Sunday, 6 May 2018

"အရှင်ကုသလသာမိ(ဂျာမဏီ) ၏ အမှာစာ"

မြန်မာပြည်ရောက်ခိုက် သူငယ်ချင်းရဲ့ရွာကို အလည်လိုက်သွားတော့ ခရီးရောက်မဆိုက် သူငယ်ချင်းရဲ့
အဘွားက “ကိုယ်တော့်လက်ထဲက ဘာစာအုပ်လဲ”ဆိုပြီး ပြောပြောဆိုဆို စာအုပ်ကို လှမ်းယူလိုက်
ပါတယ်။ “ကိုယ်တော့်စာအုပ်နာမည်က တယ်ဟုတ်ပါလား၊ အိုစာမင်းစာ မလိုတဲ့နိုင်ငံဆိုပါလား၊
တပည့်တော်မှာတော့ နှစ်ပေါင်း ၂ဝ လောက် အိုစာမင်းစာလေး စုထားတာ … တင်ပါးထဲ ထည့်လိုက်ရပြီ"
လို့ဆိုတယ်။ အဘွားက အသက် ၇ဝ ကျော်ပြီ။ တစ်နေ့က ချော်လဲပြီး တင်ပါးဆုံရိုးကျိုးသွားတာ
ဆေးရုံတက်လိုက်ရလို့ သူ့ရဲ့အိုစာမင်းစာအတွက် ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးလေးတွေ
တင်ပါးခွဲစိတ်တာအတွက် ကုန်သွားပြီလို့ ပြောနေတာပါ။
ပြီးခဲ့တဲ့နှစ်က ဒိန်းမတ်က စာရေးဆရာမင်းမော်လှမြင့်ရဲ့ “အိုစာမင်းစာ မလိုတဲ့နိုင်ငံ”စာအုပ်လေးက
မြန်မာနိုင်ငံစာအုပ်ဈေးကွက်အရဆိုလျှင် အတော်အောင်မြင်တယ်လို့ ဆိုရမယ်။
ကိုယ့်နိုင်ငံက လူတိုင်းလူတိုင်းဟာ အိုစာမင်းစာအတွက် ကြိုးစားစုဆောင်းနေရတဲ့အချိန်မှာ
အိုစာမင်းစာ မလိုတဲ့နိုင်ငံဆိုတော့ ထူးထူးဆန်းဆန်း ဖြစ်သွားတာလည်း ပါပေလိမ့်မယ်။
ဒိန်းမတ်မှာ ပုံမှန်အလုပ်လုပ်တဲ့သူတွေအနေနဲ့ အစိုးရကို ပေးထားတဲ့အခွန်တွေကြောင့်
အသက်ကြီးတဲ့အခါ အစိုးရက ပြန်လည်ပြီး အေးဆေးသက်သာနေလို့ရအောင် ဆောင်ရွက်
ပေးထားတဲ့သဘောပါ။ ကိုယ့်ဆီမှာက အစိုးရဝန်ထမ်းတွေသာ ပင်စင်လခရပေမယ့် ဒိန်းမတ်မှာတော့
လူတိုင်းလူတိုင်းဟာ အခွန်ပေးထားတဲ့အတွက် အလုပ်နားလို့ပင်စင်ယူတဲ့အခါ ပင်စင်လစာတွေ
ရကြပါတယ်။ ကျန်းမာရေးအတွက်ကလည်း သာမန်ဆေးကုသမှုမှသည် ဆေးရုံတက် အကြီးစား
ခွဲစိတ်မှုအထိမည်သည့်ကုန်ကျစားရိတ်မှမပေးရဘဲ အခမဲ့ဝန်ဆောင်မှုပေးတဲ့အတွက်အိုစာမင်းစာရယ်လို့
သီးသန့်စုနေစရာ မလိုတော့ဘူးပေါ့။ ဆရာမင်းမော်လှမြင့်ရဲ့ ပထမစာအုပ်မှာ ဒိန်းမတ်နဲ့ဥရောပနိုင်ငံတွေ
က နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး ဗဟုသုတလေးတွေကို ဟိုနည်းနည်းဒီနည်းနည်းနဲ့ ကိုယ့်နိုင်ငံစာဖတ်
ပရိသတ်တွေဆီကို မိတ်ဆက်ပေးခဲ့တယ်။
အခု သူက ဒုတိယမြောက်ခြေလှမ်းအဖြစ် “ပါရီနဲ့အတူ စီးမျောခြင်း”ဆိုပြီး နောက်တစ်လှမ်း
လှမ်းလိုက်ပြန်ပါပြီ။“ပါရီနဲ့အတူ စီးမျောခြင်း”လို့ အဓိကခေါင်းစဉ်ပေးထားပေမယ့် ပါရီမှာ
စီးမျောခဲ့တာတွေအများကြီးကိုတော့တွေ့ရမှာ မဟုတ်ပေဘူး။
ပါရီကို မိသားစုနဲ့ခရီးသွားရင်း မြေအောက်ရထားဘူတာကနေ အတွေးအစဉ်လေးတွေ
လွင့်မျောသွားတဲ့သဘောလောက်ပါပဲ။ မိသားစုနဲ့အတူ ဥရောပခရီးသွားခဲ့တာတွေကိုတော့
နောက်စာအုပ်တွေမှာဆက်ရေးမယ်လို့ ဆိုပါတယ်။ ဒီစာအုပ်မှာတော့ ပါရီကနေ အတွေးစဉ်တွေ
လွင့်သွားတာတွေနဲ့အတူဥရောပနိုင်ငံတွေက အထူးသဖြင့် ဒိန်းမတ်က ပညာရေး၊ လူမှုရေးဆိုင်ရာ
ဗဟုသုတတွေကိုပဲဆက်လက်မျှဝေသွားတာ တွေ့ရတယ်။ ဥရောပမှာနေတဲ့ ကိုယ်တောင် မသိရသေးတဲ့
ဗဟုသုတတွေအများကြီးပါနေတာဖြစ်လို့ မြန်မာပြည်စာဖတ်ပရိသတ်အတွက်တော့ အသစ်အဆန်းတွေနဲ့
ဖတ်မငြီးဖြစ်နေပါလိမ့်မယ်။
တကယ်တော့ ဆရာမင်းမော်လှမြင့်ဟာ စာရေးစားတဲ့ စာရေးဆရာတော့ မဟုတ်ပါဘူး။ ကမ္ဘာမှာ
ဒုစရိုက်မှုတွေ နည်းပါးပြီး အအေးချမ်းဆုံးနဲ့အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ပါတဲ့ ဒိန်းမတ်နိုင်ငံလေးမှာ
ချစ်စရာမိသားစုလေးနဲ့ အေးအေးချမ်းချမ်းနေထိုင်ရင်း၊ အမိမြန်မာပြည်ကိုလည်း အဝေးကနေ
လွမ်းဆွတ်ရင်းနဲ့ သူသိတဲ့ဗဟုသုတလေးတွေကို မြန်မာပြည်သူတွေဆီ လှမ်းပို့ပေးနေသူတစ်ယောက်ပါ။
အေးချမ်းတဲ့တိုင်းပြည်မှာနေထိုင်ရင်း မအေးမချမ်းဖြစ်နေသေးတဲ့ အမိမြန်မာပြည်အတွက်
သူ့စေတနာတွေကသူ့စာတွေမှာ အထင်အရှား ဖော်ပြနေလေ့ရှိတယ်။
သူ့စာအုပ်မှာပါတဲ့ခေါင်းစဉ်လေးတွေကြည့်ရုံနဲ့ အမိမြေကို လွမ်းဆွတ်တာတွေ၊ သံယောဇဉ်ကြီးမားပုံ
တွေကိုတွေ့ရမှာဖြစ်တယ်။
ဒိန်းမတ်နိုင်ငံနဲ့ဥရောပအကြောင်းတွေ ရေးထားပေမယ့် သူ့ဇာတိ ရေစကြို၊ ပခုက္ကူကအကြောင်းလေး
တွေလည်းတခုတ်တရ ထည့်သွင်းဖော်ပြထားတာကိုလည်း တွေ့ရတယ်။ ပခုက္ကူသားတွေအတွက်
ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်လည်စမြုံ့ပြန်ရင်း ပျော်စရာလေးတွေ ဖြစ်သွားမှာပါ။
ရိုးသားပြီးချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အေးချမ်းတဲ့တိုင်းပြည်လေးက စာရေးဆရာဟာ
သူမွေးဖွားရာတိုင်းပြည်ကိုလည်း အေးချမ်းသာယာတဲ့ဓာတ်ကလေးတွေ ကူးစက်စေလိုပုံ ရပါတယ်။
သူ့စာတွေက အလင်္ကာမြောက်အောင် ကြီးကြီးကျယ်ကျယ် ဖွဲ့နွဲ့ထားတာ မဟုတ်ပေမယ့်
သူ့စေတနာတွေကတော့ ခမ်းနားလှတယ်လို့ဆိုရင် သူ့စာဖတ်ပြီးသူတွေကတော့ ငြင်းချက်ထုတ်လိမ့်မယ်
မထင်ပါဘူး။
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံရဲ့ ဘယ်စနစ်ကိုမှ အကောင်းဆုံး၊ အလှဆုံးလို့ မဆိုစကောင်းပေမယ့်
ဒုစရိုက်မှုတွေ နည်းပါးပြီး အေးချမ်းတဲ့နိုင်ငံ၊ ပညာရေး, လူမှုရေး, နိုင်ငံရေးစနစ်တွေ
ငြိမ့်ငြိမ့်ညောင်းညောင်း သာသာယာယာ စီးမျောနေတဲ့နိုင်ငံက ကောင်းတဲ့အချက်တွေကို
အတူယူသင့်တန်တာယူပြီး ဆောင်ရွက်ကြရင်ဖြင့် အမိမြန်မာပြည်အတွက် အကျိုးယုတ်နိုင်စရာ
မရှိပါဘူး။ စာရေးဆရာ မင်းမော်လှမြင့်ရဲ့ “ပါရီနဲ့အတူ စီးမျောခြင်း”စာအုပ်လေးက အမိမြန်မာပြည်ကို
အကောင်းဘက်သို့ ဆက်လက်ချီတက်နိုင်စေဖို့ အတွေးစလေးတွေ ရရှိသွားစေမှာ အသေအချာပါပဲ။
အရှင်ကုသလသာမိ
ပဓာနနာယကဆရာတော်
ဓမ္မဒူတမြန်မာကျောင်း (ဂျာမဏီ)
ဓမ္မဆာယာ ဓမ္မအရိပ်ကျောင်း( ဒိန်းမတ်)
kusalasami@gmail.com
+4915214489565
၅၊ ၅၊ ၂၀၁၈

No comments:

Post a Comment

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး