တာဟာကျွန်တော်တို့မြန်မာနိုင်ငံထက် ၁၀နှစ်နီးပါးနောက်ကျခဲ့ပြီး
ကျွန်တော်တို့နိုင်ငံထက်လည်းထူးလို့သယံဇာတကြွယ်ဝတဲ့နိုင်ငံမဟုတ်တာ
အားလုံးသိကြမှာပါ။

ကိုယ့်နိုင်ငံရဲ့မြို့တော်ရန်ကုန်မှာ ဘတ်(စ်)ကား၊ လိုင်းကားတွေတိုးဝှေ့တွဲလွဲခိုစီးခဲ့
ရတဲ့ကျွန်တော် မလေးရှားမြို့တော် ကွာလာလမ်ပူရောက်လို့ ၃နှစ်အကြာ ၁၉၉၈
ဝန်းကျင်မှာ သူများနိုင်ငံသားတွေ ဘတ်(စ်)ကားတွေနဲ့ သက်တောင့်သက်သာ
သွားလာနိုင်ကြတာကို လေ့လာလို့ ကောင်းတာတွေအတုယူနိုင်အောင်
"ဘတ်(စ်)ကား KL (သို့မဟုတ်) ဘတ်(စ်)ကားယဉ်ကျေးမှု" ဆိုပြီးအပြု ဆောင်းပါး
တစ်ပုဒ်ကို ကြီးပွါးရေးမဂ္ဂဇင်းမှာရေးခဲ့ဘူးပါသေးတယ်။
                  မလေးရှားနိုင်ငံ Kuala Lumpur မြို့တော်တွင်း Mono rail ရထားပြေးဆွဲနေစဉ်

၂၀၀၉ ခုနှစ်ဒိန်းမတ်ကနေဘန်ကောက်အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းကို
ကျွန်တော်ရောက်တဲ့အခါတုန်းကလည်းလေဆိပ်ကနေဘန်ကောက်
မြို့ထဲကိုဘတ်(စ်)ကားလိုင်းတွေစီးပြီးသက်တောင့်သက်သာသွားနိုင်ခဲ့ပါတယ်။
ဘန်ကောက်မြို့ထဲမှာလည်း မြေအောက်ရထားလိုင်းတွေနဲ့လုံခြုံ စွာသွားလာနိုင်
ပါသေးတယ်။

၂၀၀၄ ခုနှစ်မှာစတင်ဖွင့်လှစ်လိုက်တဲ့ဘန်ကောက်မြို့ပတ်ရထား MRT ဟာဆိုရင်
လည်းကမ္ဘာ့အဆင့်မှီလို့သူ့နိုင်ငံသူနိုင်ငံသားတွေသက်သာချောင်ချိလုံခြုံ စွာ
သွားလာနိုင်နေကြပြီးတစ်နေ့ကိုခရီးသည် ၂သိန်းခွဲဝန်းကျင်သယ်ယူပို့ဆောင်
ပေးနေပါတယ်။

အမိမြေရဲ့မဟာရန်ကုန်နဲ့နှိုင်းယှဉ်လိုက်တော့ ကျွန်တော်လူပျိုပေါက်ကတည်းကတိုးဝှေ့တွဲလွဲခို
စီးလာရတဲ့လိုင်းကားတွေဟာ အခုကျွန်တော့်အသက် ၅၅ နှစ်တိုင်အောင်
သိပ်မပြောင်းလဲသေးကြောင်းသိရပါတယ်။
အသက် ၅၀ ကျော်နဲ့အရင်လိုအပေါ်တန်းကိုလက်တစ်ဘက်ထဲကိုင်ခြေထောက်
တစ်ချောင်းကလေမှာဝဲလို့စီးနိုင်ဖို့တော့မလွယ်တော့ဘူးလို့တွေးမိပါရဲ့။
                           ယိုးဒယားနိုင်ငံ၊ ဘန်ကောက်ရဲ့ MRT Station တစ်ခု

၂၀၀၅ ခုနှစ်ဒိန်းမတ်နိုင်ငံရောက်တဲ့အခါမတော့ ဒီမိုကရေစီပြည်သူ့အစိုးရ
ဖြစ်တာနဲ့အညီ ပြည်သူတွေခရီးသွားလာရေး သက်သာချောင်ချိ လုံခြုံ စေဖို့
ဘတ်(စ်)ကားလိုင်း၊ ရထားလိုင်းတွေကို ကောင်းသည်ထက်ကောင်းအောင်
ဆောင်ရွက်ခဲ့ကြ၊ မွမ်းမံဆောင်ရွက်နေကြဆဲဖြစ်တာတွေကိုတွေ့ရပါတော့တယ်။

နှစ်စဉ်လည်းကောင်းသည်ထက်ကောင်းအောင် အချိန်ဇယားတွေ လမ်းကြောင်း
တွေကို လိုအပ်သလိုပြောင်းလဲပေးကြပါတယ်။
ပြည်သူ့အစိုးရတာဝန်က ပြည်သူတွေအဆင်ပြေအောင်ဆောင်ရွက်ပေးဖို့ပဲ
မဟုတ်ပါလားခင်ဗျား။

စာရေးဆရာကြီး ဖေမြင့် အပါအ၀င်၊ သူငယ်ချင်းဆရာဇော်သက်ထွေးတို့
၈ယောက်အဖွဲ့ ၂၀၁၃ မှာ ဒိန်းမတ်ကိုအလည်ဝင်ရောက်စဉ်အခါက
ဆရာကြီးတို့အဖွဲ့ နဲ့မြို့ ခံကျွန်တော်အပါအ၀င်၅ယောက် စုစုပေါင်း
၁၃ ယောက်အုပ်စုကြီး ဘတ်(စ်)ကားစီးလို့ ကိုပင်ဟေဂင်ရဲ့
ရေသူမရုပ်ထုရှိရာသွားကြတော့ ဇော်သက်ထွေးက "ဘတ်(စ်)ကားကြီးကလည်း
ငါတို့အဖွဲ့စင်းလုံးဌားလာသလိုပါပဲလားဟ" လို့ပြောရလောက်အောင်သက်သာ
ချောင်ချိစွာသွားလာနိုင်ခဲ့ကြပါတယ်။
                  ဒိန်းမတ်နိုင်ငံ မြို့တွင်းဆွဲဘတ်(စ်)ကားပေါ်ကစာရေးဆရာအဖွဲ့

သူတို့ဆီကအမြန်လမ်းမကြီးများ

၁၉၉၅ ခုနှစ်ကျွန်တော်ဘန်ကောက်ကနေမလေးရှားနဲ့ကပ်ရက်နယ်စပ်မြို့ ဖြစ်တဲ့
စွန်ဂိုင်းဗလိုးကိုအဝေးပြေးဘတ်(စ်)ကားကြီးနဲ့မိုင်၇၀၀ နီးပါးသွားခဲ့တုန်းကလည်း
လမ်းတွေဟာကောင်းမွန်နေတာကြောင့်သက်တောင့်သက်သာသွားနိုင်ကြတာကို
တွေ့ရပါတော့တယ်။
အဲဒီအချိန်ကျွန်တော်တို့နိုင်ငံမှာနယ်စပ်သွားလမ်းတောင်မဟုတ်သေးဘဲ
ပြည်မတွင်းဖြစ်တဲ့ ပခုက္ကူ ကနေရန်ကုန်သွားတာတောင်ကားဆောင့်တဲ့ဒဏ်ကို
အလူးအလဲခံရင်းတစ်ညအိပ်ခရီးသွားခဲ့ရတာတွေကိုစဉ်းစားမိပါတယ်။

မလေးရှားနယ်စပ်မြို့ဖြစ်တဲ့ ကိုတာဘာလူး ကနေမြို့တော်ကွာလာလမ်ပူ ကိုခရီးသည်
တင်အဝေးပြေးဘတ်(စ်)ကားကြီးနဲ့ ညခရီးမိုင်၄၀၀နှင်တော့လည်း ခရီးသည်အားလုံး
သက်တောင့်သက်သာ အိပ်လို့လိုက်ပါနိုင်ခဲ့ကြပါတယ်။


မလေးရှားရောက်ပြီး ၂၀၀၀ပြည့်နှစ်ဝန်းကျင်တွေမှာတော့ကိုယ်တိုင်ကားမောင်းလို့
မလေးရှားနိုင်ငံအနောက်ဘက်ပိုင်းပင်လယ်ဆိပ်ကမ်းမြို့ ပီနန် မြို့နဲ့
KL အောက်ဘက်ကစင်္ကာပူနယ်စပ် ဂျဟိုးဘာရူးမြို့တွေကိုသွားတဲ့အခါမှာ
အမြန်လမ်းမတွေဟာအဆင့်အတန်းမှီစိတ်ချလုံခြုံ စွာမောင်းနှင်နိုင်တာကို
တွေ့ရပါတော့တယ်။

ပီနန်မြို့အ၀င်မှာ ၁၉၈၅ ခုနှစ်ကထဲကဖွင့်လှစ်ခဲ့ပြီး ၈မိုင်ခွဲနီးပါးရှည်တဲ့ ပင်လယ်ကူး
တံတားကြီးကိုဘ၀မှာပထမဆုံးအကြိမ်စတင်မြင်တွေ့ဖြတ်ကျော်ခဲ့ရဘူးပါတော့တယ်။

၂၀၀၁ ခုနှစ်ဝန်းကျင်တုန်းကလည်း ဖွါးဖွါးလူထုဒေါ်အမာရဲ့ သမီးဖြစ်တဲ့
စာရေးဆရာမ ဒေါက်တာမြမဉ္ဖူ (ဒေါက်တာသန်းရင်မာ)၊ ဒေါက်တာသီဝတင် တို့
အထူးကုဆရာဝန်ကြီးတွေဆေးပညာညီလာခံ လာတက်ကြတုန်းက စာရေးသူ
ကားမောင်းလို့ကွာလာလမ်ပူမြို့ကနေ မိုင်၉၀ ဝေးတဲ့ သမိုင်းထဲက မလက္ကာမြို့ကို
လိုက်ပါပို့ဆောင်ပေးခဲ့ဘူးပါတယ်။
အမြန်လမ်းမတွေကနေ ၂နာရီဘဲမောင်းခဲ့ရတာပါ။

အဲဒီခရီးရဲ့တစ်ဝက်ဘဲရှိပြီး
ကျွန်တော်တို့ ပခုက္ကူ ကနေ မိုင် ၅၀ တောင်မဝေးတဲ့ ပေါက်မြို့ကို ၃၊ ၄ နာရီ
ချိုင့်ခွက်တွေပေါ်မှာမောင်းခဲ့ရတာတွေလွမ်းမိသလိုပါဘဲ။
ကမ်းမဖြူ ချောင်းများကျလို့ကတော့ ညအိပ်ရတဲ့အခါတွေလည်းရှိပါတယ်။
                                   မလေးရှားနိုင်ငံကအမြန်လမ်းမ

ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း၊
၁၉၅၅ ကနေ ၁၉၇၅ ထိ နှစ် ၂၀ နီးပါး စစ်တလင်းဖြစ်ခဲ့တဲ့ အိမ်နီးချင်း
ဗီယက်နမ်နိုင်ငံမှာ၂၀၁၅ အတွင်းဖွင့်လှစ်တော့မယ့် Phap Van–Cau Gie Highway
လမ်းမပုံပါရှာဖွေတင်ပြလိုက်ပါတယ်။

မိုင်အရှည်ကြီးမဖေါက်နိုင်သေးသော်ငြားခရီးသွားပြည်သူလူထုတွေ
အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့နိုင်သလောက်ကိုဘဲအဆင့်မှီမှီဖေါက်လုပ်
ထားတာကိုသတိပြုဖွယ်တွေ့ကြရမှာပါပဲ။
                                          ဗီယက်နမ်နိုင်ငံကအမြန်လမ်းမ

ပြီးခဲ့တဲ့အပါတ်(ဂျွန်လ.၂၀၁၅) တုန်းကတော့ကျွန်တော်တို့မိသားစုကိုယ်တိုင်
ကားမောင်းလို့ ဒိန်းမတ်နိုင်ငံကနေ ဘယ်ဂျီယမ်၊ ပြင်သစ်၊ ဟော်လန်၊ ဂျာမဏီ
နိုင်ငံတွေကိုခရီးထွက်ဖြစ်ခဲ့ကြပါတယ်။

မောင်းခဲ့တဲ့စုစုပေါင်းမိုင် ၂ထောင်ကျော်ခရီးမှာအလွန်အဆင့်မှီတဲ့အဝေးပြေး
အမြန်လမ်းတွေမှာချည်းဘဲမောင်းနှင်ခဲ့ရပါတယ်။
အမြန်လမ်းမအားလုံးလိုလိုဟာအလွန်မောင်းကောင်းတဲ့အဆင့်မှီကတ္တရာလမ်းမကြီး
တွေဖြစ်ပြီးလိုအပ်တဲ့နေရာတွေတိုင်းမှာသတိပေးဆိုင်းဘုတ်တွေနဲ့မောင်းနှင်သူတွေ
ကိုအန္တရာယ်ကင်းလုံခြုံ ဖို့ဆောင်ရွက်ထားကြတာတွေ့ရပါတယ်။

နေရာတစ်ချို့တစ်လေမှာသိပ်အရှည်ကြီးမဟုတ်တဲ့ကွန်ကရစ်လမ်းနည်းနည်း
တွေ့ရပါတယ်။ လိုအပ်လို့ဖေါက်ထားတာဖြစ်ပုံရပြီးမောင်းရတာလည်းကောင်းတဲ့
အဆင့်မှီမှီဖေါက်လုပ်ထားတဲ့ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပါတယ်။
မောင်းခဲ့တဲ့မိုင်၂ထောင်နဲ့စုစုပေါင်းကားမောင်းချိန်နာရီ ၄၀ ၀န်းကျင်မှာနိုင်ငံပေါင်းစုံ
ကမြောက်များစွာသောကားကြီး၊ ကားလတ်၊ ကားငယ်တွေနဲ့အတူအမြန်လမ်းမကြီး
တွေပေါ်မှာစီးမျောခဲ့ပေမယ့် ယာဉ်တိုက်မှု၊ မတော်တဆမှု တစ်ခုတစ်လေမှမတွေ့ခဲ့
ကြရပါဘူး။

အမြန်လမ်းမတွေပေါ်မှာအရှိန်မထိန်းနိုင်ဘဲအန္တရာယ်ဖြစ်မှာတွေကိုကာကွယ်တဲ့
အနေနဲ့အမြန်နှုန်းတွေကိုထိန်းချုပ်ထားပါတယ်။
ဒိန်းမတ်အမြန်လမ်းတွေမှာတစ်နာရီ ၇၀ မိုင်နှုန်းသတ်မှတ်ထားပြီး
ဂျာမဏီအမြန်လမ်းတွေမှာတော့ တစ်နာရီ ၈၀ မိုင်နှုန်းမောင်းခွင့်ပြု ထားပါတယ်။
                                    ဆောင်းရာသီမှာတွေ့ရတဲ့ဒိန်းမတ်ကအမြန်လမ်းမ

လမ်းရဲ့အနုပညာ

လမ်းတွေရဲ့အနုပညာလို့တောင်တင်စားပြီးခေါ်လို့ရမယ့်လမ်းတွေကိုအတတ်နိုင်ဆုံး
အန္တရာယ်ကင်းအောင်ဖေါက်လုပ်ထားပုံလေးပြောပြချင်ပါတယ်။
အမြန်လမ်းမမှာအကွေ့အကောက်လည်းမရှိဘဲလမ်းဖြောင့်ဖြောင့်ကြီးဘဲကြာကြာ
မောင်းနေရတဲ့လမ်းကြောမျိုးမှာယာဉ်မောင်းသူအိပ်မငိုက်အောင်ရယ်၊
လန်းဆန်းသွားအောင်လုပ်ပေးတဲ့အနေနဲ့ ကားတာယာကိုတုန်စေပြီး၊ အသံမြည်စေတဲ့
လမ်းပြတ်လေးတွေထည့်သွင်းဖေါက်လုပ်ထားတာပါတွေ့ရပါတယ်။

ဟိုဘက်ဒီဘက်၂လမ်းသွားလမ်းမျိုးမှာလည်းဘေးကိုဆင်းသွားရင်တာယာကို
လှုပ်ခါအသံမြည်စေတဲ့လိုင်းတွေနဲ့ဖေါက်လုပ်ထားကြတာပါတွေ့ရမှာပါ။
လမ်းတွေပေါ်မှာရေးဆွဲထားတဲ့လိုင်းတွေကလည်းယာဉ်မောင်းသူကိုအန္တရာယ်
ကင်းစွာမောင်းနိုင်အောင်ပြောပြသွားပါတယ်။

လမ်းတွေပေါ်မှာရေးဆွဲထားတဲ့မတူညီကွဲပြားတဲ့လိုင်းအမှတ်အသားတွေရဲ့အဓိပ္ပါယ်
ကိုလည်းယာဉ်မောင်းသူတွေကနားလည်ထားမှသာယာဉ်မောင်းလိုင်စင်ရနိုင်မှာ
ဘဲဖြစ်ပါတယ်။ ဥပမာပြောရရင်
၂လမ်းသွားလမ်းမတွေမှာဆိုရင်လည်းရှေ့ကယာဉ်ကိုကျော်တက်ဖို့မြင်ကွင်းရှင်းမရှင်း
တွေကိုလိုင်းကြောင်းတွေရဲ့သင်္ကေတတွေနဲ့ထိန်းကျောင်းသွားတာတွေတွေ့ရတာကြောင့်
နိုင်ငံသားတွေရဲ့အသက်၊ လူတစ်ဦးချင်းဆီရဲ့အသက်တွေကိုအင်မတန်မှတန်ဘိုးထားကြ
တာတွေကိုသတိပြု မိပြီး ဗုဒ္ဓဘာသာဝင်ပီပီသာဓုခေါ်မိပါတယ်။
       
ပြည်သူ့ဘဏ္ဍာပြည်သူ့ဆီသို့သာ

သူတို့ဆီကလမ်းတွေဖေါက်တံတားတွေဆောက်တဲ့အခါမှာပြည်သူလူထုလုံခြုံ စိတ်ချစွာ
သွားလာနိုင်ရေးအတွက်အထူးအဓိကထားပြီးအခိုင်အခန့်ဆောက်လုပ်ထားကြတာ
တွေကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကထဲကဆောက်လုပ်ခဲ့တဲ့တံတားတွေ
ဟာဆိုရင်လည်းယခုတိုင်စိတ်ချလက်ချအသုံးချခံနေကြဆဲပါ။

ကျွန်တော် ၅နှစ်သားဝန်းကျင်ကဆောက်လုပ်ခဲ့တဲ့ပခုက္ကူ ကရွှေချောင်းတံတားကြီး
ဟာ ကျွန်တော်အသက် ၅၀ ၀န်းကျင်မှာဘဲချောင်းရေစီးကြောင့်ပျက်စီးသွားရကြောင်း
စိတ်မကောင်းစွာကြားသိရပါတယ်။
ဖြစ်လာနိုင်တဲ့သဘာဝဘေးတွေပါထည့်သွင်းစဉ်းစားပြီးမှတံတားတွေ၊ လမ်းတွေကို
ြ့ကံခိုင်အောင်ဖေါက်လုပ်ကြဖို့အထူးသတိပြုစရာဘဲဖြစ်ပါတော့တယ်။
                               ဒိန်းမတ်နဲ့ဆွီဒင်ဆက်သွယ်ထားတဲ့ Oresund Bridge

သင်တန်းတစ်ခုမှာဆရာကဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်နဲ့ဆွီဒင်နိုင်ငံမယ်(လ်)မိုမြို့
ကိုဆက်သွယ်ထားပြီး ပင်လယ်ထဲကနေဖြတ်တဲ့အပိုင်းအပါအ၀င်
အိုယာဆန်တံတား(Øresund Bridge) ကြီးအကြောင်းပြောပြဘူးပါတယ်။

တံတားကြီးဆောက်လုပ်စားရိတ် အမေရိကန်ဒေါ်လာ 5.7 ဘီလီယမ်ကုန်ကျ
ခဲ့ကြောင်းသိရပါတယ်။
ဒီဘက်နိုင်ငံတွေမှာနိုင်ငံအတွက်လမ်းတွေ၊ တံတားတွေ၊ တစ်ခြားအဆောက်အဦး
တွေကိုပြည်သူ့ဘဏ္ဍာအသုံးပြု ပြီးဆောက်တဲ့အခါမှာပုဂ္ဂလိကချမ်းသာသွားတဲ့သူ
တစ်ဦးတစ်ယောက်မှမရှိတာတွေဟာအလွန်အတုယူဖို့ကောင်းပါတယ်။
..........................................................
ကိုကာကိုလာ၊ အမ်စတာဒမ်ဆေးခြောက်နဲ့ ဒီမိုကရေစီကြောက်ကြသူများသို့
ကျွန်တော်အထက်မှာလက်လှမ်းမှီသမျှတင်ပြခဲ့တဲ့ပြည်သူ့ပို့ဆောင်ရေးတွေ
ကောင်းနေပြီဖြစ်တဲ့နိုင်ငံတွေအားလုံးဟာဒီမိုကရေစီစနစ်ဆိုတဲ့
ပြည်သူလူထုကတခဲနက်တင်မြှောက်ထားတဲ့ "ပြည်သူ့အစိုးရ" တွေ
အုပ်ချုပ်နေတဲ့နိုင်ငံတွေဆိုတာကိုတော့ ညင်းစရာလိုမယ်မထင်ပါဘူး။
ကျန်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေလည်း အတိုင်းအတာတစ်ခုအထိ
အောင်မြင်စွာဆောင်ရွက်ပေးနေကြပါတယ်။
တချို့တွေက ဒီမိုကရေစီရရင် မြန်မာ့ယဉ်ကျေးမှုတွေဘဲ ပျောက်ကွယ်တော့
မလိုလို၊ တိုင်းတပါးရဲ့သြဇာခံဘဲဖြစ်တော့မလိုလို၊ စိုးရိမ်နေကြတာတွေကိုတွေ့
နေရပါတယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရဟာ ပြည်သူတင်မြှောက်တဲ့ ပြည်သူ့အတွက်၊ နိုင်ငံအတွက်
တကယ်အလုပ်လုပ်ပေးမယ့် "ပြည်သူလူထုကိုယ်စားပြု အစိုးရ" ကိုဖွဲ့စည်းနိုင်ခြင်း
ဆိုတာဘဲဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းသဘောပေါက်ကြဖို့လိုပါတယ်။
ကျွန်တော်တို့နိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်လို့ အမေရိကန်လိုမြန်မာ့.ယဉ်ကျေးမှုနဲ့
မကိုက်ညီတဲ့ယဉ်ကျေးမှုလွှမ်းမိုးတဲ့နိုင်ငံလိုဖြစ်သွားမှာမဟုတ်သလို
ဆေးခြောက်အနံ့လှိုင်နေတဲ့ ဟော်လန်ရဲ့ အမ်စတာဒမ်မြို့တော်လို
လည်းဖြစ်သွားမှာမဟုတ်ပါဘူး။
ဒီမိုကရေစီအစိုးရအုပ်ချုပ်တဲ့အခါမှာ တစ်ပြေးညီတဲ့ ကျောသားရင်သား
မခွဲခြားတဲ့ ဥပဒေတွေ အသက်ဝင်လာမှာမို့ ပိုပြီးစည်းကမ်းကောင်းတဲ့နိုင်ငံ၊
ပိုပြီးမြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းတဲ့နိုင်ငံဖြစ်လာမှာပါဘဲ။
ပြည်သူလူထုကြီးရဲ့ဆန္ဒတွေအတိုင်း ဥပဒေတွေပြဌာန်း အုပ်ချုပ်သွားမှာမို့ပါ။
ပြည်သူလူထုက မကြိုက်တော့ရင် အချိန်မရွေး ဖြုတ်ချနိုင်တဲ့ အာဏာက
ပြည်သူလူထုလက်ထဲမှာဘဲဖြစ်ရပါ့မယ်။
အခုအခါမှာကျွန်တော်တို့နိုင်ငံကို ကြည့်လိုက်ရင် စနစ်ဆိုးနဲ့
အထွေထွေအရေးတွေကြောင့် လူတွေငွေနောက်ဘဲ လိုက်နေကြရတဲ့နိုင်ငံ
ဖြစ်မှန်းမသိဖြစ်နေတာတွေ့ရပါတယ်။
ငွေနောက်လိုက်ရင်းနဲ့ မျက်နှာချိုသွေးနေကြရတဲ့လူတွေနေတဲ့နိုင်ငံပါ ဖြစ်မှန်း
မသိဖြစ်နေပါပြီ။
ဒီဘက်ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူ့ကိုမှဘယ်သူက မျက်နှာချိုသွေးနေစရာ
မလိုတာတွေ့ရပါတယ်။
ကျွန်တော်မြန်မာနိုင်ငံက ဂျာနယ်တွေထဲမှာရေးဘူးခဲ့သလို သားသမီးတွေအတွက်
လည်းခေါင်းမစားရ၊ အိုစာမင်းစာလည်းစုဆောင်းစရာမလိုတော့ ငွေနောက်ကို
လိုက်မနေကြတော့ပါဘူး။
ကျွန်တော်တို့ငယ်ငယ်က မြန်မာပြည်လာတဲ့ တိုးရစ်(စ်)တွေတွေ့ရင် သူဌေးတွေ
လို့ဘဲထင်ခဲ့ဘူးပါတယ်။ တကယ်တော့သူတို့တွေဟာ သူဌေးတွေမဟုတ်ကြပါဘူး။
သူတို့နိုင်ငံတွေက သာမန်လက်လုပ်လက်စားတွေဘဲ ဖြစ်ပါတယ်။
သူတို့နိုင်ငံ ပြည်သူ့အစိုးရ တွေက ပြည်သူတွေအတွက်ရေးဆွဲထားတဲ့
"ဖွဲ့စည်းပုံအခြေခံဥပဒေ" တွေနဲ့အညီဆောင်ရွက်ပေးနေကြတော့
လုံလောက်တဲ့လစာတွေရရှိကြပြီး သာမန်အလုပ်သမား၊ လယ်သမားတွေပါ
အားရက်မှာ ကမ္ဘာပတ်နိုင်ကြတာပဲဖြစ်ပါတယ်။
ဒီဒိန်းမတ်ကသူတွေ မြန်မာပြည်ကသူတွေလိုငွေမချမ်းသာ၊ မစုဆောင်းကြပါဘူး။
အလုပ်လုပ်မယ်၊ အားရက်ခရီးတွေထွက်မယ်၊ ပိုက်ဆံကုန်တော့အလုပ်
ပြန်လုပ်မယ်၊ ဒါပါဘဲ။ လက်ထဲတွေမှာငွေပိုဆိုလို့ ရေခဲသေတ္တာပျက်ရင်၊
အပူစက်ပျက်ရင် ပြင်ရအောင်ငွေလေးဘဲ ချန်ထားကြကြောင်းသူတို့က
ပြောပြဘူးပါတယ်။
ကျွန်တော်တို့မိသားစုကိုပဲကြည့်ပါ။ အလုပ်လုပ်ကြမယ်။ ဒီနိုင်ငံထုံးစံ
၁၂နှစ်ကထဲကအလုပ်လုပ်ကြတာကြောင့် သမီးလည်း ၁၃ နှစ်ကထဲက
ကျောင်းတစ်ဘက်နဲ့အချိန်ပိုင်းအလုပ်ဝင်ပါတယ်။
အခုပြီးခဲ့တဲ့ နွေအားရက်မှာ မိသားစု ပြည်ပခရီးထွက်ခဲ့ကြတယ်။
ကျွန်တော်တို့မှာ ငွေလည်း သိန်းရာချီလို့မရှိပါဘူး။ ခရီးကပြန်လာ နားရက်
ကုန်တော့အလုပ်ပြန်လုပ်ပြန်ပေါ့။
ကျွန်တော်တို့လိုမြန်မာပြည်ကလာတဲ့မိသားစုတွေကတော့ ဒါနမျိုးစေ့လေးတွေလည်း
ကိုယ့်နိုင်ငံအတွက်တတ်နိုင်သမျှချရ၊ မိဘကိုကန်တော့၊ ဆွေမျိုးသားချင်းတွေကို
ကြည့်ရှုရတာရှိသေးတော့ သူတို့လိုတော့ ခရီးတွေခဏခဏ
မထွက်နိုင်ကြတာတစ်ခုပါဘဲ။
           ဒိန်းမတ်နိုင်ငံ ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေပုံနှင့်ဝင်ရောက်လေ့လာနေသောသူများ

..................................................................................
ဒီဆောင်းပါးရဲ့ နိဂုံးပိုင်းကို ရေးသားနေရင်းနဲ့ဘဲ စာရေးသူဟာ 
ကိုယ့်နိုင်ငံသားတွေကို သူတို့ဆီကကောင်းတဲ့
ပြည်သူ့ဝန်ဆောင်မှုတွေကို ခုမဟုတ်တောင် သားစဉ်မြေးဆက်တွေခေတ်မှာ ခံစား
စေချင်တဲ့ ပြည်ပနေသာမန်နိုင်ငံသားတစ်ဦးသာဖြစ်ကြောင်း ရိုးသားစွာနဲ့ စာဖတ်သူ
များကိုအသိပေးလိုပါတယ်။
နိုင်ငံရပ်ခြားအသီးသီးက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ကောင်းတဲ့စေတသိက်
နဲ့ရေးသားနေကြတဲ့ ပြည်တွင်းပြည်ပက ဘုန်းဘုန်းတွေ၊ စာရေးသူတွေကို
အမေကျော်ဒွေးတော်လွမ်း တယ်လို့ပြောတဲ့သူတွေဟာ "ဘယ်သူသေသေ ငတေမာ
ပြီးရော" ဆိုတဲ့သူတွေသာဖြစ်ပါတယ်။
စွပ်ကျယ်စုတ်ပိုင်ရှင်ဗိုလ်ချုပ်နဲ့ ချိတ်လွှတ်တော်
ပြည်သူ့လွှတ်တော်မှာလည်း ပြည်သူ့အကျိုးစီးပွါးကို ကာကွယ်ဖို့၊
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အဂတိကင်းစွာစွမ်းစွမ်းတမံဆောင်ရွက်ပေးမယ့်
ပြည်သူကတင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်အစစ်များသာရှိရမှာပဲဖြစ်ပါတယ်။
အခုရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်များဟာလည်း အရင်က
ဗိုလ်ချုပ်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေ စသဖြင့် ဖြစ်ခဲ့ကြရင်လည်း
အဲဒီရာထူးဂုဏ်တွေ၊ ဟိတ်တွေဟန်တွေကို ခ၀ါချခဲ့ပြီး ပြည်သူ့လက်အောက်ခံ
အဖြစ် နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံအလုပ်အကျွေးပြု ဖို့ပဲ ဖြစ်တယ်
လို့ခံယူထားကြတဲ့သူတွေဖြစ်ဖို့လိုပါတယ်။
ကိုယ်ကျိုးအတွက်နေရာနဲ့လုပ်ပိုင်ခွင့်တွေလောက်ပဲမက်မောတဲ့သူတွေကတော့
ဝေးဝေးကရှောင်ဖို့လိုပါလိမ့်မယ်။
အခုပွဲက နိုင်ငံကိုပြာပုံထက်ဆိုးတဲ့ အပျက်ပုံထဲကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားပေး
ကြရမယ့် ရိုင်းရိုင်းပြောရရင် ပြည်သူ့ကျွန်၊ တိုင်းပြည်ကျွန် ခံမယ့် သူတွေရဲ့ပွဲဖြစ်တယ်
လို့ မှတ်ယူနိုင်ကြဖို့လိုပါတယ်။
မြေဖြူ ကိုင်တဲ့လက်တွေကို အနိုင်ကျင့်ခံနေရတဲ့ဘ၀ကနေ လွတ်မြောက်အောင်
ကြိုးစားပေးကြရပါတော့မယ်။
တိုင်းပြည်နဲ့ပြည်သူ့အတွက်ဖိဖိစီးစီး အလုပ်လုပ်ကြရပါတော့မယ့်အချိန်ပါ။
တိုင်းပြည်ကို လျှပ်စစ်မီးတောင်မှန်အောင်လုပ်မပေးနိုင်သေး၊
လယ်သမားတွေကနွားနဲ့ဖက်ရုန်းနေရတုန်း၊
အလုပ်သမားတွေဆန်အိတ်ကိုကျောနဲ့ထမ်းချနေရတုန်း၊
ကလေးအားလုံးလည်း ကျောင်းကိုကောင်းကောင်းမတက်နိုင်သေး၊
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေလည်း
ဘာမှဟုတ်တိပတ်တိ လုပ်မပေးနိုင်သေးကြဘဲ
လွှတ်တော်မှာ ချိတ်လုံချည်တွေနဲ့ခေါင်းပေါင်းစကြီးတွေထောင်နေကြတာကို
ဗိုလ်ချုပ်များတွေ့ခဲ့ရင် ရီလို့ဗိုက်ကွဲပါလိမ့်မယ်။
ဖက်ဆစ်တော်လှန်ရေးကာလက ဗိုလ်ချုပ် မြိုင်နယ်ဘက်ရောက်တုန်းက နယ်ခံတွေ
ကထမင်းကျွေးကြတဲ့အခါ ရဲဘော်တွေကိုဖက်နဲ့ကျွေးပြီး သူ့ကို ပန်းကန်နဲ့ကျွေးတော့
သူလည်းရဲဘော်တွေလို ဖက်နဲ့ဘဲစားမယ်လို့ပြောခဲ့ဘူးတာဖတ်ခဲ့ရဘူးပါတယ်။
ဘိလပ်သွားတာတောင် အိန္ဒိယမှာ ခဏ၀င်တုန်း နေရူးကကုတ်အင်္ကျီကြီးချုပ်ပေး
လိုက်ရတဲ့ဗိုလ်ချုပ်ပါ။
၁၉၇၀ ခုနှစ်ဝန်းကျင်မှာ တာဝါလိန်းလမ်းက ဗိုလ်ချုပ်ပြတိုက် သွားကြည့်တော့
ဗိုလ်ချုပ်မကျဆုံးခင် ၀တ်ဆင်သွားတဲ့ အပေါက်တွေ ဗလပွနဲ့ စွပ်ကျယ်လေးပြထား
တာကို အခုအချိန်ထိမျက်လုံးထဲက မထွက်သေးပါဘူး။
ဗိုလ်ချုပ်ကိုတမ်းတနေတာထက် ဗိုလ်ချုပ်လိုသွေးမျိုး၊ စိတ်ဓါတ်မျိုးတွေ အတုယူပြီး
အလုပ်လုပ်ကြရမယ့်အချိန်ဆိုတာကို ပြည်သူတင်မြှောက်လိုက်တဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေကစံပြအနေနဲ့ပြည်သူ့အတွက်အလုပ်လုပ်ပြကြရပါတော့မယ်။
ဒိန်းမတ်ကလွှတ်တော်
နိုင်ငံတကာမှာလွှတ်တော်ကြီးတွေမကြာခဏဆောက်တာတွေ၊ နိုင်ငံတော်အလံကို
အပြောင်းအလဲလုပ်ကြတာကိုလည်းသိပ်မတွေ့ရပါဘူး။
မလေးရှားနိုင်ငံအလံဆိုလည်း ၁၉၅၀ ခုနှစ်ကထဲကအလံတော်ကို ၁၉၆၃ ခုနှစ်မှာ
လိုင်းလေးတွေထပ်တိုးတာကလွဲလို့ ပြောင်းလဲမှုမရှိပါဘူး။
ဒိန်းမတ်မှာဆို ကျွန်တော်တို့နိုင်ငံ ပုဂံခေတ်လောက်ကထဲက သူတို့သုံးစွဲလာတဲ့
အလံတော်ကို အခြေပြု လို့ အခုအချိန်အထိအမြတ်တနိုး အသုံးပြု နေကြတာတွေ့
ရပါတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း သူတို့မိဘဘိုးဘွားအစဉ်အဆက် အသုံးပြု
ခဲ့ကြတဲ့ အလံတော်တွေကိုပဲသုံးစွဲနေကြတာကို များသောအားဖြင့်တွေ့ကြရမှာပါ။
ကျွန်တော်တို့နိုင်ငံမှာတော့ လွတ်လပ်ရေးရပြီး ကျွန်တော်တို့မိဘတွေ အလေးပြု ခဲ့တဲ့
အလံကနေ ကျွန်တော်တို့ခေတ်ကြတော့တစ်မျိုး၊ ကျွန်တော်တို့သားသမီးခေတ်မှာ
တစ်မျိုးနဲ့ ကိုယ့်နိုင်ငံတော်အလံ ကိုယ်အလေးပြုရတာတောင်
ကသိကအောက်ဖြစ်ရပါတယ်။
ဒိန်းမတ်နိုင်ငံမှာအခုလက်ရှိသုံးစွဲနေတဲ့ လွှတ်တော်ဆိုရင်လည်း ၁၀ရာစုခေတ်လောက်
ကထဲကနန်းတော်နေရာဟောင်းမှာ ၃ခါလောက်ပြန်လည်တည်ဆောက်ပြု ပြင်ရေး
တွေလုပ်ပြီး ဆက်လက်သုံးစွဲနေကြတာတွေ့ရပါတယ်။
၁၈၄၉ ကထဲက ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြဌာန်းခဲ့ကြပြီး
ဒီနေရာမှာဘဲ ပြည်သူ့လွှတ်တော်တွေကျင်းပခဲ့ကြပါတယ်။
၁၉၂၈ မှာနောက်ဆုံးအကြိမ် မွမ်းမံတည်ဆောက်ခဲ့ပြီး ယနေ့တိုင်အဲဒီအဟောင်း
ပါလီမန်မှာဘဲ လွှတ်တော်တွေခေါ်ယူလို့ အာဏာ ၃ရပ်ကို ပြဌာန်းနေပါတယ်။
ဝန်ကြီးချုပ်ကိုယ်တိုင်လည်း အဲဒီအဟောင်းပါလီမန်ကြီးမှာဘဲ ရုံးထိုင်နေပါတယ်။
ထူးခြားတာတစ်ခုကတော့ သူတို့ပြည်သူ့လွှတ်တော်ရဲ့ ပွင့်လင်းမြင်သာတဲ့
ဆုံးဖြတ်ချက်တွေချနေတဲ့ လွှတ်တော်ကို အများပြည်သူတွေ
ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြပါတယ်။
မလေးရှားနိုင်ငံမှာသူ့နိုင်ငံသားတွေ တိုက်နဲ့ကားနဲ့ လူတန်းစေ့နေနိုင်ကြတဲ့အချိန်
၁၉၉၅ မှ ပူထရာဂျာယာ ဆိုတဲ့အစိုးရမြို့တော်သစ်ကြီးကို တည်ထောင်ခဲ့ကြတာ
ကိုသတိပြု ကြရပါမယ်။
အချိန်မတန်သေးဘဲ
လွှတ်တော်တွေ၊ အစိုးရမြို့တော်ကြီးတွေ၊ ပွဲလမ်းသဘင်ကြီးတွေ ငွေအမြောက်အမြား
အကုန်အကျခံ ပြုလုပ်နေမယ့်အစား နိုင်ငံအနှံမူလတန်းကျောင်းလေးတွေ၊
စာကြည့်တိုက်တွေ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတည်ဆောက်မှုတွေ
လုပ်ခဲ့ကြရင် သိပ်ကောင်းမှာဘဲလို့တွေးမိပါတယ်။
လာမယ့် နိုဝင်ဘာ၊ ၂၀၁၅ ဆိုရင် အထွေထွေရွေးကောက်ပွဲကြီး 
လည်းကျွန်တော်တို့ နိုင်ငံမှာကျင်းပတော့မယ်ကြားသိရပါတယ်။
သန့်ရှင်းတရားမျှတတဲ့ရွေးကောက်ပွဲကြီးဖြစ်ဖို့ တာဝန်ရှိကြသလို၊
ရွေးကောက်ပွဲရဲ့ရလာဒ်များကိုလည်း တိတိကျကျ အကောင်အထည်ဖေါ်နိုင်ကြဖို့
ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးမှာ အနည်းနဲ့အများတာဝန်ရှိနေကြပါပြီ။
ကျွန်တော်ချစ်တဲ့ကျွန်တော်တို့နိုင်ငံကပြည်သူလူထုတွေ ကျွန်တော်ရေးဘူးခဲ့တဲ့ဆောင်းပါး
တွေထဲက သူတို့နိုင်ငံပြည်သူတွေလို စစ်မှန်တဲ့ဒီမိုကရေစီ အသီးအပွင့်တွေ စံစား၊ ခံစား
နိုင်ကြရအောင် သားစဉ်မြေးဆက် ရေရှည်နိုင်ငံကောင်းဖို့အတွက် ရည်သန်ပြီး
မှန်ကန်တဲ့ဆန္ဒမဲကိုမဖြစ်မနေပေးကြပါတိုက်တွန်းရင်းနဲ့အတူ
ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာနိုင်အောင် အုတ်မြစ်ချနိုင်ကြပါစေ
လို့ ဆန္ဒပြု ပြီး နိဂုံးချုပ်လိုက်ရကြောင်းပါခင်ဗျား။
ကိုးကား။ ။ wikipedia pages.

(၂၀၁၅. သြဂုတ်လ။ ဒီမိုကရေစီတူဒေးသတင်းစာ)

No comments:

Post a Comment

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး