Saturday, 28 October 2017

ဖေဖေနဲ့ ကဗျာဆရာကြီးတင်မိုး မင်းသားအံ့ကျော်။

၁၉၇၀ ၀န်းကျင်တုန်းက ရန်ကင်း၊ အထက(၁) မှာ လူငယ့်ရေးရာညကျောင်း
ဖွင့်လှစ်ခဲ့ဘူးပါတယ်။ အထက်တန်းမှာ နေ့ကျောင်းတက်ခွင့်မသာတဲ့ကျောင်းသူ၊
ကျောင်းသားတွေအတွက် စေတနာဆရာ၊ ဆရာမတွေက ညပိုင်းမှာ ဘာသာစုံ
အခမဲ့သင်ပြပေးခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်စီးကရက်စက်ရုံမှာအလုပ်ဝင်နေပြီဖြစ်တဲ့ဖေဖေဟာ အဲဒီညကျောင်းမှာ
ကျောင်းအုပ်တာဝန်ယူပြီး သင်္ချာဘာသာ သင်ပြပေးခဲ့ပါတယ်။
သူငယ်ချင်းသံယောဇဉ်ရော၊ လူငယ်တွေလမ်းမှားမရောက်စေချင်တဲ့ စေတနာ
နဲ့ရော ခပ်ဝေးဝေးကနေ မြန်မာစာဘာသာကို လာရောက်သင်ပြပေးတဲ့သူက
တော့ ဦးဦးဘဂျမ်း(ဆရာတင်မိုး)ဘဲဖြစ်ပါတော့တယ်။
ကျွန်တော့်ဖေဖေနဲ့ဦးဦးဘဂျမ်းက ရေစကြို တစ်နယ်ထဲသား၊ မန္တလေး တက္ကသိုလ်
ထွက်ငယ်သူငယ်ချင်းတွေပါ။
၂ ယောက်စလုံးက စာသင်ရတာလည်းဝါသနာကြီး၊ အသင်အပြကလည်း ကောင်း
ကြတာကြောင့် တခြားရပ်ကွက်တွေက ကျောင်းသားတွေပါ ရန်ကင်းညကျောင်း
ကို လာတက်ကြပါတယ်။

ဦးဦးဘဂျမ်း ၁၀တန်းတုန်းက ဖြေခဲ့တဲ့ မြန်မာစာ အဖြေလွှာကသိပ်ကောင်း
လွန်းလို့ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာပါမောက္ခကြီး ဦးဧမောင်ကတောင်သူ့ကိုလာတွေ့
ဖို့ခေါ်ယူခြင်းခံခဲ့ရဘူးကြောင်းလည်းသိရပါတယ်။
အဲဒီခေတ်က ရေစကြို ကနေ ရန်ကုန်သွားဖို့မလွယ်တာကြောင့် ဦးဦးဘဂျမ်းဟာပါမောက္ခကြီးကို သွားမတွေ့နိုင်ခဲ့ပါဘူး။
၁၀တန်းကို မြန်မာစာဂုဏ်ထူးနဲ့အောင်တဲ့အခါ ဦးဦးဘဂျမ်းဟာတက္ကသိုလ်တက်ဖို့ အခက်အခဲရှိတာနဲ့နယ်မှာဘဲကျောင်းဆရာလေးလုပ်နေခဲ့ပါတယ်။
တက္ကသိုလ်တွေဖွင့်တဲ့အခါမှာတော့ ပါမောက္ခကြီးဦးဧမောင်ဟာ သူ့ကိုလာမတွေ့လို့နေပစေ
လို့သဘောမထားဘဲ မောင်ဘဂျမ်း တက္ကသိုလ်တက်မတက်စောင့်ကြည့်ပြီး
တက္ကသိုလ်ကိုရောက်မလာတဲ့အတွက် မန္တလေးတက္ကသိုလ်က မြန်မာစာပါမောက္ခကို
ဆက်သွယ်လို့ မောင်ဘဂျမ်း တက္ကသိုလ်တက်နိုင်အောင်စီစဉ်ပေးပါတော့တယ်တဲ့။
မြန်မာစာ အတွက် အမြော်အမြင်ရှိရှိ မျိုးဆက်သစ်မွေးတဲ့ သဘောဖြစ်ကြောင်း၊
"မင်္ဂလာရှိတဲ့အချိန်" ဆိုပြီး ဆရာကြီးဦးတင်မောင်သန်းရေးတဲ့ ဆောင်းပါးလေးကနေ
ဖတ်ရှုမှတ်သားရပါတယ်။

ကျွန်တော့်ဖေဖေ ဦးလှမြင့် ဟာလည်းရေစကြို ကနေ ၁၀တန်းအောင်တဲ့အခါမှာ
မန္တလေးတက္ကသိုလ် ကိုတက်ရောက်ခဲ့ပါတယ်။ အဲဒီခေတ် အင်တာလို့ခေါ်တဲ့
ISc part 2 အောင်တဲ့အခါ တက္ကသိုလ်ဆက်တက်နိုင်ဖို့အတွက် ကျောင်းခဏနားပြီး
ပခုက္ကူ ၊ အထက(၂) မှာ အထက်တန်းပြဆရာဝင်လုပ်လို့ သင်္ချာဘာသာ သင်ပြပေး
ခဲ့ပါတယ်။ အဲဒီခေတ် ၁၉၅၅ ၀န်းကျင်တွေတုန်းက ၇တန်းအောင်ရင်ဘဲ ဆရာဖြစ်ခန့်လို့
ရတဲ့အတွက် ၁၀တန်းအောင်ဆရာတောင်ရှားကြောင်းသိရပါတယ်။
မန္တလေး တက္ကသိုလ်ပြန်တက်တော့လည်း ကျောင်းစားရိတ်ကာမိအောင်နဲ့မိဘကိုလည်း
ထောက်ပံ့နိုင်အောင် အဲဒီခေတ်ကမန္တလေးမှာနံမည်ကြီးတဲ့ အောင်မင်္ဂလာ အလွတ်ပညာ
သင်ကျောင်းလိုမျိုးတွေမှာ တက္ကသိုလ်တက်ရင်း သင်္ချာဘာသာကိုသင်ပြပေးခဲ့ပါတယ်။
အလွတ်ပညာသင်ကျောင်းပိုင်ရှင်တွေကလည်း ဖေဖေသင်္ချာအသင်အပြကောင်းတာကြောင့်
လက်မလွတ်ချင်ကြကြောင်းသိရပါတယ်။

"ပညာရဲရင့် ပွဲလယ်တင့်" ဆိုတာရယ် အဲဒီခေတ်ကလူကြီးတွေ တက္ကသိုလ်ပညာကို
လွယ်လွယ်နဲ့သင်ယူခဲ့ကြရတာမဟုတ်ကြောင်း ခေတ်လူငယ်တွေ အတုယူဆင်ခြင်နိုင်ကြ
ရအောင်နဲ့ ပညာကိုတန်ဘိုးထားတတ်အောင်များ ပြောပါတယ်။

ဦးဦးဘဂျမ်းနဲ့ဖေဖေတို့ ရန်ကင်းလူငယ့်ရေးရာညကျောင်း လေးကိုအတူဆောင်ရွက်ခဲ့စဉ်
အခါက လမ်းသူရဲဆိုတဲ့ဝေါဟာရပေါ်ကာစဖြစ်ပြီး မိဘတွေလည်း ငါ့သားလေးများ
လမ်းသူရဲဖြစ်သွားမလား၊ လမ်းသူရဲတွေနဲ့များပေါင်းမိသွားမလား စိုးရိမ်ပူပန်နေကြရတဲ့
ကာလတွေဖြစ်ပါတယ်။
၁၀တန်းကျပြီး အပြင်ရောက်သွားတဲ့ လူငယ်အချို့တွေဟာ ဆံပင်ရှည်ကြီးတွေထား၊ ခေါင်းလောင်း
ဘောင်းဘီတွေဝတ်ပြီး မကြာခဏလည်း ချိန်းပြီးရိုက်ကြတာတွေရှိပါတယ်။ ရန်ကင်းရပ်ကွက်
ကလည်းနံမည်ကြီးသလို ကျွန်တော်တို့နေတဲ့ဘောက်ထော်မှာလည်း စိန်ဂေါ်လီဂိုဏ်း ဆိုပြီး
လူငယ် လမ်းသူရဲဂိုဏ်းတွေရှိခဲ့ဘူးပါတယ်။
(စကားချပ်အနေနဲ့ပြောရရင် ကျွန်တော်အခုဥရောပမှာနေတဲ့အခါမှ လေ့လာကြည့်တော့ သူတို့
ဆီမှာဒီလိုဖြစ်ခဲ့တာ ကျွန်တော်တို့နိုင်ငံထက် ၁၀နှစ်ကျော်ဝန်းကျင်စောကြောင်းသွားတွေ့ရပါတယ်။
ခုတော့ယဉ်ကျေးမှု ဖလှယ်ကူးစပ်မှုအလွန်မြန်နေပါပြီ။ မကောင်းတဲ့ယဉ်ကျေးမှုတွေကို တိုက်ဖျက်ရမှာ
တော့ ကျွန်တော်တို့လူကြီးတွေမှာတာဝန်အများကြီးရှိသလို လူငယ်တွေလည်းအသိဥာဏ်ပြည့်ဝ
နေဖို့ ကိုယ်ခံအားကောင်းကြဖို့အထူးလိုအပ်ပါတယ်)

အလွန်ရည်ရွယ်ချက်ကောင်းတဲ့ လူငယ်ပညာပေး "သမန်းကျား" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလည်း
ရုံတင်ခဲ့ပါသေးတယ်။ အဲဒီတုန်းကမင်းသားသစ် ကိုမြင့်၊ ၀င်းလှိုင်၊ တိုးညွန့် အစရှိသူတို့က
လမ်းသူရဲကျောင်းသားဆိုးတွေအနေနဲ့သရုပ်ဆောင်ခဲ့ကြပုံရပါတယ်။
အဲဒီကားရုံစတင်တော့ ဦးဦးဘဂျမ်းနဲ့ဖေဖေက ကျွန်တော့်ကိုခေါ်လို့ တာမွေက ရွှေဗဟိုရ် ရုံမှာ
သွားကြည့်ခဲ့ကြပါတယ်။ အပေါ်ထပ် DC တန်းမှာတော့ မေတ္တာလက်မှတ်နဲ့လာကြည့်တဲ့
ကျွန်တော်တို့ ၃ယောက်ပဲရှိပြီး အောက်ကိုငုံ့ကြည့်တော့လည်း လူလေးခြောက်တိခြောက်ကပ်
ပဲရှိတာမို့ ပျင်းစရာကောင်းတဲ့ကားနေမှာလို့တွေးမိပေမယ့် ၁၀နှစ်ဝန်းကျင်ပဲရှိသေးတဲ့ကျွန်တော်
ဟာ ချိန်းရိုက်ပွဲချခန်းတွေပါတာကြောင့် ကြိုက်သွားရပါတော့တယ်။
"ဇာတ်ကားကအကောင်း လှမြင့်ရ၊ လူတွေဘာလို့လာမကြည့်ကြသလဲမသိဘူး" လို့ ဦးဦးဘဂျမ်း
က ဖေဖေ့ကိုပြောတဲ့အခါ"ကောင်းမှန်းသိသွားကြရင်တော့ လာကြည့်ကြမယ်ထင်ပါတယ် ဘဂျမ်းရာ"
လို့ ဖေဖေပြန်ပြောခဲ့သလို အဲဒီဇာတ်ကားရုံတင်ပြီး တစ်ပါတ်လောက်ကျော်တဲ့အခါမှာတော့
ရုံပြည့်အောင် အားပေးခံခဲ့ရပါတော့တယ်။
ကြုံ ကြိုက်လို့ပြောရရင်တော့ အဲဒီဇာတ်ကားမှာစတင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသား ကိုမြင့်
ဟာလည်း ဖေဖေတို့ တပည့်ဖြစ်ခဲ့ဘူးကြောင်းသိရပါတယ်။ လက်မှတ်ကလည်း သူပေးတယ်
ထင်ပါတယ်။ ကောင်းကောင်းမမှတ်မိတော့ပါဘူး။

အဲဒီလိုခေတ်အခြေအနေမှာ လူငယ်တွေကျောင်းခန်းအပြင်ဘက်ရောက်မသွားကြရလေအောင်
ဦးဦးဘဂျမ်းဆိုရင်လည်း ရန်ကုန်မြို့ထဲကနေ ရန်ကင်းကို တကူးတကလာလို့ ဖေဖေဆိုရင်လည်း
စီးကရက်စက်ရုံရှိရာ ကမာရွတ်ကနေ ဘောက်ထော်ပြန်လာပြီးမှ ရန်ကင်းကိုသွားလို့ အပြင်ရောက်
နေတဲ့ကျောင်းသားတွေကိုစည်းရုံးရင်းစာသင်ပေးခဲ့ကြတာပါ။ ကမာရွတ် စီးကရက်စက်ရုံမှာ
အလုပ်ဝင်နေတဲ့ ၁၀တန်းအပြင်ရောက်ကျောင်းသားတွေပါ ရန်ကင်းကိုလာတက်နိုင်အောင်
ဆောင်ရွက်ခဲ့ကြပါတော့တယ်။

ကျွန်တော်တို့မိသားစု အဲဒီအချိန်တုန်းက ဘောက်ထော်၊ သုခိတာလမ်းထိပ်မှာ လုံးချင်းအိမ်လေး
ဌားနေကြပါတယ်။ အိမ်လခ ၆၀ ကျပ်ပေးရပြီး ရေစကြိုကအဘိုးနဲ့အဘွားအပြင် အမျိုးတွေပါ
လာနေလို့ရပါသေးတယ်။
မေမေ ဒေါ်ခင်စန်းမြိုင်က မြောက်ဥက္ကလာ၊ အလက(၃)မှာ အထက်တန်းပြဆရာမလုပ်နေပါတယ်။
ဖေဖေကတော့ ညကျောင်းရှိတဲ့နေ့တွေမှာ အလုပ်ရှိရာစီးကရက်စက်ရုံကနေအိမ်အရင်ပြန်လာပြီး
မူလတန်းကျောင်းသား ကျွန်တော့်ကိုပါခေါ်လို့ ညကျောင်းရှိရာ ရန်ကင်းအထက(၁)ကို
အတူသွားခဲ့ကြလေ့ရှိပါတယ်။
အမှတ်(၁) ဘတ်(စ်)ကားကြုံရင်လည်း ကျောက်ကုန်းဂိတ်ဆုံးထိ ၅ပြားလား၊၁၀ပြားလား ပေးစီးပြီး
ရန်ကင်းထိလမ်းဆက်လျှောက်တဲ့နေ့တွေရှိသလို များသောအားဖြင့်သားအဖ၂ယောက်
လမ်းလျှောက်သွားကြပါတယ်။ မိနစ် ၂၀ ၀န်းကျင်ဘဲလျှောက်ရပါတယ်။

ညကျောင်းတက်ချိန်တွေမှာတော့ ၄တန်းကျောင်းသားကျွန်တော်ကဖေဖေ့အခန်းလိုက်တက်လိုက်၊
ဦးဦးဘဂျမ်းအခန်းလိုက်တက်လိုက် နဲ့ပေါ့ခင်ဗျား။
ကျောင်းဆင်းအပြန်ကျရင်တော့ ဦးဦးဘဂျမ်းကအိမ် အမြဲလိုက်လာတတ်ပါတယ်။
တစ်ခါတစ်လေပြား၃၀တန် လက်ဘက်ရည်သောက်ရင်း သူတို့သူငယ်ချင်း၂ယောက်စကားပြောကြ
ပါတယ်။ ကျွန်တော်က ၁၀ပြား၊၁၅ပြားဖိုးမုန့်စားခွင့်ရပါတယ်။
ဦးဦးဘဂျမ်းက ကျွန်တော်တို့အိမ်အမြဲလိုက်လာပြီးမှ သူ့အိမ်ရှိရာကိုဆက်ပြန်သွား
တာပဲဖြစ်ပါတယ်။

ဦးဦးဘဂျမ်းကတော့ ဘယ်အချိန်ကြည့်ကြည့် ပင်နီတိုက်ပုံတစ်ပတ်နွမ်းနဲ့
လွယ်အိတ်လွယ်၊ဆေးပေါ့လိပ်ခဲနေတာ သူ့အမှတ်တံဆိပ်ပါပဲ။
ရန်ကုန်မြို့ထဲကို ဖေဖေနဲ့ ဘားလမ်းမှာ နဂါး(ရွှေပတ်)ဆေးပေါ့လိပ် သွားဝယ်ကြတုန်းက "ဟိုမှာ ဦးဦးဘဂျမ်းကြီး" လို့ အဝေးကြီးကနေမျက်နှာမမြင်ရသေးဘဲဖေဖေ့ကိုပြခဲ့
ဘူးပါတယ်။ အနားရောက်တော့ တကယ်လည်းဟုတ်နေပါတယ်။

 ညကျောင်းလာတက်တဲ့မင်းသားအံ့ကျော်(ဦး)
..................................................

"ကျွန်တော်တို့ လာကန်တော့တာပါ ခွင့်ပြုပါ ဆရာ"
ကျွန်တော်တို့အိမ်မှာ ဖေဖေရောဦးဦးဘဂျမ်းပါရှိနေတုန်း အဲဒီအချိန်ကတည်းက ရုပ်ရှင်တွေ
စရိုက်နေပြီဖြစ်တဲ့ မင်းသားအံ့ကျော်နဲ့သူ့သူငယ်ချင်းတွေ မပြောမဆိုပေါက်ချလာပြီး
ပြောလိုက်တာဖြစ်ပါတယ်။
ဖေဖေနဲ့ဦးဦးဘဂျမ်း တို့က " မင်းတို့ဟာကဘာကြောင့်တုန်းဟ.ဘာလို့တုန်း" နဲ့မေးတော့
မှ အံ့ကျော် က ဖေဖေတို့ ဘာမှမသိတဲ့ အကြောင်းရင်းကိုရှင်းပြပါတော့တယ်။

ညကျောင်းမှာလာတက်ကြတဲ့ ကျောင်းသားတွေအကျိုးရှိအောင်နဲ့ အပျော်လာတက်ကြ
တာသက်သက်မဖြစ်အောင်၊အတန်းတက်ဖြစ်ကြအောင်၊ အပြင်မှာဟေးလားဝါးလား
လုပ်မနေကြအောင် ဖေဖေတို့ကစည်းကမ်းတွေကိုင်တာရှိခဲ့ပါတယ်။

အံ့ကျော်(ဦး)တို့အဖွဲ့တွေက ဒီအညာသားတွေ ရန်ကင်းညကျောင်းမှာ လာလူတွင်ကျယ် လုပ်တာပဲဆိုပြီး ၀ိုင်းရိုက်ဖို့သူတို့စီစဉ်ခဲ့ကြဘူးပါတယ်တဲ့။
နောက်မှ ဖေဖေတို့စေတနာမှန်ကို သဘောပေါက်လာကြပြီး အဲဒီလိုပြစ်မှား
ခဲ့မိတာကို ခုလိုလာပြီးတောင်းပန်ကန်တော့တာပါလို့ ရှင်းပြခဲ့ပါတော့တယ်။
လူကြမ်းမင်းသားကြီးရဲ့ ရင်ထဲကအလှတရားပါ။

ခုတော့သူတို့တွေမရှိကြတော့ပေမဲ့ သူတို့ရဲ့လောကကိုအလှဆင်ခဲ့ဘူးတဲ့
ဘ၀တစ်စိတ်တစ်ဒေသကို ကျွန်တော့်ရဲ့ ချစ်စွာသောစာဖတ်သူများနဲ့မျှဝေခံစားရင်း
လောကကိုအလှဆင်သူများဖြစ်နိုင်ကြပါစေလို့ ဆန္ဒမွန်ပြု လိုက်ရကြောင်းပါခင်ဗျား။

(မြန်မာတိုင်းမ် ၂၀၁၇ သြဂုတ်၂၂)

Monday, 16 October 2017

"လက်ဆေးကြသော ကလေးများ"

                                         "Fight Germs By Washing Hands"

ဒိန်းမတ်နိုင်ငံရဲ့မူကြိုကျောင်းလေးတစ်ကျောင်းမှာ ကျွန်တော်
အလုပ်ဝင်ကာစက သတိပြုမိတာတစ်ခုရှိပါတယ်။
နေ့လည်စာစားချိန်ရောက်ပြီမို့ ကလေးတွေကိုလက်ဆေးခိုင်းလိုက်ရင်
တစ်ပြိုင်နက်ထဲ ၃၊ ၄ ယောက်လက်ဆေးလို့ရတဲ့ လက်ဆေးခန်းမှာ
တန်းစီနေကြရတာကို သတိထားမိတာပါ။
ရှိတာမှ ၁၄၊ ၅ယောက်မို့ လက်ဆေးခန်းမှာကြာနေကြလို့ သွားကြည့်တော့
သူတို့က ကျွန်တော်တို့လူကြီးတွေထက်ပိုကောင်းပြီး ကျကျနနအချိန်ယူလို့
လက်ဆေးနေကြတာကိုတွေ့ရပါတော့တယ်။
စောင့်ကြည့်နေတဲ့ ဆရာ၊ဆရာမ မရှိပေမဲ့ သူတို့ကိုသင်ပေးထားသလို
စနစ်တကျလက်ဆေးနည်းနဲ့ တစ်ယောက်ကိုတစ်မိနစ်ဝန်းကျင်လက်ဆေး
နေကြတာဖြစ်ပါတယ်။
လူကြီးတွေလည်း စားသောက်ကုန်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ
မှန်သမျှမှာ လုပ်ငန်းခွင်ဝင်ဝင်ချင်း လက်အရင်ဆေးရမှာပဲဖြစ်ပါတယ်။
အဲလိုအလုပ်တွေလျှောက်ပြီဆိုရင်လည်း Hygiejnebevis
လို့ဒိန်းမတ်လိုခေါ်တဲ့(hygiene certificate) တောင်းလေ့ရှိကြပါတယ်။
လုပ်ငန်းခွင်မှာကျန်းမာရေးနဲ့ညီညွတ် သန့်ပြန့်စွာလုပ်ကိုင်နိုင်ဖို့အတွက်
Course လေးတစ်ခုတက် စာမေးပွဲဖြေပြီးမှ hygiene certificate ကို
ရနိုင်မှာဖြစ်ပါတယ်။
လက်ကို အစဉ်သန့်ရှင်းစွာဆေးကြောခြင်းဟာ နေထိုင်မကောင်းဖြစ်တာ၊
ဗိုက်နာတာတွေကို အထူးကာကွယ်ရာရောက်ပါတယ်။
မသန့်စင်တဲ့လက်နဲ့ကိုယ့်မျက်နှာကိုယ်ကိုင်မိရင်လည်း နူးညံတဲ့မျက်နှာ
အရေပြားကိုထိခိုက်စေပါတယ်။
လူတိုင်းလူတိုင်းရဲ့လက်တွေမှာ စနက်တံကိုမီးရှို့ထားတဲ့ ဒိုင်းနမိုက်နဲ့တူတဲ့
ဘက်တီးရီးယားတွေ၊ ရောဂါဖြစ်စေတတ်တဲ့ပိုးမွှားတွေ(Germs) ကပ်ညိ
နေတတ်တယ်လို့ဆိုပါတယ်။
ကမ္ဘာပေါ်မှာ၂.၂ သန်းသောကလေးတွေဟာ ကျန်းမာရေးချို့တဲ့မှုကြောင့်
နှစ်စဉ်သေဆုံးနေကြပြီး လက်ကိုစနစ်တကျဆေးကြောခြင်းဟာ
အဲဒီကလေးတွေသေဆုံးမှုကို ထက်ဝက်ထိလျှော့ချနိုင်ကြောင်း
UNICEF ကပြောပါတယ်။
အညစ်အကြေးတစ်စက်မှာ သန်းချီတဲ့ပိုးမွှားတွေတွယ်ကပ်နေတယ်
ဆိုတာအထူးသတိထားစရာပဲဖြစ်ပါတော့တယ်။
..................................................
"ဆပ်ပြာနဲ့လက်ဆေးသင့်တဲ့အချိန်များ"
(၁) အိမ်သာတက်ပြီးလျှင်
(၂) ကလေးရဲ့အညစ်ကြေးသုတ်သင်ပေးပြီးလျင်
(၃) ကလေးကိုအစားအစာမကျွေးခင်
(၄) အသားစိမ်း၊ ငါးစိမ်း ကိုင်တွယ်ပြီးလျင်
(၅) အစားအစာမစားခင်
......................................................
"စနစ်တကျဆပ်ပြာနဲ့လက်ဆေးခြင်း"
                                                    စနစ်တကျဆပ်ပြာနဲ့လက်ဆေးခြင်းအဆင့်ဆင့်

(၁) လက်ဖ၀ါးပြင်အချင်းချင်း(လက္ခဏာကြောင်းကြားတွေပါ)
(၂) လက်ချောင်းကြားတွေ
(၃) လက်ဖမိုးတွေ
(၄) လက်မအခြေတွေ
(၅) လက်ချောင်းနောက်ဘက်တွေ(လက်စွပ်ဖယ်၍)
(၆) လက်သည်းခွံကြားတွေ
(၇) လက်ကောက်ဝတ်တွေ
ကိုအဆင့်ဆင့်ဆေးကြောရမှာဖြစ်ပြီးစက္ကန့်သုံးဆယ်ထက် လျှော့ပြီး
စနစ်တကျလက်ဆေးခြင်း၊ မဖြစ်နိုင်ဘူးလို့ မှတ်သားရကြောင်း 
ကျွန်တော့်စာရှုသူချစ်ဆွေအပေါင်းကို ဖတ်မိမှတ်ရာအတိုအထွာမျှဝေလိုက်ရပါတယ်ခင်ဗျား။
(ကိုးကား...Wikipedia pages)

(FB post 15.10.17)




"အလုပ်ဟူသမျှ ဂုဏ်ရှိစွ"


ဒိန်းမတ်နိုင်ငံက ကျွန်တော်နေတဲ့မြို့လေးမှာရှိတဲ့
အိမ်နားကကုန်စုံဆိုင်ရှေ့မှာ ဒီသူငယ်၂ယောက် သူတို့ကစားစရာ

အဟောင်းလေးတွေ ချရောင်းနေကြလေရဲ့။
"ငါ့နိုင်ငံက သူတွေ ပြချင်လို့ပါကွာ"ဆိုပြီးဓါတ်ပုံရိုက်ခဲ့တာ။
ကိုယ်တော်ချောလေးတွေက ဂိုက်ပေးတောင် ကြမ်းနေသေး။
Game ကစားတဲ့စက်ဝယ်ချင်လို့တဲ့။
ဒိန်းမတ်မိဘတွေကိုတော့ သြဘာပေးတယ်ဗျာ။
ကိုယ်အပိုသုံးချင်ရင် ကိုယ့်ဘာသာရှာပဲ။


(FB post 12.09.2013). 

Wednesday, 11 October 2017

စာရေးသူ ၏ ကိုယ်ရေးအကျဉ်း

၁၉၆၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြို မြို့၊ မြို့မရပ်ကွက်၌
အဖ ဦးလှမြင့်၊ အမိ ဒေါ်ခင်စန်းမြိုင် တို့မှ မွေးဖွားခဲ့သည်။
အမည်ရင်း မင်းမော် ဖြစ်ပြီးမွေးချင်း ၆ ယောက်တွင်သားအကြီးဆုံးဖြစ်သည်။

မူလတန်းမှသည်အထက်တန်းအထိကို မြို့မရပ်မူလတန်းကျောင်း၊ ရေစကြိုမြို့။ အလက(၄)ရန်ကင်း၊ ရန်ကုန်မြို့။အလက(၂)ရွှေချောင်း၊ ပခုက္ကူ မြို့ ။ အထက(၁)ပခုက္ကူ မြို့တို့တွင် ပညာဆည်းပူးခဲ့သည်။
၁၉၇၂ ခုနှစ်တွင် စတုတ္ထတန်းကို အလက(၄)ရန်ကင်းမှ ပထမဆုဖြင့်အောင်မြင်
ကာ ရန်ကင်းတစ်မြို့နယ်လုံးမှပေးအပ်သောပညာထူးချွှန်ဆုကိုရရှိခဲ့သည်။
၁၉၇၉ ခုနှစ်တွင် ပခုက္ကူ မြို့ အထက(၁) မှ ၁၀ တန်းအောင်မြင်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ပခုက္ကူ ကောလိပ်မှဂုဏ်ထူးဖြင့် ဒုတိယနှစ်ကိုအောင်မြင်ခဲ့ပြီး မကွေးဒီဂရီကောလိပ်၌ တတိယနှစ် တက်ရောက်ခဲ့သည်။
၁၉၇၈ မှ ၁၉၈၂ ခုနှစ်များအတွင်း အထက(၁)ပခုက္ကူ နှင့် ပခုက္ကူ ကောလိပ်
ကျောင်းလက်ရွေးစင်ဘောလုံးအသင်းများတွင်ပါဝင်ကစားခဲ့ပြီး၊ မကွေးတိုင်း (၂၅)မြို့နယ် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲများနှင့်တက္ကသိုလ်ကောလိပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ များတွင် ကျောင်းကိုယ်စားပြု ကာပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။
၁၉၉၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၊ စာပေးစာယူဌာနမှ သမိုင်းဘာသာအထူးပြု ဖြင့် မဟာဝိဇ္ဇာတန်းတက်ရောက်ရန်အရည်အချင်းမှီစွာနှင့် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် ပခုက္ကူ မြို့စာပေးစာယူကျောင်းသားများ
သမဂ္ဂ မှာဦးဆောင်ပါဝင်ခဲ့သည်။ ပခုက္ကူလူ့ဘောင်သစ်ဒီမိုကရက်တစ်ကျောင်းသားပါတီတွင်ဒု ဥက္ကဌ အဖြစ်ရွေးချယ်ခြင်းခံရပြီး ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ ဆော၊ ကျောက်ထု၊ ပေါက်၊ ဆိပ်ဖြူ ၊ရေစကြို ၊ မြိုင်၊ ပခန်းကြီး မြို့များနှင့်ကျေးရွာများအရောက် ဒီမိုကရေစီရေးရာများဟောပြောခဲ့သည်။မြေလတ်ကျောင်းသားများညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းရာတွင်ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ပခုက္ကူ စီးကရက်စက်ရုံတွင် အလုပ်ဝင်ရောက်ခဲ့ကာ ညနေပိုင်းတွင်
အလယ်တန်း၊ အထက်တန်းကျောင်းသားများအား သင်္ချာဘာသာ သင်ကြားပေးခဲ့သည်။
၁၉၉၅ ခုနှစ်တွင်မမိုးမိုးချစ် နှင့်လက်ထပ်ခဲ့ပြီး သမီး မသက်ထက်ငြိမ်းကို ၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့သည်။
၁၉၉၆ မှ ၂၀၀၄ ခုနှစ်ထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နေထိုင်ခဲ့စဉ်အတွင်း ၁၉၉၈ ခုနှစ်
မှာ ကြီးပွါးရေးမဂ္ဂဇင်း ၌ "ဘတ်(စ်)ကား KL (သို့မဟုတ်) ဘတ်(စ်)ကားယဉ်ကျေးမှု"
ပြည်သူ့အကျိုးပြုဆောင်းပါးကိုသက်ထက်(YSO,PKU)ကလောင်အမည်ဖြင့်စတင်ရေးသားခဲ့သည်။
၂၀၀၅ ခုနှစ်မှ ယနေ့တိုင် ဒိန်းမတ်နိုင်ငံတွင် ဇနီးမမိုးမိုးချစ်၊ သမီးမသက်ထက်ငြိမ်းနှင့်အတူ
နေထိုင်လျှက်အလုပ်အားလပ်ချိန်များတွင် မြန်မာပြည်မှစာစောင်များအတွက်
နိုင်ငံအကျိုးပြုဆောင်းပါးများရေးသားလျှက်ရှိပါသည်။

Biography of Min Maw Hla Myint

Min Maw Hla Myint has been working with writing challenged clients for over 15 years.
At 1998, his first article “Kuala lumpur’s Bus (or) Bus nature” was published on Kyipwarya Magazine by the name Thet Htet (YSO, PKU).
He was born on 19 May 1961 in Yesagyo, the easternmost township of Magway Region, Myanmar. He grew up as eldest son among six siblings of his parents, U Hla Myint & Daw Khin San Myaing.
He graduated B.A degree from Mandalay University specialization on History major and he qualified to attend to M.A degree course at1991. 
During his studies, he also participated in High School (1), Pakokku and University’s football team and other sports such as Hurdles, Sprints(running), Long jump. 
He was one of the student’ leaders for 8888 uprising at Pakokku Township during Myanmar 8888 Nationwide Popular Pro-Democracy Protests.
On 1995, he married to Moe Moe Chit and got little treasure, daughter Thet Htet Nyein.
From 2005 onwards, h
e was happily living with his family at Denmark and writing articles those aimed to improve Myanmar country.

By Min Thaw Hla Myint, younger brother of writer.

ဒိန်းမတ်ကမင်္ဂလာဆောင်ဖိတ်စာ

အပေါ်က ဖိတ်စာမှာတွေ့ ရတဲ့အတိုင်းပဲ ဒိန်းမတ်မှာတော့ ပွင့်ပွင့်လင်းလင်းရေးတာဟာ
ပုံမှန်ဖြစ်နေတဲ့ဓလေ့ပါ။
"ကျွန်တော်တို့ မင်္ဂလာဆောင် ကို လူကြီးမင်းတို့ ကြွရောက်ချီးမြှင့်တာဟာပြည့်စုံနေပါပြီ။
လက်ဖွဲ့ ချင်သပဆိုရင်တော့ ပေါင်မုန့် မီးကင်စက်
နောက်ထပ်တစ်လုံး မပေးပါနဲ့ တော့ ပိုက်ဆံပဲပေးပါခင်ဗျာ" တဲ့။
တချို့ ကျတော့လည်း သူတို့ မှာ မရှိသေးတဲ့ လိုအပ်နေတဲ့ ပစ္စည်းစာရင်းကို မင်္ဂလာဆောင်ဖိတ်စာ နဲ့ 
တွဲပြီးဖိတ်တတ်ပါသေးတယ်။ မိတ်ဆွေတွေက လိုနေတဲ့ပစ္စည်းကို စုပြီးသော်လည်းကောင်း၊
တစ်ဦးချင်း သော်လည်းကောင်း၊ တိုင်ပင်ကြပြီး ပစ္စည်းတွေမထပ်အောင် လက်ဆောင်ပေးကြပါတယ်။
သူငယ်ချင်း ၃ ဦးကပေါင်းပြီး အ၀တ်လျှော်စက် လက်ဖွဲ့ မယ်ဆိုရင်လည်း သတို့ သားနဲ့ သတို့ သမီးကို
လှမ်းမေးရပါတယ်။ အ၀တ်လျှော်စက် လက်ဖွဲ့ မယ့်သူရှိနေပြီဆိုရင် သူတို့ က ကျန်စာရင်းထဲမှာပါတဲ့
တစ်ခုခုပေါ့ခင်ဗျာ။
မွေးနေ့ ကျပြန်တော့လည်း ထိုနည်းလည်းကောင်းပါဘဲ။ အဖိတ်ခံရတဲ့သူကနေ မွေးနေ့ ရှင်ကို
ဘာလက်ဆောင်လိုချင်လဲ လှမ်းမေးကြပါတယ်။
၎၊ ၅ နှစ်ကနေ ၁၇၊ ၁၈ နှစ်အထိ ကလေး၊လူငယ်တွေကတော့ ဖိတ်စာနဲ့ အတူ လိုချင်တဲ့ပစ္စည်းစာရင်း
တွဲပို့ တတ်ပါသေးတယ်။
စာရင်းထဲမှာ တွေ့ ရတာတွေကတော့ အရွယ်လိုက်လို့  ချောကလက်တို့ ၊
ကစားစရာပြိုင်ကား၊ ၀က်ဝံရုပ်ကြီးကြီး၊ အင်္ကျီ၊ ပိုက်ဆံ စသဖြင့်တွေ့ ရတတ်ပါတယ်။
ကျွန်တော်တို့သမီး ၁၃နှစ် မွေးနေ့ လုပ်တော့ မိတ်ဆွေတွေက ဘာလိုချင်လဲ လှမ်းမေးကြတဲ့အခါ
သမီးဖြေလိုက်ပုံကတော့..
"ပိုက်ဆံကလွဲပြီး ပေးကြပါ။ ပိုက်ဆံဆိုရင် ဖေဖေနဲ့မေမေကယူထားလို့ ပါရှင်" တဲ့၊
ကဲ..ကောင်းကြသေးရဲ့လားဗျာ။
စာရှုသူအပေါင်းရွှင်ပြုံးနိုင်ကြပါစေ။

(Fb post July23,2013. 1920 shares and 6000++Likes)

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး