Sunday, 24 December 2017

"ကလေး၊ လူငယ်၊ လူကြီးတို့အတွက်မြန်မာ့စွယ်စုံကျမ်း.."

"သားရေ ဖေဖေတို့ စွယ်စုံကျမ်းတွေဝင်မယူခင် ဆီချက်ခေါက်ဆွဲ အရင်
စားကြရအောင် ဟေ့"
စာပေဗိမာန် စာအုပ်အရောင်းဆိုင်ထဲမ၀င်ခင်ဖေဖေက ကျွန်တော်
ကြားချင်နေတဲ့စကားကိုပြောလိုက်တာပါ။
၁၉၇၂ ၀န်းကျင်ရဲ့ တစ်ရက်သောနေ့လည်ခင်းတစ်ခုမှာ
ကျွန်တော်တို့နေထိုင်ရာ ဘောက်ထော်၊ သုခိတာလမ်းကနေ
သားအဖ၂ယောက် ဖေဖေမှာထားတဲ့မြန်မာ့စွယ်စုံကျမ်း အချို့
ယူဖို့ ရန်ကုန်မြို့ထဲကိုထွက်လာခဲ့ကြတာဖြစ်ပါတယ်။
ကျွန်တော်က ရန်ကင်း၊ အလက(၄)မှာ တက်နေတဲ့ စတုတ္ထတန်းကျောင်းသား
ဖြစ်ပြီး၊ ညီမလေးဖြစ်သူ တင်တင်ခိုင်က သူငယ်တန်းကျောင်းသူကြီးပေါ့ခင်ဗျာ။
ဖေဖေ ဦးလှမြင့်ကတော့ ရန်ကုန်၊ ကမာရွတ်၊ သုခလမ်းကစီးကရက်စက်ရုံ မှာ
အလုပ်ဝင်နေပြီး ညပိုင်းမှာတော့ ရန်ကင်း၊ အထက(၁) မှာဖွင့်လှစ်ထားတဲ့
လူ့ငယ့်ရေးရာညကျောင်းမှာကျောင်းအုပ်တာဝန်ယူကာ သူငယ်ချင်းဖြစ်တဲ့
ကဗျာဆရာကြီး ဦးတင်မိုးနဲ့အတူ စာသင်ပြနေတဲ့အချိန်ဖြစ်ပါတယ်။
မေမေ ဒေါ်ခင်စန်းမြိုင် အလက(၃)မြောက်ဥက္ကလာ မှာ အထက်တန်းပြ
ဆရာမ တာဝန်ထမ်းဆောင်နေစဉ်တုန်းကပေါ့ခင်ဗျား။
လွန်ခဲ့တဲ့ ၄၅ နှစ်ဝန်းကျင်က အာရုံမှာဝိုးတ၀ါးထင်ကျန်နေဆဲ ပုံရိပ်လေးတွေ
ကို ပြန်ဖမ်းရရင်တော့ ဟံသာဝတီအ၀ိုင်းနားက အဆောက်အဦးမှာ တင်ထားတဲ့
စာပေဗိမာန် ဆိုတဲ့ ဆိုင်းဘုတ်ကို မှတ်မှတ်ရရ ရှိနေပါသေးတယ်။
အဲဒီထဲကိုလည်းမရောက်ဘူးပေမယ့် ပြည်လမ်းပေါ်ကဖြတ်သွားတိုင်း ဖတ်နေကျ
ဆိုင်းဘုတ်မို့မှတ်မိနေတာပါ။ ပုံနှိပ်ဌာန ဖြစ်ပုံရပါတယ်။
ကျွန်တော့်ကို ဖေဖေခေါ်သွားတဲ့ စာပေဗိမာန်အရောင်းဆိုင်ကတော့
၁၉၇၀ ၀န်းကျင်အချိန်တွေမှာ အိန္ဒိယဇာတ်ကားတွေတင်တတ်တဲ့ "သီဟ"
ရုပ်ရှင်ရုံနားကနေလမ်းဆက်လျှောက်သွားကြပုံရပါတယ်။
ကုန်သည်လမ်း ပေါ်ကနေ နည်းနည်းဝင်လိုက်ရင်ရောက်ပြီလို့ထင်ပါတယ်။
အသက် ၄၀ကျော်ကာစ ဖေဖေနဲ့ ကျွန်တော် ၁၁ နှစ်သားတုန်းက ပုံရိပ်လေး
တွေဖြစ်ပြီးဖေဖေမရှိတော့ပေမယ့် ကျွန်တော့်အာရုံမှာတော့ထင်ကျန်နေဆဲ
ပါ။
အဲဒီစာပေဗိမာန်ရှေ့နားက တွန်းလှည်းနဲ့ တရုတ်ကြီးရောင်းတဲ့ ဆီချက်ခေါက်ဆွဲကို
ဖေဖေက အဲဒီနားရောက်တိုင်းဝယ်ကြွေးနေကျဖြစ်လို့ ဒီဆောင်းပါးအဖွင့်
မှာရေးထားတဲ့အတိုင်း ဖေဖေက ဆီချက်စားမယ် ပြောလိုက်တော့ ကျွန်တော်ဝမ်းသာသွား
တာပဲဖြစ်ပါတော့တယ်။
ကြုံကြိုက်လို့ပြောရရင်တော့ ဖေဖေရော၊ ကျွန်တော်ပါ ဆီချက်ခေါက်ဆွဲ
ကြိုက်ပါတယ်။ ဆီချက်ကောင်းတဲ့ဆိုင်တွေကိုလည်းရှာစားလေ့ရှိပါတယ်။
စီးကရက်စက်ရုံမှာ အလုပ်လုပ်တဲ့ တရုတ်လူမျိုး ဦးရွှေက တစ်ခါတစ်ရံ
ကမာရွတ်ကနေဘောက်ထော် ကျွန်တော်တို့အိမ်အထိ လာလို့ ဆီချက်ခေါက်ဆွဲ
လာလုပ်ပေးတတ်သလို ဖေဖေကိုယ်တိုင်လည်း အလုပ်အားရက်အချို့မှာ
ကိုယ်တိုင်လုပ်ပေးပြီး မိသားစုထမင်းလွတ်စားလေ့ရှိပါတယ်။
ရေနံဆီမီးဖိုသုံးရတဲ့ခေတ်တွေပေါ့ခင်ဗျား။
(ဒိနောက်ပိုင်းကျွန်တော်အဝေးကြီးရောက်နေချိန်တွေမှာ အသက် ၇၀ ကျော်ဖေဖေက
အတူနေခဲ့တဲ့ ကျွန်တော့်ဇနီးကို တစ်ခါတစ်ရံ ဆီချက်ခေါက်ဆွဲ လုပ်ခိုင်း
တတ်ကြောင်းသိရပါတယ်။)
ဆီချက်တစ်လုံး(တစ်ပွဲ)ကို တစ်ကျပ်ပေးရတဲ့အချိန်မှာ
စာပေဗိမာန် နားက အဲဒီ ဆီချက်ခေါက်ဆွဲဆိုင်ကတော့တစ်ပွဲကို သုံးမတ်
(၇၅ ပြား) ပဲ ပေးရတဲ့အပြင် အရသာလည်းအလွန်ရှိတာကြောင့် အင်မတန်
ရောင်းကောင်းတာတွေ့ရပါတယ်။
အမဲအူပြုတ်ကတော့ ၅မူးပေးရင် ချွေးပျံအောင်ပူပူနွေးနွေးသောက်လို့ရပါတယ်။
ပခုက္ကူသား ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ၊ စာရေးဆရာတွေဖြစ်ကြတဲ့
ကိုသိန်းအေး(လူထင်း)၊ ကိုစိုးမြင့်သန်း(နွေသင်နိုင်)တို့ တင်ထားတာတွေ
ဖတ်ရပြီး စွယ်စုံကျမ်း တွေပြန်ထုတ်မယ်ကြားရပါတယ်။
ကျွန်တော်နဲ့စွယ်စုံကျမ်းအကြောင်းကတော့ ရေးမယ်ဆိုတေးထားတာ နှစ်ချီ
နေပေမယ့် မရေးဖြစ်သေးပဲ ခုပြန်ထုတ်မယ်ဆိုကြားကာမှ ၀မ်းသာပြီးရေး
ဖြစ်ပါတော့တယ်။
ဒီလိုနဲ့ ၁၉၇၀ ၀န်းကျင်ကထဲက မြန်မာ့စွယ်စုံကျမ်း တွေဟာ ကျွန်တော်တို့အိမ်
ကိုရောက်ရှိလာပါတော့တယ်။
အတွဲလိုက်ထုတ်ဝေတာဖြစ်တာကြောင့် အတွဲစုံအောင်အဲဒီတုန်းက၀ယ်လို့
မရခဲ့ပေမဲ့ စာပေဗိမာန်ကိုတစ်ခေါက်သွားရင် ၂အုပ်၊ ၃အုပ် ရခဲ့တတ်ပြီး
နောက်ဆုံးမှာတော့ ၀ယ်လို့ရတဲ့ ၆အုပ်(၆တွဲ) ကျွန်တော်တို့ ဘောက်ထော်၊
သုခိတာလမ်းက အိမ်လေးရဲ့စာအုပ်စင်လေးပေါ်ရောက်ရှိလာတော့တာပါ။
တစ်အုပ်ကို အစိတ်(၂၅ ကျပ်) ပေးရကြောင်းဖေဖေပြောပြဘူးပါတယ်။
...........................................
"ကလေးတွေ ဆော့ကစားပါစေ.အပြင်စာဖတ်ပါစေ..."
၃တန်း၊ ၄တန်း ပဲရှိသေးတဲ့ကျွန်တော်ဟာ သုခိတာလမ်းထဲမှာ ဆော့ကစား
တဲ့နေရာမှာလည်း ရှေ့တန်းကပါခဲ့ပါတယ်။
စွန်ခေတ်၊ ဂျင်ခေတ်၊ ဂေါ်လီရိုက်ကြတဲ့ခေတ်၊ တွေမှာလည်းနောက်မကျစေပဲ
ရုပ်ပုံကားချပ်ဆိုလည်းထပ်လိုက်တာပဲ၊ ဂွေလှိမ့်ကြမယ်၊ ကြွေပန်းကန်စေ့
ထောင်ပစ် ကစားခဲ့ကြပါတယ်။
အိမ်မှာ ကြွေပန်းကန်ကွဲရင်ပျော်နေတာပေါ့ခင်ဗျား။
သားရေကွင်းခေတ်မှာဆိုရင်လည်း လက်မှာသားရေကွင်းတွေအများကြီးစွပ်ထား
နိုင်သူက ဆရာကြီးပေါ့။
ထုတ်စီးတိုးတာတောင် ရိုးရိုးမဟုတ်ပဲ ဒိုင်ဗင်ပစ်ဖမ်းလို့ရတဲ့ "ထုတ်ကြမ်း" ဆိုပြီး
ကျွန်တော်တို့ သုခိတာလမ်းထဲမှာကစားခဲ့ကြပါတယ်။
ကျွန်တော်တို့ အိမ်နောက်ဖေးက ဘောက်ထော်ဘောလုံးကွင်း ဖြစ်တာကြောင့်
ညနေတိုင်းလည်း ဘောလုံးကစားမပျက်ခဲ့ပါဘူး။
ဗိုလ်ကြီး ဘကြူး ရဲ့သား ရန်ကုန်တိုင်းလက်ရွေးစင် ကိုမြင့်ကြူး က ကျွန်တော်တို့
၁၀နှစ်ကျော်ကလေးတွေကို တစ်ခါတစ်လေ ဘောလုံးကန်သင်ပေးပါတယ်။
ကျွန်တော်တို့ ၁၀နစ်ဝန်းကျင်ကလေးဘောလုံးသင်းတောင်ဖွဲ့နိုင်ခဲ့ပါတယ်။
အသင်းနံမည်က ဖေဖေပေးတဲ့" ရှေ့ဆောင်လူငယ်" ဖြစ်ပြီး ကျွန်တော်တို့ ၁၀နှစ်
အရွယ်ကလေးတွေ ရွှေဂုံတိုင်ကို သွားလို့ စွပ်ကျယ်မှာ တံဆိပ်ရိုက်ခဲ့ကြပါတယ်။
အဲဒီတုန်းက ကျွန်တော်နဲ့ဘောလုံးကန်ဘက် သူငယ်ချင်း ကျော်ကျော်၊ မော်မော်
ညီအစ်ကိုတို့က နောက်တော့ ရန်ကုန်တိုင်းချန်ပီယန်တွေဖြစ်သွားသလို အဲဒီတုန်းက
ကျွန်တော်တို့ ဂိုးကျင်းကစားရင် နောက်ကဘောလုံးကောက်ရတဲ့သူရို့ညီ သန်းတိုးအောင်
က မြန်မာ့လက်ရွေးစင်ဖြစ်လာခဲ့ပါတော့တယ်။
ကလေးဘ၀အားရအောင်ဆော့ကစားခဲ့ရသလို တေဇ၊ ရွှေသွေး၊ ရွှင်ပြုံး၊
ဒို့ကျောင်းသားစာစောင် တွေဖတ်ခဲ့ကြရပါတယ်။
ပုံပြင်စာအုပ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း တွေဖေဖေက ၀ယ်ပေးပါတယ်။
ကွန်းဇော်၊ ဂယက်နီ စတဲ့သူတွေက ကလေးလူငယ်တွေအတွက် စာကောင်း၊
ပေမွန်တွေရေးလေ့ရှိပြီး "ကင်းထောက်ရဲဘော်လေးများ" စာအုပ်ဟာ ကျွန်တော်
ငယ်ငယ်တုန်းကအကြိုက်ဆုံးဘာသာပြန်စာအုပ်လေးဖြစ်ခဲ့ပါတယ်။
............................................................
"ကလေးတွေ စွယ်စုံကျမ်း ဖတ်ပါစေ..."
စွယ်စုံကျမ်းတွေ အိမ်ရောက်လာတဲ့အခါကျ အကြီးကြီး၊ အထူကြီးတွေမို့
လူကြီးဖြစ်မှဖတ်ရမယ်လို့ အစကထင်ခဲ့ပါတယ်။
နောက်တော့ ဖွင့်ကြည့်ရင်းကနေဓါတ်ပုံတွေ၊ ရုပ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုတော့ သိချင်လာတော့ ဖတ်ကြည့်ဖြစ်ပြီး
မြန်မာ့စွယ်စုံကျမ်းကြီးတွေဟာ ကျွန်တော့်ငယ်ချစ်ဖြစ်ခဲ့ရပါတော့တယ်။
အကြောင်းအရာတွေကလည်း စိတ်ဝင်စားစရာကောင်းသလို တိုတိုလေးတွေနဲ့
ဖတ်တဲ့သူကို ဗဟုသုတ တိုးပွါးစေပါတော့တယ်။
စွယ်စုံကျမ်းတွေဟာ အက္ခရာစဉ်အတိုင်း အတွဲတွေခွဲထုတ်ဝေ၊ အကြောင်းအရာ
တွေဖေါ်ပြတာမို့ စာအုပ်တိုင်းဟာတန်ဘိုးရှိပြီး၊ ၀ယ်လို့ရတဲ့အတွဲတိုင်းဟာ
လည်းတန်ဘိုးရှိတာချည်းဖြစ်ပါတယ်။
အတွဲ ၃( ဂ-စင်း) အတွဲ ၄ (စောင်း-တူ) စသဖြင့် အက္ခရာစဉ်အတိုင်းအကြောင်း
အရာတွေကိုစုံလင်စွာဖတ်ကြရမှာပဲဖြစ်ပါတယ်။
စာရွက်သားကောင်းကောင်း ပုံနှိပ်စာလုံးကောင်းကောင်းရှင်းရှင်းနဲ့ ခန့်ညားစွာ
ချုပ်ထားတဲ့စာအုပ်ကြီးတွေပါ။
စွယ်စုံကျမ်း တစ်အုပ်လုံးမှာ ကြွေသားစာရွက်ပေါ်မှာ ဆေးရောင်စုံနဲ့ဓါတ်ပုံကြီး
၎ ပုံ၊ ၅ပုံ ပါတတ်ပါတယ်။
ဂုတ်ထိပ်တံတားပုံ၊ ဇင်းကျိုက်ရေတံခွန်ပုံတွေဟာ ဆေးရောင်စုံဓါတ်ပုံရှားပါး
တဲ့ခေတ်မှာ ၁၁ နှစ်သားကျွန်တော့်ကို အထူးစွဲဆောင်ပြီး အဲဒီအကြောင်းအရာ
ကိုဖတ်ဖြစ်စေပါတော့တယ်။
၎တန်းကျောင်းသားကတည်းကစာထဲမှာရောက်ဘူးနေတဲ့ ဂုတ်ထိပ်တံတားနဲ့
ဇင်းကျိုက်ရေတံခွန်ကို လူကိုယ်တိုင်လည်း အဲဒီအချိန်ကထဲကရောက်ဘူးချင်ပေမယ့်
အခုကျွန်တော် အသက် ၅၆ နှစ်ထိရောက်ခွင့်တော့မကြုံသေးပါဘူး။
စွယ်စုံကျမ်း ဟာ ကလေးတွေအတွက်ပျင်းစရာမကောင်းတဲ့အပြင် လှန်ဖတ်ကြည့်
ရင်းနဲ့ ဖတ်ချင်နေတော့မှာဖြစ်ပါတယ်။
၁၉၇၀ ၀န်းကျင် ကျွန်တော်တို့ ရန်ကုန်၊ သုခိတာလမ်းမှာနေစဉ်ကတည်းက အဲဒီ
မြန်မာ့စွယ်စုံကျမ်းတွေဟာ ဖေဖေ ရွှေ့ပြောင်းရာကို လိုက်ပါလာခဲ့ပြီး အခုတော့
ပခုက္ကူ၊ မြို့သစ် အိမ်မှာ စာအုပ်သက် နှစ် ၅၀ ပြည့်တော့မှာပါ။
ညီမလတ် လွင်လွင်ခိုင်ရဲ့ အမွှာ ၂ယောက်ဖြစ်တဲ့ ဘုန်းမြတ်မင်း နဲ့ မြင့်မြတ်ခိုင်မင်း
တို့လည်း အစကစွယ်စုံကျမ်းကြီးတွေဆိုတော့ လှန်မကြည့်ဖြစ်ပေမယ့်
အခု ခြောက်တန်းရောက်လို့ လှန်ကြည့်ဖြစ်တဲ့အခါမှ ပျင်းစရာမကောင်းတဲ့အပြင်
စိတ်ဝင်စားစရာ ဗဟုသုတရစရာတွေပြည့်နေတာမို့ ပျင်းတိုင်း၊ အချိန်အားရတိုင်း
စွယ်စုံကျမ်းဖတ်နေကြပြီး သူတို့ ဘဘကြီးရဲ့အမွေကိုသဘောကျနေကြပါပြီ။
မူလတန်းကလေးတွေအနေနဲ့လည်း စွယ်စုံကျမ်းဆိုတာဟာ ဒို့ကလေးတွေနဲ့
မဆိုင်ဘူးလို့မထင်စေချင်ပါဘူး။
မြန်မာ့စွယ်စုံကျမ်း ကို "စာပေဗိမာန် ၏ ရုပ်ပြဗဟုသုတဘဏ်" လို့တောင်တင်စား
ထားတာမို့ မူလတန်းကလေးတွေကြိုက်နှစ်သက်ကြမှာပါ။
ကျွန်တော်ကတော့ ဖေဖေ ၀ယ်ပေးတာကြောင့် စွယ်စုံကျမ်းကို သုံးတန်း၊ လေးတန်းမှာ
စဖတ်လို့ကြိုက်သွားခဲ့ပြီး ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်ထားပေမယ့်..
ကျွန်တော်တို့ပခုက္ကူအိမ်ကိုလာလည်တဲ့ အလက(၃)၊
နှစ်တန်းကျောင်းသားက စွယ်စုံကျမ်းတွေယူဖတ်ကြည့်ရင်းကနေ တစ်တွဲပြီး တစ်တွဲ
သူ့အိမ်ကိုပါ ဌားဖတ်ခါမှ..ကိုယ့်ထက်ဆရာကျတဲ့သူကိုတွေ့ရတော့တာပါပဲ။
အဲဒီ နှစ်တန်းကျောင်းသားက တစ်ခြားသူတော့ မဟုတ်ပါဘူး။
လူထုဦးလှ၊ ဒေါ်အမာရဲ့မြေး.စာရေးဆရာ ဒေါက်တာ မြမဉ္ဖူရဲ့သား
ဆရာဝန်စာရေးဆရာ ဘိုဘိုလန်းစင် ဖြစ်ပါတော့တယ်။
................................................
စာဖြင့်ကမ္ဘာပတ်ပါ...
အကြောင်းမညီညွတ်သေးလို့ ပြည်ပခရီးမထွက်ဖြစ်သေးသူများလည်း
စာနဲ့ ကမ္ဘာပတ်နိုင်ပါတယ်။ စာနဲ့ကမ္ဘာပတ်ဖို့လိုပါတယ်။
စာနဲ့ရောက်ဘူးခြင်းဟာ မျက်စိနဲ့တပ်အပ်မမြင်ရတာကလွဲရင်
အထူးအကျိုးများပါတယ်။
ခုခေတ်ကြီးမှာ အင်တာနက်ပေါ်ကနေဓါတ်ပုံများပါကြည့်နိုင်နေပါပြီ။
ကျွန်တော် ၁၉၉၅ မှာ ဘန်ကောက်၊ ကွာလာလမ်ပူ စတဲ့ပြည်ပနိုင်ငံ
တွေစရောက်ဘူးပါတယ်။ စာနဲ့ရောက်ဘူးထားတော့မစိမ်းပါ။
စာဖတ်မထားသူကတော့ အပြင်တောင်မထွက်ရဲတော့တာမျိုးတွေ့ဘူးပါတယ်။
လက်ရှိနေထိုင်ရာ ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင် ကိုလည်း
ငယ်ငယ်ကတည်းက သခင်ဘသောင်း ဘာသာပြန်တဲ့ အန်ဒါဆင် ရဲ့ ပုံဝတ္ထု များ
ကိုဖတ်ပြီး ကြွက်တွေနဲ့ကိုပင်ဟေဂင် မြို့ဟောင်းကြီးကိုရင်းနှီးနေခဲ့တာပါ။
ကျွန်တော်တို့မိသားစုလေး သမီးကကျောင်းအားရက်၊ ဇနီးကနွေအားရက်၃ပတ်၊
ကျွန်တော်က ၂ပတ် ရထားတာမို့ လာမယ့် ၆ ရက်နေ့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း
၄၃ နှစ်က ဖေဖေရောက်ဘူးခဲ့တဲ့ အီတလီနိုင်ငံကို အလည်သွားကြပါမယ်။
ရောမမှာရှိတဲ့ Colosseum. Pisa tower စတဲ့ အဆောက်အဦးတွေရဲ့ အကြောင်း
တွေကိုလည်း စာပေဗိမာန်ကထုတ်တဲ့ သုတပဒေသာ စာစောင်မှာဖတ်ဖူးတာ
ကြောင့် စာနဲ့တော့ရောက်ဖူးနေခဲ့တာကြာပါပြီ။
သုတစာတွေဟာ ဘယ်တော့မှဟောင်းသွားမှာမဟုတ်တဲ့စာတွေဖြစ်ပြီး
အမြဲဆန်းသစ်နေမှာမို့ အရင်ထုတ်ခဲ့တဲ့ သုတပဒေသာ စာစောင်တွေကိုလည်း
အခု စွယ်စုံကျမ်းတွေပြန်ထုတ်မှာမျိုး စီစဉ်ပေးနိုင်ရင် ကလေးတွေ၊ လူငယ်၊
လူကြီးတွေပါမကျန် အကျိုးများစေမှာပါ။
ကုန်ကုန်ပြောရရင် ကျွန်တော်အခုနေတဲ့ ဒိန်းမတ်နိုင်ငံ အကြောင်းကို
ပြည့်ပြည့်စုံစုံ လေ့လာ ဖတ်၊ မှတ်ထားသူဟာ မရောက်ဘူးပေမယ့်
ကျွန်တော့်ထက်ပိုသိ၊ ပိုအမြင်ကျယ်မှာဖြစ်တာကြောင့်
ကလေးလူငယ်တွေ သုတ၊ ရသစာပေတွေ ဖတ်ကြပါ၊ မှတ်ကြပါလို့
စေတနာကောင်းနဲ့တိုက်တွန်းရင်း..
စာပေဗိမာန်မှ မြန်မာ့စွယ်စုံကျမ်းတွေ ပြန်လည်ထုတ်ဝေမယ့်အစီ
အစဉ်ကိုကြိုဆိုလိုက်ရကြောင်းပါခင်ဗျား။
*မှတ်စု၊
(ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံတကာက စာကောင်းပေမွန်တွေကို
မြန်မာစာဖတ်ပရိသတ်တွေမြည်းစမ်းကြည့်နိုင်ဖို့ ဘာသာပြန်ဆို
ထုတ်ဝေပေးတဲ့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
(Burma Translation Society) ကို ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။
နောက်တစ်နှစ်အကြာမှာ အဲဒီအဖွဲ့အစည်းကို စာပေဗိမာန်လို့ ခေါ်တွင်ခဲ့ပါတယ်။
ဇွန်ပန်းပွင့် | Wednesday, 15 June 2016)

7th July, 2017. မြန်မာတိုင်းမ်

No comments:

Post a Comment

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး