Saturday, 28 October 2017

ဖေဖေနဲ့ ကဗျာဆရာကြီးတင်မိုး မင်းသားအံ့ကျော်။

၁၉၇၀ ၀န်းကျင်တုန်းက ရန်ကင်း၊ အထက(၁) မှာ လူငယ့်ရေးရာညကျောင်း
ဖွင့်လှစ်ခဲ့ဘူးပါတယ်။ အထက်တန်းမှာ နေ့ကျောင်းတက်ခွင့်မသာတဲ့ကျောင်းသူ၊
ကျောင်းသားတွေအတွက် စေတနာဆရာ၊ ဆရာမတွေက ညပိုင်းမှာ ဘာသာစုံ
အခမဲ့သင်ပြပေးခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်စီးကရက်စက်ရုံမှာအလုပ်ဝင်နေပြီဖြစ်တဲ့ဖေဖေဟာ အဲဒီညကျောင်းမှာ
ကျောင်းအုပ်တာဝန်ယူပြီး သင်္ချာဘာသာ သင်ပြပေးခဲ့ပါတယ်။
သူငယ်ချင်းသံယောဇဉ်ရော၊ လူငယ်တွေလမ်းမှားမရောက်စေချင်တဲ့ စေတနာ
နဲ့ရော ခပ်ဝေးဝေးကနေ မြန်မာစာဘာသာကို လာရောက်သင်ပြပေးတဲ့သူက
တော့ ဦးဦးဘဂျမ်း(ဆရာတင်မိုး)ဘဲဖြစ်ပါတော့တယ်။
ကျွန်တော့်ဖေဖေနဲ့ဦးဦးဘဂျမ်းက ရေစကြို တစ်နယ်ထဲသား၊ မန္တလေး တက္ကသိုလ်
ထွက်ငယ်သူငယ်ချင်းတွေပါ။
၂ ယောက်စလုံးက စာသင်ရတာလည်းဝါသနာကြီး၊ အသင်အပြကလည်း ကောင်း
ကြတာကြောင့် တခြားရပ်ကွက်တွေက ကျောင်းသားတွေပါ ရန်ကင်းညကျောင်း
ကို လာတက်ကြပါတယ်။

ဦးဦးဘဂျမ်း ၁၀တန်းတုန်းက ဖြေခဲ့တဲ့ မြန်မာစာ အဖြေလွှာကသိပ်ကောင်း
လွန်းလို့ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာပါမောက္ခကြီး ဦးဧမောင်ကတောင်သူ့ကိုလာတွေ့
ဖို့ခေါ်ယူခြင်းခံခဲ့ရဘူးကြောင်းလည်းသိရပါတယ်။
အဲဒီခေတ်က ရေစကြို ကနေ ရန်ကုန်သွားဖို့မလွယ်တာကြောင့် ဦးဦးဘဂျမ်းဟာပါမောက္ခကြီးကို သွားမတွေ့နိုင်ခဲ့ပါဘူး။
၁၀တန်းကို မြန်မာစာဂုဏ်ထူးနဲ့အောင်တဲ့အခါ ဦးဦးဘဂျမ်းဟာတက္ကသိုလ်တက်ဖို့ အခက်အခဲရှိတာနဲ့နယ်မှာဘဲကျောင်းဆရာလေးလုပ်နေခဲ့ပါတယ်။
တက္ကသိုလ်တွေဖွင့်တဲ့အခါမှာတော့ ပါမောက္ခကြီးဦးဧမောင်ဟာ သူ့ကိုလာမတွေ့လို့နေပစေ
လို့သဘောမထားဘဲ မောင်ဘဂျမ်း တက္ကသိုလ်တက်မတက်စောင့်ကြည့်ပြီး
တက္ကသိုလ်ကိုရောက်မလာတဲ့အတွက် မန္တလေးတက္ကသိုလ်က မြန်မာစာပါမောက္ခကို
ဆက်သွယ်လို့ မောင်ဘဂျမ်း တက္ကသိုလ်တက်နိုင်အောင်စီစဉ်ပေးပါတော့တယ်တဲ့။
မြန်မာစာ အတွက် အမြော်အမြင်ရှိရှိ မျိုးဆက်သစ်မွေးတဲ့ သဘောဖြစ်ကြောင်း၊
"မင်္ဂလာရှိတဲ့အချိန်" ဆိုပြီး ဆရာကြီးဦးတင်မောင်သန်းရေးတဲ့ ဆောင်းပါးလေးကနေ
ဖတ်ရှုမှတ်သားရပါတယ်။

ကျွန်တော့်ဖေဖေ ဦးလှမြင့် ဟာလည်းရေစကြို ကနေ ၁၀တန်းအောင်တဲ့အခါမှာ
မန္တလေးတက္ကသိုလ် ကိုတက်ရောက်ခဲ့ပါတယ်။ အဲဒီခေတ် အင်တာလို့ခေါ်တဲ့
ISc part 2 အောင်တဲ့အခါ တက္ကသိုလ်ဆက်တက်နိုင်ဖို့အတွက် ကျောင်းခဏနားပြီး
ပခုက္ကူ ၊ အထက(၂) မှာ အထက်တန်းပြဆရာဝင်လုပ်လို့ သင်္ချာဘာသာ သင်ပြပေး
ခဲ့ပါတယ်။ အဲဒီခေတ် ၁၉၅၅ ၀န်းကျင်တွေတုန်းက ၇တန်းအောင်ရင်ဘဲ ဆရာဖြစ်ခန့်လို့
ရတဲ့အတွက် ၁၀တန်းအောင်ဆရာတောင်ရှားကြောင်းသိရပါတယ်။
မန္တလေး တက္ကသိုလ်ပြန်တက်တော့လည်း ကျောင်းစားရိတ်ကာမိအောင်နဲ့မိဘကိုလည်း
ထောက်ပံ့နိုင်အောင် အဲဒီခေတ်ကမန္တလေးမှာနံမည်ကြီးတဲ့ အောင်မင်္ဂလာ အလွတ်ပညာ
သင်ကျောင်းလိုမျိုးတွေမှာ တက္ကသိုလ်တက်ရင်း သင်္ချာဘာသာကိုသင်ပြပေးခဲ့ပါတယ်။
အလွတ်ပညာသင်ကျောင်းပိုင်ရှင်တွေကလည်း ဖေဖေသင်္ချာအသင်အပြကောင်းတာကြောင့်
လက်မလွတ်ချင်ကြကြောင်းသိရပါတယ်။

"ပညာရဲရင့် ပွဲလယ်တင့်" ဆိုတာရယ် အဲဒီခေတ်ကလူကြီးတွေ တက္ကသိုလ်ပညာကို
လွယ်လွယ်နဲ့သင်ယူခဲ့ကြရတာမဟုတ်ကြောင်း ခေတ်လူငယ်တွေ အတုယူဆင်ခြင်နိုင်ကြ
ရအောင်နဲ့ ပညာကိုတန်ဘိုးထားတတ်အောင်များ ပြောပါတယ်။

ဦးဦးဘဂျမ်းနဲ့ဖေဖေတို့ ရန်ကင်းလူငယ့်ရေးရာညကျောင်း လေးကိုအတူဆောင်ရွက်ခဲ့စဉ်
အခါက လမ်းသူရဲဆိုတဲ့ဝေါဟာရပေါ်ကာစဖြစ်ပြီး မိဘတွေလည်း ငါ့သားလေးများ
လမ်းသူရဲဖြစ်သွားမလား၊ လမ်းသူရဲတွေနဲ့များပေါင်းမိသွားမလား စိုးရိမ်ပူပန်နေကြရတဲ့
ကာလတွေဖြစ်ပါတယ်။
၁၀တန်းကျပြီး အပြင်ရောက်သွားတဲ့ လူငယ်အချို့တွေဟာ ဆံပင်ရှည်ကြီးတွေထား၊ ခေါင်းလောင်း
ဘောင်းဘီတွေဝတ်ပြီး မကြာခဏလည်း ချိန်းပြီးရိုက်ကြတာတွေရှိပါတယ်။ ရန်ကင်းရပ်ကွက်
ကလည်းနံမည်ကြီးသလို ကျွန်တော်တို့နေတဲ့ဘောက်ထော်မှာလည်း စိန်ဂေါ်လီဂိုဏ်း ဆိုပြီး
လူငယ် လမ်းသူရဲဂိုဏ်းတွေရှိခဲ့ဘူးပါတယ်။
(စကားချပ်အနေနဲ့ပြောရရင် ကျွန်တော်အခုဥရောပမှာနေတဲ့အခါမှ လေ့လာကြည့်တော့ သူတို့
ဆီမှာဒီလိုဖြစ်ခဲ့တာ ကျွန်တော်တို့နိုင်ငံထက် ၁၀နှစ်ကျော်ဝန်းကျင်စောကြောင်းသွားတွေ့ရပါတယ်။
ခုတော့ယဉ်ကျေးမှု ဖလှယ်ကူးစပ်မှုအလွန်မြန်နေပါပြီ။ မကောင်းတဲ့ယဉ်ကျေးမှုတွေကို တိုက်ဖျက်ရမှာ
တော့ ကျွန်တော်တို့လူကြီးတွေမှာတာဝန်အများကြီးရှိသလို လူငယ်တွေလည်းအသိဥာဏ်ပြည့်ဝ
နေဖို့ ကိုယ်ခံအားကောင်းကြဖို့အထူးလိုအပ်ပါတယ်)

အလွန်ရည်ရွယ်ချက်ကောင်းတဲ့ လူငယ်ပညာပေး "သမန်းကျား" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလည်း
ရုံတင်ခဲ့ပါသေးတယ်။ အဲဒီတုန်းကမင်းသားသစ် ကိုမြင့်၊ ၀င်းလှိုင်၊ တိုးညွန့် အစရှိသူတို့က
လမ်းသူရဲကျောင်းသားဆိုးတွေအနေနဲ့သရုပ်ဆောင်ခဲ့ကြပုံရပါတယ်။
အဲဒီကားရုံစတင်တော့ ဦးဦးဘဂျမ်းနဲ့ဖေဖေက ကျွန်တော့်ကိုခေါ်လို့ တာမွေက ရွှေဗဟိုရ် ရုံမှာ
သွားကြည့်ခဲ့ကြပါတယ်။ အပေါ်ထပ် DC တန်းမှာတော့ မေတ္တာလက်မှတ်နဲ့လာကြည့်တဲ့
ကျွန်တော်တို့ ၃ယောက်ပဲရှိပြီး အောက်ကိုငုံ့ကြည့်တော့လည်း လူလေးခြောက်တိခြောက်ကပ်
ပဲရှိတာမို့ ပျင်းစရာကောင်းတဲ့ကားနေမှာလို့တွေးမိပေမယ့် ၁၀နှစ်ဝန်းကျင်ပဲရှိသေးတဲ့ကျွန်တော်
ဟာ ချိန်းရိုက်ပွဲချခန်းတွေပါတာကြောင့် ကြိုက်သွားရပါတော့တယ်။
"ဇာတ်ကားကအကောင်း လှမြင့်ရ၊ လူတွေဘာလို့လာမကြည့်ကြသလဲမသိဘူး" လို့ ဦးဦးဘဂျမ်း
က ဖေဖေ့ကိုပြောတဲ့အခါ"ကောင်းမှန်းသိသွားကြရင်တော့ လာကြည့်ကြမယ်ထင်ပါတယ် ဘဂျမ်းရာ"
လို့ ဖေဖေပြန်ပြောခဲ့သလို အဲဒီဇာတ်ကားရုံတင်ပြီး တစ်ပါတ်လောက်ကျော်တဲ့အခါမှာတော့
ရုံပြည့်အောင် အားပေးခံခဲ့ရပါတော့တယ်။
ကြုံ ကြိုက်လို့ပြောရရင်တော့ အဲဒီဇာတ်ကားမှာစတင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသား ကိုမြင့်
ဟာလည်း ဖေဖေတို့ တပည့်ဖြစ်ခဲ့ဘူးကြောင်းသိရပါတယ်။ လက်မှတ်ကလည်း သူပေးတယ်
ထင်ပါတယ်။ ကောင်းကောင်းမမှတ်မိတော့ပါဘူး။

အဲဒီလိုခေတ်အခြေအနေမှာ လူငယ်တွေကျောင်းခန်းအပြင်ဘက်ရောက်မသွားကြရလေအောင်
ဦးဦးဘဂျမ်းဆိုရင်လည်း ရန်ကုန်မြို့ထဲကနေ ရန်ကင်းကို တကူးတကလာလို့ ဖေဖေဆိုရင်လည်း
စီးကရက်စက်ရုံရှိရာ ကမာရွတ်ကနေ ဘောက်ထော်ပြန်လာပြီးမှ ရန်ကင်းကိုသွားလို့ အပြင်ရောက်
နေတဲ့ကျောင်းသားတွေကိုစည်းရုံးရင်းစာသင်ပေးခဲ့ကြတာပါ။ ကမာရွတ် စီးကရက်စက်ရုံမှာ
အလုပ်ဝင်နေတဲ့ ၁၀တန်းအပြင်ရောက်ကျောင်းသားတွေပါ ရန်ကင်းကိုလာတက်နိုင်အောင်
ဆောင်ရွက်ခဲ့ကြပါတော့တယ်။

ကျွန်တော်တို့မိသားစု အဲဒီအချိန်တုန်းက ဘောက်ထော်၊ သုခိတာလမ်းထိပ်မှာ လုံးချင်းအိမ်လေး
ဌားနေကြပါတယ်။ အိမ်လခ ၆၀ ကျပ်ပေးရပြီး ရေစကြိုကအဘိုးနဲ့အဘွားအပြင် အမျိုးတွေပါ
လာနေလို့ရပါသေးတယ်။
မေမေ ဒေါ်ခင်စန်းမြိုင်က မြောက်ဥက္ကလာ၊ အလက(၃)မှာ အထက်တန်းပြဆရာမလုပ်နေပါတယ်။
ဖေဖေကတော့ ညကျောင်းရှိတဲ့နေ့တွေမှာ အလုပ်ရှိရာစီးကရက်စက်ရုံကနေအိမ်အရင်ပြန်လာပြီး
မူလတန်းကျောင်းသား ကျွန်တော့်ကိုပါခေါ်လို့ ညကျောင်းရှိရာ ရန်ကင်းအထက(၁)ကို
အတူသွားခဲ့ကြလေ့ရှိပါတယ်။
အမှတ်(၁) ဘတ်(စ်)ကားကြုံရင်လည်း ကျောက်ကုန်းဂိတ်ဆုံးထိ ၅ပြားလား၊၁၀ပြားလား ပေးစီးပြီး
ရန်ကင်းထိလမ်းဆက်လျှောက်တဲ့နေ့တွေရှိသလို များသောအားဖြင့်သားအဖ၂ယောက်
လမ်းလျှောက်သွားကြပါတယ်။ မိနစ် ၂၀ ၀န်းကျင်ဘဲလျှောက်ရပါတယ်။

ညကျောင်းတက်ချိန်တွေမှာတော့ ၄တန်းကျောင်းသားကျွန်တော်ကဖေဖေ့အခန်းလိုက်တက်လိုက်၊
ဦးဦးဘဂျမ်းအခန်းလိုက်တက်လိုက် နဲ့ပေါ့ခင်ဗျား။
ကျောင်းဆင်းအပြန်ကျရင်တော့ ဦးဦးဘဂျမ်းကအိမ် အမြဲလိုက်လာတတ်ပါတယ်။
တစ်ခါတစ်လေပြား၃၀တန် လက်ဘက်ရည်သောက်ရင်း သူတို့သူငယ်ချင်း၂ယောက်စကားပြောကြ
ပါတယ်။ ကျွန်တော်က ၁၀ပြား၊၁၅ပြားဖိုးမုန့်စားခွင့်ရပါတယ်။
ဦးဦးဘဂျမ်းက ကျွန်တော်တို့အိမ်အမြဲလိုက်လာပြီးမှ သူ့အိမ်ရှိရာကိုဆက်ပြန်သွား
တာပဲဖြစ်ပါတယ်။

ဦးဦးဘဂျမ်းကတော့ ဘယ်အချိန်ကြည့်ကြည့် ပင်နီတိုက်ပုံတစ်ပတ်နွမ်းနဲ့
လွယ်အိတ်လွယ်၊ဆေးပေါ့လိပ်ခဲနေတာ သူ့အမှတ်တံဆိပ်ပါပဲ။
ရန်ကုန်မြို့ထဲကို ဖေဖေနဲ့ ဘားလမ်းမှာ နဂါး(ရွှေပတ်)ဆေးပေါ့လိပ် သွားဝယ်ကြတုန်းက "ဟိုမှာ ဦးဦးဘဂျမ်းကြီး" လို့ အဝေးကြီးကနေမျက်နှာမမြင်ရသေးဘဲဖေဖေ့ကိုပြခဲ့
ဘူးပါတယ်။ အနားရောက်တော့ တကယ်လည်းဟုတ်နေပါတယ်။

 ညကျောင်းလာတက်တဲ့မင်းသားအံ့ကျော်(ဦး)
..................................................

"ကျွန်တော်တို့ လာကန်တော့တာပါ ခွင့်ပြုပါ ဆရာ"
ကျွန်တော်တို့အိမ်မှာ ဖေဖေရောဦးဦးဘဂျမ်းပါရှိနေတုန်း အဲဒီအချိန်ကတည်းက ရုပ်ရှင်တွေ
စရိုက်နေပြီဖြစ်တဲ့ မင်းသားအံ့ကျော်နဲ့သူ့သူငယ်ချင်းတွေ မပြောမဆိုပေါက်ချလာပြီး
ပြောလိုက်တာဖြစ်ပါတယ်။
ဖေဖေနဲ့ဦးဦးဘဂျမ်း တို့က " မင်းတို့ဟာကဘာကြောင့်တုန်းဟ.ဘာလို့တုန်း" နဲ့မေးတော့
မှ အံ့ကျော် က ဖေဖေတို့ ဘာမှမသိတဲ့ အကြောင်းရင်းကိုရှင်းပြပါတော့တယ်။

ညကျောင်းမှာလာတက်ကြတဲ့ ကျောင်းသားတွေအကျိုးရှိအောင်နဲ့ အပျော်လာတက်ကြ
တာသက်သက်မဖြစ်အောင်၊အတန်းတက်ဖြစ်ကြအောင်၊ အပြင်မှာဟေးလားဝါးလား
လုပ်မနေကြအောင် ဖေဖေတို့ကစည်းကမ်းတွေကိုင်တာရှိခဲ့ပါတယ်။

အံ့ကျော်(ဦး)တို့အဖွဲ့တွေက ဒီအညာသားတွေ ရန်ကင်းညကျောင်းမှာ လာလူတွင်ကျယ် လုပ်တာပဲဆိုပြီး ၀ိုင်းရိုက်ဖို့သူတို့စီစဉ်ခဲ့ကြဘူးပါတယ်တဲ့။
နောက်မှ ဖေဖေတို့စေတနာမှန်ကို သဘောပေါက်လာကြပြီး အဲဒီလိုပြစ်မှား
ခဲ့မိတာကို ခုလိုလာပြီးတောင်းပန်ကန်တော့တာပါလို့ ရှင်းပြခဲ့ပါတော့တယ်။
လူကြမ်းမင်းသားကြီးရဲ့ ရင်ထဲကအလှတရားပါ။

ခုတော့သူတို့တွေမရှိကြတော့ပေမဲ့ သူတို့ရဲ့လောကကိုအလှဆင်ခဲ့ဘူးတဲ့
ဘ၀တစ်စိတ်တစ်ဒေသကို ကျွန်တော့်ရဲ့ ချစ်စွာသောစာဖတ်သူများနဲ့မျှဝေခံစားရင်း
လောကကိုအလှဆင်သူများဖြစ်နိုင်ကြပါစေလို့ ဆန္ဒမွန်ပြု လိုက်ရကြောင်းပါခင်ဗျား။

(မြန်မာတိုင်းမ် ၂၀၁၇ သြဂုတ်၂၂)

No comments:

Post a Comment

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး