Sunday, 24 December 2017
"ရောမရေချမ်းစင်" (Water fountains in Rome, Italy)
                                        ဗင်းနစ်မြို့ထဲကသောက်ရေသန့်တိုင်
အီတလီနိုင်ငံ၊ ရောမမြို့တော်ရဲ့ နေရာအနှံအပြား
မှာသောက်ရေတိုင်(ရေချမ်းစင်) လေးတွေကနေ ဖွင့်စရာမလိုပဲ
သောက်ရေသန့်တွေအမြဲထွက်ကျနေတာကို တွေ့ရမှာဖြစ်ပြီး လူများ
သောက်နိုင် သုံးနိုင်ကြပါတယ်။
ကျွန်တော်တို့နေထိုင်ရာ ဒိန်းမတ်နိုင်ငံမှာတော့ Tap water လို့ခေါ်တဲ့
အိမ်တွေကိုလာတဲ့ရေတိုင်းဟာ သောက်ရေသန့်ဖြစ်ပြီး အန္တရာယ်ကင်းစွာ
သောက်သုံးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ကျွန်တော်သိသလောက် ဆွီဒင်၊ နော်ဝေး၊ ဂျာမဏီ၊ ဘယ်(လ်)ဂျီယမ်၊ ဆွစ်စလန်၊
ဟော်လန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဖင်လန်၊ အိုင်ယာလန် စတဲ့နိုင်ငံတွေမှာလည်း
Tap water ဟာသောက်ရေသန့်ဖြစ်ကြောင်းသိရပါတယ်။
ဒါကြောင့်အဲဒီနိုင်ငံတွေသွားရင် သောက်ရေဘိုးအထူးထည့်တွက်စရာ
မလိုပေဘူးပေါ့ခင်ဗျာ။
အီတလီနိုင်ငံက ရောမ၊ ဗင်းနစ် စတဲ့မြို့တွေမှာတော့ လမ်းဘေးနေရာ
အနှံအပြားမှာ သောက်ရေသန့်တိုင်လေးတွေရှိပေမယ့် ဟော်တယ်မှာ
သောက်ဖို့နဲ့ ကိုယ်သောက်ချင်တဲ့အချိန်မှာသောက်နိုင်ဖို့အတွက်ကတော့
ဈေးဆိုင်တွေကနေ သောက်ရေသန့်ဝယ်သောက်ရမှာပဲဖြစ်ပါတယ်။
သောက်ရေသန့်တိုင်လေးတွေ တွေ့တဲ့အခါမတော့ အလကားရေဖြည့်
လို့ရတာပေါ့။
ရောမမှာအခုလို အများပြည်သူသောက်သုံးဖို့ သောက်ရေတိုင်တွေကို
တွေ့ရပြီး သမိုင်းကိုပြန်ကြည့်မိတော့
ဟိုး..လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်နီးပါး ကတည်းက ပရိသတ်
ခြောက်သောင်းဝန်းကျင်ကြည့်ရှုနိုင်တဲ့ လူသတ်ကွင်းကြီး (Colosseum)
မှာလူတွေသောက်သုံးနိုင်ဖို့ ရေထွက်ပေါက်ရေပန်း ငါးဆယ်ဝန်းကျင်
ပြုလုပ်ပေးထားခဲ့ဘူးကြောင်းတွေ့ရပါတော့တယ်။
ပြည်သူတွေသောက်ရေ၊ သုံးရေ ဖူလုံအောင် ရှေးလူကြီးတွေအမျှော်အမြင်
နဲ့စီစဉ်ခဲ့ကြပုံများပြောပါတယ်။
                                                ရောမမြို့တော်ထဲကသောက်ရေသန့်တိုင်တစ်ခုမှာ
...................................................
"ယောက်ျားများဈေးဝယ်တော်ချက်"...(ရောမမှာရေ၀ယ်ခြင်း)
ရောမမြို့ထဲက ဈေးဆိုင်တိုင်းမှာ ရေသန့်ဘူးတွေကို ဆိုင်ရှေ့တွေမှာ
အများအပြားချရောင်းနေကြတာတွေ့ရပါတယ်။
ကျွန်တော်တို့မိသားစု ရောမရောက်တော့ လျှောက်လည်ကြပြီး ညဘက်
ဟော်တယ်အပြန်လမ်းမှာ သောက်ရေသန့် ၀င်ဝယ်၊ဘူးကြီးတွေ ထမ်းလို့
စကားတပြောပြောနဲ့ ပြန်နေကျဖြစ်ပါတယ်။
ရေသန့်ဘူးကြီး ၆ ပုလင်း Packageလုပ်ထားတာကို သားအမိ၂ယောက်
ဝင်ဝယ်နေကျပါ။ နှစ်ရက်တစ်ကြိမ်ဝယ်ရပါတယ်။
ကျွန်တော်က သူရို့ဝယ်ပြီးထွက်လာမှ ကူသယ်ပေးရုံပါပဲ။
တစ်ညသားတော့ ညဆယ်နာရီဝန်းကျင်လည်းရှိနေတာမို့ ထမင်းစားပြီးကြရင်
ဟော်တယ်တန်းပြန်နိုင်အောင် တရုတ်ဆိုင်မှာ ဟင်းတွေမှာထားတုန်း
သူရို့သားအမိထားခဲ့ပြီး ကျွန်တော်ကအနားမှာရေသန့်ဘူး ၀ယ်ရအောင်
ထွက်ခဲ့ပါတယ်။
တစ်မိနစ်လောက်လျှောက်ကြည့်လိုက်တော့ မီနီမာကက်တစ်ခုတွေ့ပြီး
ဆိုင်ရှေ့မှာ ရေသန့်ဘူးတွေစီချထားတာတွေ့တော့ပျော်သွားပါတယ်။
ကျွန်တော်တို့ဝယ်နေကျ ခြောက်ဘူးအတွဲလိုက်လည်းတွေ့ရပါတယ်။
သူရို့သားအမိပဲဝယ်နေကျမို့ ဘယ်လောက်ပေးရမှန်း မသိပါဘူး။
ဈေးအရင်မေးနေရင် ပေါက်ဈေးမသိတဲ့ကောင်ဆိုပြီးဈေးတင်ပြောမှာ
စိုးတာကြောင့်...
ဈေးသိပြီးသားပုံစံနဲ့ ခြောက်ပုလင်းတွဲကိုယူလို့ ကောင်တာပေါ်တင်ရင်း
"ဒါ..ယူမယ်" ဆိုင်ရှင်မုတ်ဆိတ်ကို ခပ်တည်တည်နဲ့ဖိန့်လိုက်ပါတယ်။
မုတ်ဆိတ်ကလည်း ကျွန်တော့်ကိုတစ်ချက်ရှိုးလို့ " five euro"
လို့ ပြောလို့ ထုတ်ပေးဝယ်ခဲ့ပါတော့တယ်။
တရုတ်ဆိုင်ပြန်ရောက်တော့ "အဖေကြီး ဘယ်လောက်ပေးခဲ့ရတုန်း" တဲ့
အေးရာအေးကြောင်း သူရို့ထက်လည်းသာအောင် တစ်ကျပ်လျှော့လို့
"လေးကျပ်" (4euro) လို့ဖြေလိုက်ပါတယ်။
ဈေးသိပ်မကွာပါဘူး ဆိုတာကြောင့် ညည်းတို့ဘယ်လောက်ပေးရတုန်း
ဆိုတော့ သုံးကျပ် (3euro)ပဲ ပေးရကြောင်းသိရပါတော့တယ်။
တော်သေးရဲ့ တစ်ဆယ်(10euro) မပြောလိုက်တဲ့ မုတ်ဆိတ်ကိုတောင်
ကျေးဇူးတင်ရတော့မလိုလို....
(1euro=1500 kyats ၀န်းကျင်)
(Facebook post. 14th July.2017.)
ကိုးကား        Wikipedia pages
"ကလေး၊ လူငယ်၊ လူကြီးတို့အတွက်မြန်မာ့စွယ်စုံကျမ်း.."
"သားရေ ဖေဖေတို့ စွယ်စုံကျမ်းတွေဝင်မယူခင် ဆီချက်ခေါက်ဆွဲ အရင်
စားကြရအောင် ဟေ့"
စာပေဗိမာန် စာအုပ်အရောင်းဆိုင်ထဲမ၀င်ခင်ဖေဖေက ကျွန်တော်
ကြားချင်နေတဲ့စကားကိုပြောလိုက်တာပါ။
၁၉၇၂ ၀န်းကျင်ရဲ့ တစ်ရက်သောနေ့လည်ခင်းတစ်ခုမှာ
ကျွန်တော်တို့နေထိုင်ရာ ဘောက်ထော်၊ သုခိတာလမ်းကနေ
သားအဖ၂ယောက် ဖေဖေမှာထားတဲ့မြန်မာ့စွယ်စုံကျမ်း အချို့
ယူဖို့ ရန်ကုန်မြို့ထဲကိုထွက်လာခဲ့ကြတာဖြစ်ပါတယ်။
ကျွန်တော်က ရန်ကင်း၊ အလက(၄)မှာ တက်နေတဲ့ စတုတ္ထတန်းကျောင်းသား
ဖြစ်ပြီး၊ ညီမလေးဖြစ်သူ တင်တင်ခိုင်က သူငယ်တန်းကျောင်းသူကြီးပေါ့ခင်ဗျာ။
ဖေဖေ ဦးလှမြင့်ကတော့ ရန်ကုန်၊ ကမာရွတ်၊ သုခလမ်းကစီးကရက်စက်ရုံ မှာ
အလုပ်ဝင်နေပြီး ညပိုင်းမှာတော့ ရန်ကင်း၊ အထက(၁) မှာဖွင့်လှစ်ထားတဲ့
လူ့ငယ့်ရေးရာညကျောင်းမှာကျောင်းအုပ်တာဝန်ယူကာ သူငယ်ချင်းဖြစ်တဲ့
ကဗျာဆရာကြီး ဦးတင်မိုးနဲ့အတူ စာသင်ပြနေတဲ့အချိန်ဖြစ်ပါတယ်။
မေမေ ဒေါ်ခင်စန်းမြိုင် အလက(၃)မြောက်ဥက္ကလာ မှာ အထက်တန်းပြ
ဆရာမ တာဝန်ထမ်းဆောင်နေစဉ်တုန်းကပေါ့ခင်ဗျား။
လွန်ခဲ့တဲ့ ၄၅ နှစ်ဝန်းကျင်က အာရုံမှာဝိုးတ၀ါးထင်ကျန်နေဆဲ ပုံရိပ်လေးတွေ
ကို ပြန်ဖမ်းရရင်တော့ ဟံသာဝတီအ၀ိုင်းနားက အဆောက်အဦးမှာ တင်ထားတဲ့
စာပေဗိမာန် ဆိုတဲ့ ဆိုင်းဘုတ်ကို မှတ်မှတ်ရရ ရှိနေပါသေးတယ်။
အဲဒီထဲကိုလည်းမရောက်ဘူးပေမယ့် ပြည်လမ်းပေါ်ကဖြတ်သွားတိုင်း ဖတ်နေကျ
ဆိုင်းဘုတ်မို့မှတ်မိနေတာပါ။ ပုံနှိပ်ဌာန ဖြစ်ပုံရပါတယ်။
ကျွန်တော့်ကို ဖေဖေခေါ်သွားတဲ့ စာပေဗိမာန်အရောင်းဆိုင်ကတော့
၁၉၇၀ ၀န်းကျင်အချိန်တွေမှာ အိန္ဒိယဇာတ်ကားတွေတင်တတ်တဲ့ "သီဟ"
ရုပ်ရှင်ရုံနားကနေလမ်းဆက်လျှောက်သွားကြပုံရပါတယ်။
ကုန်သည်လမ်း ပေါ်ကနေ နည်းနည်းဝင်လိုက်ရင်ရောက်ပြီလို့ထင်ပါတယ်။
အသက် ၄၀ကျော်ကာစ ဖေဖေနဲ့ ကျွန်တော် ၁၁ နှစ်သားတုန်းက ပုံရိပ်လေး
တွေဖြစ်ပြီးဖေဖေမရှိတော့ပေမယ့် ကျွန်တော့်အာရုံမှာတော့ထင်ကျန်နေဆဲ
ပါ။
အဲဒီစာပေဗိမာန်ရှေ့နားက တွန်းလှည်းနဲ့ တရုတ်ကြီးရောင်းတဲ့ ဆီချက်ခေါက်ဆွဲကို
ဖေဖေက အဲဒီနားရောက်တိုင်းဝယ်ကြွေးနေကျဖြစ်လို့ ဒီဆောင်းပါးအဖွင့်
မှာရေးထားတဲ့အတိုင်း ဖေဖေက ဆီချက်စားမယ် ပြောလိုက်တော့ ကျွန်တော်ဝမ်းသာသွား
တာပဲဖြစ်ပါတော့တယ်။
ကြုံကြိုက်လို့ပြောရရင်တော့ ဖေဖေရော၊ ကျွန်တော်ပါ ဆီချက်ခေါက်ဆွဲ
ကြိုက်ပါတယ်။ ဆီချက်ကောင်းတဲ့ဆိုင်တွေကိုလည်းရှာစားလေ့ရှိပါတယ်။
စီးကရက်စက်ရုံမှာ အလုပ်လုပ်တဲ့ တရုတ်လူမျိုး ဦးရွှေက တစ်ခါတစ်ရံ
ကမာရွတ်ကနေဘောက်ထော် ကျွန်တော်တို့အိမ်အထိ လာလို့ ဆီချက်ခေါက်ဆွဲ
လာလုပ်ပေးတတ်သလို ဖေဖေကိုယ်တိုင်လည်း အလုပ်အားရက်အချို့မှာ
ကိုယ်တိုင်လုပ်ပေးပြီး မိသားစုထမင်းလွတ်စားလေ့ရှိပါတယ်။
ရေနံဆီမီးဖိုသုံးရတဲ့ခေတ်တွေပေါ့ခင်ဗျား။
(ဒိနောက်ပိုင်းကျွန်တော်အဝေးကြီးရောက်နေချိန်တွေမှာ အသက် ၇၀ ကျော်ဖေဖေက
အတူနေခဲ့တဲ့ ကျွန်တော့်ဇနီးကို တစ်ခါတစ်ရံ ဆီချက်ခေါက်ဆွဲ လုပ်ခိုင်း
တတ်ကြောင်းသိရပါတယ်။)
ဆီချက်တစ်လုံး(တစ်ပွဲ)ကို တစ်ကျပ်ပေးရတဲ့အချိန်မှာ
စာပေဗိမာန် နားက အဲဒီ ဆီချက်ခေါက်ဆွဲဆိုင်ကတော့တစ်ပွဲကို သုံးမတ်
(၇၅ ပြား) ပဲ ပေးရတဲ့အပြင် အရသာလည်းအလွန်ရှိတာကြောင့် အင်မတန်
ရောင်းကောင်းတာတွေ့ရပါတယ်။
အမဲအူပြုတ်ကတော့ ၅မူးပေးရင် ချွေးပျံအောင်ပူပူနွေးနွေးသောက်လို့ရပါတယ်။
ပခုက္ကူသား ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ၊ စာရေးဆရာတွေဖြစ်ကြတဲ့
ကိုသိန်းအေး(လူထင်း)၊ ကိုစိုးမြင့်သန်း(နွေသင်နိုင်)တို့ တင်ထားတာတွေ
ဖတ်ရပြီး စွယ်စုံကျမ်း တွေပြန်ထုတ်မယ်ကြားရပါတယ်။
ကျွန်တော်နဲ့စွယ်စုံကျမ်းအကြောင်းကတော့ ရေးမယ်ဆိုတေးထားတာ နှစ်ချီ
နေပေမယ့် မရေးဖြစ်သေးပဲ ခုပြန်ထုတ်မယ်ဆိုကြားကာမှ ၀မ်းသာပြီးရေး
ဖြစ်ပါတော့တယ်။
ဒီလိုနဲ့ ၁၉၇၀ ၀န်းကျင်ကထဲက မြန်မာ့စွယ်စုံကျမ်း တွေဟာ ကျွန်တော်တို့အိမ်
ကိုရောက်ရှိလာပါတော့တယ်။
အတွဲလိုက်ထုတ်ဝေတာဖြစ်တာကြောင့် အတွဲစုံအောင်အဲဒီတုန်းက၀ယ်လို့
မရခဲ့ပေမဲ့ စာပေဗိမာန်ကိုတစ်ခေါက်သွားရင် ၂အုပ်၊ ၃အုပ် ရခဲ့တတ်ပြီး
နောက်ဆုံးမှာတော့ ၀ယ်လို့ရတဲ့ ၆အုပ်(၆တွဲ) ကျွန်တော်တို့ ဘောက်ထော်၊
သုခိတာလမ်းက အိမ်လေးရဲ့စာအုပ်စင်လေးပေါ်ရောက်ရှိလာတော့တာပါ။
တစ်အုပ်ကို အစိတ်(၂၅ ကျပ်) ပေးရကြောင်းဖေဖေပြောပြဘူးပါတယ်။
...........................................
"ကလေးတွေ ဆော့ကစားပါစေ.အပြင်စာဖတ်ပါစေ..."
၃တန်း၊ ၄တန်း ပဲရှိသေးတဲ့ကျွန်တော်ဟာ သုခိတာလမ်းထဲမှာ ဆော့ကစား
တဲ့နေရာမှာလည်း ရှေ့တန်းကပါခဲ့ပါတယ်။
စွန်ခေတ်၊ ဂျင်ခေတ်၊ ဂေါ်လီရိုက်ကြတဲ့ခေတ်၊ တွေမှာလည်းနောက်မကျစေပဲ
ရုပ်ပုံကားချပ်ဆိုလည်းထပ်လိုက်တာပဲ၊ ဂွေလှိမ့်ကြမယ်၊ ကြွေပန်းကန်စေ့
ထောင်ပစ် ကစားခဲ့ကြပါတယ်။
အိမ်မှာ ကြွေပန်းကန်ကွဲရင်ပျော်နေတာပေါ့ခင်ဗျား။
သားရေကွင်းခေတ်မှာဆိုရင်လည်း လက်မှာသားရေကွင်းတွေအများကြီးစွပ်ထား
နိုင်သူက ဆရာကြီးပေါ့။
ထုတ်စီးတိုးတာတောင် ရိုးရိုးမဟုတ်ပဲ ဒိုင်ဗင်ပစ်ဖမ်းလို့ရတဲ့ "ထုတ်ကြမ်း" ဆိုပြီး
ကျွန်တော်တို့ သုခိတာလမ်းထဲမှာကစားခဲ့ကြပါတယ်။
ကျွန်တော်တို့ အိမ်နောက်ဖေးက ဘောက်ထော်ဘောလုံးကွင်း ဖြစ်တာကြောင့်
ညနေတိုင်းလည်း ဘောလုံးကစားမပျက်ခဲ့ပါဘူး။
ဗိုလ်ကြီး ဘကြူး ရဲ့သား ရန်ကုန်တိုင်းလက်ရွေးစင် ကိုမြင့်ကြူး က ကျွန်တော်တို့
၁၀နှစ်ကျော်ကလေးတွေကို တစ်ခါတစ်လေ ဘောလုံးကန်သင်ပေးပါတယ်။
ကျွန်တော်တို့ ၁၀နစ်ဝန်းကျင်ကလေးဘောလုံးသင်းတောင်ဖွဲ့နိုင်ခဲ့ပါတယ်။
အသင်းနံမည်က ဖေဖေပေးတဲ့" ရှေ့ဆောင်လူငယ်" ဖြစ်ပြီး ကျွန်တော်တို့ ၁၀နှစ်
အရွယ်ကလေးတွေ ရွှေဂုံတိုင်ကို သွားလို့ စွပ်ကျယ်မှာ တံဆိပ်ရိုက်ခဲ့ကြပါတယ်။
အဲဒီတုန်းက ကျွန်တော်နဲ့ဘောလုံးကန်ဘက် သူငယ်ချင်း ကျော်ကျော်၊ မော်မော်
ညီအစ်ကိုတို့က နောက်တော့ ရန်ကုန်တိုင်းချန်ပီယန်တွေဖြစ်သွားသလို အဲဒီတုန်းက
ကျွန်တော်တို့ ဂိုးကျင်းကစားရင် နောက်ကဘောလုံးကောက်ရတဲ့သူရို့ညီ သန်းတိုးအောင်
က မြန်မာ့လက်ရွေးစင်ဖြစ်လာခဲ့ပါတော့တယ်။
ကလေးဘ၀အားရအောင်ဆော့ကစားခဲ့ရသလို တေဇ၊ ရွှေသွေး၊ ရွှင်ပြုံး၊
ဒို့ကျောင်းသားစာစောင် တွေဖတ်ခဲ့ကြရပါတယ်။
ပုံပြင်စာအုပ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း တွေဖေဖေက ၀ယ်ပေးပါတယ်။
ကွန်းဇော်၊ ဂယက်နီ စတဲ့သူတွေက ကလေးလူငယ်တွေအတွက် စာကောင်း၊
ပေမွန်တွေရေးလေ့ရှိပြီး "ကင်းထောက်ရဲဘော်လေးများ" စာအုပ်ဟာ ကျွန်တော်
ငယ်ငယ်တုန်းကအကြိုက်ဆုံးဘာသာပြန်စာအုပ်လေးဖြစ်ခဲ့ပါတယ်။
............................................................
"ကလေးတွေ စွယ်စုံကျမ်း ဖတ်ပါစေ..."
စွယ်စုံကျမ်းတွေ အိမ်ရောက်လာတဲ့အခါကျ အကြီးကြီး၊ အထူကြီးတွေမို့
လူကြီးဖြစ်မှဖတ်ရမယ်လို့ အစကထင်ခဲ့ပါတယ်။
နောက်တော့ ဖွင့်ကြည့်ရင်းကနေဓါတ်ပုံတွေ၊ ရုပ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုတော့ သိချင်လာတော့ ဖတ်ကြည့်ဖြစ်ပြီး
မြန်မာ့စွယ်စုံကျမ်းကြီးတွေဟာ ကျွန်တော့်ငယ်ချစ်ဖြစ်ခဲ့ရပါတော့တယ်။
အကြောင်းအရာတွေကလည်း စိတ်ဝင်စားစရာကောင်းသလို တိုတိုလေးတွေနဲ့
ဖတ်တဲ့သူကို ဗဟုသုတ တိုးပွါးစေပါတော့တယ်။
စွယ်စုံကျမ်းတွေဟာ အက္ခရာစဉ်အတိုင်း အတွဲတွေခွဲထုတ်ဝေ၊ အကြောင်းအရာ
တွေဖေါ်ပြတာမို့ စာအုပ်တိုင်းဟာတန်ဘိုးရှိပြီး၊ ၀ယ်လို့ရတဲ့အတွဲတိုင်းဟာ
လည်းတန်ဘိုးရှိတာချည်းဖြစ်ပါတယ်။
အတွဲ ၃( ဂ-စင်း) အတွဲ ၄ (စောင်း-တူ) စသဖြင့် အက္ခရာစဉ်အတိုင်းအကြောင်း
အရာတွေကိုစုံလင်စွာဖတ်ကြရမှာပဲဖြစ်ပါတယ်။
စာရွက်သားကောင်းကောင်း ပုံနှိပ်စာလုံးကောင်းကောင်းရှင်းရှင်းနဲ့ ခန့်ညားစွာ
ချုပ်ထားတဲ့စာအုပ်ကြီးတွေပါ။
စွယ်စုံကျမ်း တစ်အုပ်လုံးမှာ ကြွေသားစာရွက်ပေါ်မှာ ဆေးရောင်စုံနဲ့ဓါတ်ပုံကြီး
၎ ပုံ၊ ၅ပုံ ပါတတ်ပါတယ်။
ဂုတ်ထိပ်တံတားပုံ၊ ဇင်းကျိုက်ရေတံခွန်ပုံတွေဟာ ဆေးရောင်စုံဓါတ်ပုံရှားပါး
တဲ့ခေတ်မှာ ၁၁ နှစ်သားကျွန်တော့်ကို အထူးစွဲဆောင်ပြီး အဲဒီအကြောင်းအရာ
ကိုဖတ်ဖြစ်စေပါတော့တယ်။
၎တန်းကျောင်းသားကတည်းကစာထဲမှာရောက်ဘူးနေတဲ့ ဂုတ်ထိပ်တံတားနဲ့
ဇင်းကျိုက်ရေတံခွန်ကို လူကိုယ်တိုင်လည်း အဲဒီအချိန်ကထဲကရောက်ဘူးချင်ပေမယ့်
အခုကျွန်တော် အသက် ၅၆ နှစ်ထိရောက်ခွင့်တော့မကြုံသေးပါဘူး။
စွယ်စုံကျမ်း ဟာ ကလေးတွေအတွက်ပျင်းစရာမကောင်းတဲ့အပြင် လှန်ဖတ်ကြည့်
ရင်းနဲ့ ဖတ်ချင်နေတော့မှာဖြစ်ပါတယ်။
၁၉၇၀ ၀န်းကျင် ကျွန်တော်တို့ ရန်ကုန်၊ သုခိတာလမ်းမှာနေစဉ်ကတည်းက အဲဒီ
မြန်မာ့စွယ်စုံကျမ်းတွေဟာ ဖေဖေ ရွှေ့ပြောင်းရာကို လိုက်ပါလာခဲ့ပြီး အခုတော့
ပခုက္ကူ၊ မြို့သစ် အိမ်မှာ စာအုပ်သက် နှစ် ၅၀ ပြည့်တော့မှာပါ။
ညီမလတ် လွင်လွင်ခိုင်ရဲ့ အမွှာ ၂ယောက်ဖြစ်တဲ့ ဘုန်းမြတ်မင်း နဲ့ မြင့်မြတ်ခိုင်မင်း
တို့လည်း အစကစွယ်စုံကျမ်းကြီးတွေဆိုတော့ လှန်မကြည့်ဖြစ်ပေမယ့်
အခု ခြောက်တန်းရောက်လို့ လှန်ကြည့်ဖြစ်တဲ့အခါမှ ပျင်းစရာမကောင်းတဲ့အပြင်
စိတ်ဝင်စားစရာ ဗဟုသုတရစရာတွေပြည့်နေတာမို့ ပျင်းတိုင်း၊ အချိန်အားရတိုင်း
စွယ်စုံကျမ်းဖတ်နေကြပြီး သူတို့ ဘဘကြီးရဲ့အမွေကိုသဘောကျနေကြပါပြီ။
မူလတန်းကလေးတွေအနေနဲ့လည်း စွယ်စုံကျမ်းဆိုတာဟာ ဒို့ကလေးတွေနဲ့
မဆိုင်ဘူးလို့မထင်စေချင်ပါဘူး။
မြန်မာ့စွယ်စုံကျမ်း ကို "စာပေဗိမာန် ၏ ရုပ်ပြဗဟုသုတဘဏ်" လို့တောင်တင်စား
ထားတာမို့ မူလတန်းကလေးတွေကြိုက်နှစ်သက်ကြမှာပါ။
ကျွန်တော်ကတော့ ဖေဖေ ၀ယ်ပေးတာကြောင့် စွယ်စုံကျမ်းကို သုံးတန်း၊ လေးတန်းမှာ
စဖတ်လို့ကြိုက်သွားခဲ့ပြီး ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်ထားပေမယ့်..
ကျွန်တော်တို့ပခုက္ကူအိမ်ကိုလာလည်တဲ့ အလက(၃)၊
နှစ်တန်းကျောင်းသားက စွယ်စုံကျမ်းတွေယူဖတ်ကြည့်ရင်းကနေ တစ်တွဲပြီး တစ်တွဲ
သူ့အိမ်ကိုပါ ဌားဖတ်ခါမှ..ကိုယ့်ထက်ဆရာကျတဲ့သူကိုတွေ့ရတော့တာပါပဲ။
အဲဒီ နှစ်တန်းကျောင်းသားက တစ်ခြားသူတော့ မဟုတ်ပါဘူး။
လူထုဦးလှ၊ ဒေါ်အမာရဲ့မြေး.စာရေးဆရာ ဒေါက်တာ မြမဉ္ဖူရဲ့သား
ဆရာဝန်စာရေးဆရာ ဘိုဘိုလန်းစင် ဖြစ်ပါတော့တယ်။
................................................
စာဖြင့်ကမ္ဘာပတ်ပါ...
အကြောင်းမညီညွတ်သေးလို့ ပြည်ပခရီးမထွက်ဖြစ်သေးသူများလည်း
စာနဲ့ ကမ္ဘာပတ်နိုင်ပါတယ်။ စာနဲ့ကမ္ဘာပတ်ဖို့လိုပါတယ်။
စာနဲ့ရောက်ဘူးခြင်းဟာ မျက်စိနဲ့တပ်အပ်မမြင်ရတာကလွဲရင်
အထူးအကျိုးများပါတယ်။
ခုခေတ်ကြီးမှာ အင်တာနက်ပေါ်ကနေဓါတ်ပုံများပါကြည့်နိုင်နေပါပြီ။
ကျွန်တော် ၁၉၉၅ မှာ ဘန်ကောက်၊ ကွာလာလမ်ပူ စတဲ့ပြည်ပနိုင်ငံ
တွေစရောက်ဘူးပါတယ်။ စာနဲ့ရောက်ဘူးထားတော့မစိမ်းပါ။
စာဖတ်မထားသူကတော့ အပြင်တောင်မထွက်ရဲတော့တာမျိုးတွေ့ဘူးပါတယ်။
လက်ရှိနေထိုင်ရာ ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင် ကိုလည်း
ငယ်ငယ်ကတည်းက သခင်ဘသောင်း ဘာသာပြန်တဲ့ အန်ဒါဆင် ရဲ့ ပုံဝတ္ထု များ
ကိုဖတ်ပြီး ကြွက်တွေနဲ့ကိုပင်ဟေဂင် မြို့ဟောင်းကြီးကိုရင်းနှီးနေခဲ့တာပါ။
ကျွန်တော်တို့မိသားစုလေး သမီးကကျောင်းအားရက်၊ ဇနီးကနွေအားရက်၃ပတ်၊
ကျွန်တော်က ၂ပတ် ရထားတာမို့ လာမယ့် ၆ ရက်နေ့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း
၄၃ နှစ်က ဖေဖေရောက်ဘူးခဲ့တဲ့ အီတလီနိုင်ငံကို အလည်သွားကြပါမယ်။
ရောမမှာရှိတဲ့ Colosseum. Pisa tower စတဲ့ အဆောက်အဦးတွေရဲ့ အကြောင်း
တွေကိုလည်း စာပေဗိမာန်ကထုတ်တဲ့ သုတပဒေသာ စာစောင်မှာဖတ်ဖူးတာ
ကြောင့် စာနဲ့တော့ရောက်ဖူးနေခဲ့တာကြာပါပြီ။
သုတစာတွေဟာ ဘယ်တော့မှဟောင်းသွားမှာမဟုတ်တဲ့စာတွေဖြစ်ပြီး
အမြဲဆန်းသစ်နေမှာမို့ အရင်ထုတ်ခဲ့တဲ့ သုတပဒေသာ စာစောင်တွေကိုလည်း
အခု စွယ်စုံကျမ်းတွေပြန်ထုတ်မှာမျိုး စီစဉ်ပေးနိုင်ရင် ကလေးတွေ၊ လူငယ်၊
လူကြီးတွေပါမကျန် အကျိုးများစေမှာပါ။
ကုန်ကုန်ပြောရရင် ကျွန်တော်အခုနေတဲ့ ဒိန်းမတ်နိုင်ငံ အကြောင်းကို
ပြည့်ပြည့်စုံစုံ လေ့လာ ဖတ်၊ မှတ်ထားသူဟာ မရောက်ဘူးပေမယ့်
ကျွန်တော့်ထက်ပိုသိ၊ ပိုအမြင်ကျယ်မှာဖြစ်တာကြောင့်
ကလေးလူငယ်တွေ သုတ၊ ရသစာပေတွေ ဖတ်ကြပါ၊ မှတ်ကြပါလို့
စေတနာကောင်းနဲ့တိုက်တွန်းရင်း..
စာပေဗိမာန်မှ မြန်မာ့စွယ်စုံကျမ်းတွေ ပြန်လည်ထုတ်ဝေမယ့်အစီ
အစဉ်ကိုကြိုဆိုလိုက်ရကြောင်းပါခင်ဗျား။
*မှတ်စု၊
(ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံတကာက စာကောင်းပေမွန်တွေကို
မြန်မာစာဖတ်ပရိသတ်တွေမြည်းစမ်းကြည့်နိုင်ဖို့ ဘာသာပြန်ဆို
ထုတ်ဝေပေးတဲ့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
(Burma Translation Society) ကို ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။
နောက်တစ်နှစ်အကြာမှာ အဲဒီအဖွဲ့အစည်းကို စာပေဗိမာန်လို့ ခေါ်တွင်ခဲ့ပါတယ်။
ဇွန်ပန်းပွင့် | Wednesday, 15 June 2016)
7th July, 2017. မြန်မာတိုင်းမ်
Friday, 1 December 2017
"ဘုရားဂုဏ်တော်ပွါး..လွန်စွာအကျိုးများ.."
အလုပ်တာဝန်တွေပိနေတာနဲ့ ရေးလက်စဆောင်းပါးလေးတွေလည်း
လက်စမသတ်နိုင်၊ Post အသစ်လေးတွေလည်းရေးမတင်ဖြစ်တာ
အတော်ကြာနေပါပြီ။
အခုခရစ်စမတ်နားရက်မှာမြန်မာပြည်အတွက်ရေးနေတဲ့ဆောင်းပါးလေး
တွေအတွက်အချိန်ပေးမယ်စိတ်ကူးထားပါတယ်။
ဂျာမဏီက စာရေးဆရာဦးဇင်း ဘုန်းဘုန်းကု(အရှင်ကုသလသာမိ)
က ဒကာကြီးစာမရေးတာကြာပြီ လို့လှမ်းမေးနေသလို
မြန်မာပြည်က သူငယ်ချင်းကောင်း စာရေးဆရာအယ်ဒီတာ ကိုသိန်းအေး
ကလည်း စာမရေးတာကြာရင် လှမ်းလှမ်းပြောပါတယ်။
ဆောင်းပါးရေးရင်ကြာတတ်တာမို့ ကျွန်တော့်စာလေးတွေကိုအားပေးကြတဲ့
fb ပေါ်ကမိတ်ဆွေများနဲ့လည်းအဆက်မပြတ်ရလေအောင် Postအတိုလေး
တစ်ခုကိုအရင်ရေးတင်ဖို့စိတ်ကူးတော့မလေးရှားတုန်းက
Laundry မှာလုပ်စဉ် ပေါင်မုန့်ကားလေးနဲ့ Genting Highland
မှာရိုက်ခဲ့တဲ့ဓါတ်ပုံလေးကိုတွေ့ပြီး စာဖတ်သူများလည်း
အပြောင်းအလဲလေးဖတ်ရအောင်မလေးရှားနိုင်ငံမှာ ၁၀နှစ်တာ ဘ၀စုံ၊
အလုပ်စုံ ကျင်လည်ခဲ့ရစဉ်ကအကြောင်းလေးတစ်ခုကိုမျှဝေလိုက်ရပါတယ်။
...............................................
မြန်မာပြည်မှာတုန်းက ညီအစ်ကိုသုံးယောက် ပခုက္ကူ အလယ်တိုက်ကြီးက
ဘုန်းဘုရား အရှင်ကေလာသ ဆီမှာ ကိုရင်ဝတ်ခဲ့ကြဘူးပါတယ်။
အချိန်ရသခိုက်တွေမှာ သာသနာအတွက် ကျမ်းကြီး ကျမ်းငယ်တွေပဲ
အဆက်မပြတ်ရေးသားပြုစုနေတဲ့ အလွန်ကြည်ညို ဖွယ် ဆရာတော်ဘုရားကြီး
ဖြစ်ပါတယ်။
ဘုန်းဘုန်းဘုရားကြီးက ကျွန်တော်တို့ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊
သံဃဂုဏ်တော်တွေ နှုတ်ငုံဆောင်စေပြီး ၀ိပသနာရှုမှတ်နည်းပါ သင်ကြားပေး
ခဲ့တဲ့ကျေးဇူးတရားကိုလည်း ဘုန်းဘုရားပျံလွန်တော်မူသွားခဲ့ပေမယ့် အစဉ်ဦးထိပ်
ပန်ဆင်လျက်ပါ။
..................................................
ရေးပြချင်တဲ့ အဖြစ်အပျက်လေးကတော့၁၉၉၈ ၀န်းကျင်ကပါ။
ကျွန်တော် Kuala Lumpur , Ampang မှာရှိတဲ့Arami ဆိုတဲ့ Laundry မှာ
Supervisor လုပ်နေစဉ်ကဖြစ်ပါတယ်။
ကျွန်တော်က လမ်းတွေလည်းသိ ကားလည်းကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တော့
အ၀တ်အထည်ပစ္စည်းသည်ပို့လည်း သူဌေးနဲ့ကျွန်တော်ပဲလုပ်ကြပါတယ်။
သူများနိုင်ငံတွေမှာတော့ မိမိကိုယ်ကိုသာအားကိုးရာတွေဖြစ်ကြပါတယ်။
ကျွန်တော်ကတော့မိမိရဲ့ကိုးကွယ်ရာဖြစ်တဲ့ ဂုဏ်တော်တွေကို တစ်နေ့မပျက်
အလုပ်လုပ်နေစဉ်၊ ဘတ်(စ်)ကား၊ ရထားစီးနေစဉ် တွေမှာပါစိတ်ထဲကနေ
သတိရတိုင်းပွါးများနေတတ်ပါတယ်။
ကျွန်တော်ကအဲဒီလောင်ဒရီပိုင် ပေါင်မုန့်ကားအသစ်လေးကိုမောင်းပြီး
အ၀တ်အထည်တွေပို့ဆောင်ပေးရပါတယ်။
Genting Highland ဆိုတဲ့ KL မြို့အပြင်က အပန်းဖြေတောင်ပေါ်မြို့လေးက
Sri Malaysia ဆိုတဲ့ ဟော်တယ်တစ်ခုကိုလည်းနေ့စဉ်နီးပါးတက်ရပါတယ်။
Kl ကနေ တစ်နာရီလောက်မောင်းရပါတယ်။
အလေးအပင်သယ်ရတာလည်းမဟုတ်တော့ တစ်ယောက်တည်းပဲသွားပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော့်မှာ Work permit မရှိတဲ့အပြင်မလေးရှား
Driving licence လည်းမရှိသေးပါဘူး။
စစ်ဆေးတာနဲ့တွေ့ရင်တော့ကိုယ်ဖြစ်ကိုယ်ခံပါဘဲ။
အဲဒီနေ့ကလည်း Genting Highland ကိုထွက်ခဲ့ပါတယ်။
KL မြို့ပြင်ထွက်တဲ့ Toll gate ကိုဖြတ်ပြီးလို့မကြာပါဘူး surprise check
အကြီးအကျယ်လုပ်နေတာနဲ့ကြုံ တော့တာပါပဲ။
ကားလေးတွေကိုစစ်ဆေးတာမဟုတ်ဘဲ အလုပ်လုပ်နေတဲ့ ကျွန်တော်မောင်းလာတဲ့
ပေါင်မုန့်ကားလို ကားလတ်တွေကိုပဲ လမ်းဘေးကိုဆင်းခိုင်းလို့စစ်နေတာပါ။
ကျွန်တော့်ရှေ့မှာ ၃၊၄ စင်းရှိနေပြီး ရဲကကားသမားတွေကို လမ်းဘေးမှာရပ်ခိုင်းနေတာ
တွေ့ရပါတယ်။
ရပ်ပြီးတော့ ရဲတွေကလိုင်စင်ကိုစစ်၊ ကားတံခါးတွေဖွင့်ခိုင်းစစ်နေတာ
တွေကိုမြင်နေရပါတယ်။
ကျွန်တော်လည်း ကျွန်တော့်အလှည့်မရောက်သေးခင် ရှေ့ကားနောက်ကမှေးလိုက်
နေရင်း ဘုရားဂုဏ်တော်ကိုသာ ယုံယုံကြည်ကြည်နဲ့ပွါးနေရပါတော့တယ်။
ဒီတစ်ခါတော့အကျိုးနည်းပါပြီပေါ့။ work permit ပြစရာမရှိတဲ့အပြင်၊
ကားမောင်းလိုင်စင်နဲ့တူတာတောင်ကိုင်မထားပါဘူး။
အခန့်မသင့်ရင် ထောင်ကျ၊ ကြိမ်ဒဏ်ပါအပိုဆုပေါက်သွားနိုင်ပါသေးတယ်။
ကျန်တာတွေသိပ်တော့မပူပါ။ အိမ်ကိုငွေမပို့နိုင်တော့မှာသာပူမိပါတယ်။
ကျွန်တော့်ရှေ့က ကျွန်တော်လိုကားအလှည့်ရောက်တော့ ရဲကလမ်းဘေးဆင်း
ကားရပ်ခိုင်းတာတွေ့ရပါတယ်။
ကျွန်တော့်အလှည့်ရောက်ပါပြီ။ ကျွန်တော်လည်းဘာမှပြစရာမပါတဲ့အတူတူ
မထူးတော့တာမို့ ဂုဏ်တော်ပွါးရင်း အဲဒီရဲကို ရဲရဲဝံ့ဝံ့ပြန်ကြည့်လို့ မေတ္တာပါ
ပို့နေလိုက်ပါတယ်။
မယုံနိုင်စရာဖြစ်ပုံများပြောပါတယ်။
ကျွန်တော်ကလမ်းဘေးမှာကားရပ်ဖို့နေရာတောင်ကြည့်နေပါပြီ။
အဲဒီမောင်မင်းကြီးသား ရဲက ကျွန်တော့်မျက်လုံးကိုသေသေချာချာ
တစ်ချက်ကြည့်လိုက်ပြီး လမ်းဘေးမှာမရပ်ခိုင်းတော့ဘဲ လက်ပြလို့
ဆက်မောင်းခိုင်းလိုက်တော့တာပါပဲခင်ဗျာ။
ဖြစ်နိုင်ရင်ဝုန်းကနဲအဲဒီနေရာကနေ ထွက်သွားချင်ပေမယ့် ဘာမှမဖြစ်သလို
ဟန်မပျက်ဟိုက်ဝေးလမ်းပေါ်ပြန်တက်မောင်းထွက်ခဲ့ရပါတော့တယ်။
ဘုရားဂုဏ်တော်တွေများယုံယုံကြည်ကြည်နဲ့ပွါးများရင်အကျိုးထူးရနိုင်ပုံများပြောပါတယ်။
ဒီလိုအကျိုးထူးတွေလိုလားပြီး ပွါးများဖို့ကိုတော့ကျွန်တော်ဆိုလိုတာမဟုတ်ကြောင်းပါ။
မိမိရတဲ့ မည်သည့်ဘုရားတရားတော်တွေမဆို ရိုသေစွာပွါးများကြဖို့ဆိုလိုရင်းပါ။
ကျွန်တော့်မိတ်ဆွေအပေါင်းလည်း ခုလိုနှစ်သစ်အခါသမယမှာ
စိတ်ကောင်းနှလုံးကောင်းများ၊ မလျှော့သောသတိများနဲ့အတူ
နှစ်သစ်ကိုကြိုဆိုနိုင်ကြပါစေလို့ဆုတောင်းလိုက်ရကြောင်းပါခင်ဗျား။
Fb post. Dec, 2015.
Tuesday, 28 November 2017
ပျံပေဦးတော့ ဟော်လန်ကစာပို့ခိုလေးရေ..
နွေဦးမှရောက်ပြီဆိုရင် ကျွန်တော်တို့အိမ် ပြတင်းပေါက်မှာ စာကလေး
တွေအတွက် အစာလုံးမပြတ်ဝယ်ချိတ်ပေးထားသလို အိမ်ရှေ့ပန်းစိုက်
တဲ့နေရာလေးဘေးမှာလည်း ကျီးကန်း၊ ခို၊ ဆက်ရက် စတဲ့ငှက်တွေ
အတွက် သောက်ရေနဲ့အစာထားပေးပါတယ်။
ဒီနေ့ ကျွန်တော်တို့ဇနီးမောင်နှံအလုပ်ကအတူတူပြန်လာကြတော့
အိမ်ရှေ့မှာခိုတစ်ကောင် အေးရာအေးကြောင်းအစာကောက်လိုက်၊
ရေသောက်လိုက်လုပ်နေတာတွေ့ရပါတယ်။
ခိုတွေကလာစားနေကြပါ။ ခိုဝတုတ်ကြီးတွေဖြစ်ပါတယ်။
ဘေးကလူဖြတ်ရင်ပျံသွားတတ်ကြပါတယ်။
ဒီနေ့တစ်ကောင်ထဲလာစားနေတဲ့ ခိုလေးကတော့ ကျွန်တော်တို့
သူ့ဘေးကဖြတ်တော့လည်း ဂရုမစိုက်ပဲ အစားတောင်မပျက်ပါဘူး။
သူ့ကိုကြည့်တော့လည်း တွေ့နေကျခိုဝတုတ်တွေ လိုမဟုတ်ဘဲ
စလင်းဘော်ဒီနဲ့ခိုလေးဖြစ်ပါတယ်။
ကျွန်တော်တို့ကိုင်မယ်လုပ်တော့လည်း မပျံဘဲ ဖြစ်နေတာနဲ့
ဒဏ်ရာတစ်ခုခုများရထားသလား၊ နေမကောင်းများဖြစ်နေတာလား
စစ်ဆေးကြည့်ရအောင် အိမ်ပေါ်ခေါ်ခဲ့ကြပါတော့တယ်။
ဒီနေရာမှာကြုံ ကြိုက်လို့ပြောရရင် ကျွန်တော့်ဇနီးသည်က တိရစ္ဆာန်
လေးတွေ ချစ်တတ်ပြီးဆေးကုတဲ့အတွေ့အကြုံ လည်းရှိပါတယ်။
ပခုက္ကူမှာ ဖေဖေရှိတုန်းက လမ်းမှာတိရစ္ဆာန်လေးတွေ ဒဏ်ရာရနေ
တာတွေ့ရင် မြို့သစ်မှာရှိတဲ့အိမ်ကိုယူ လာပြီးကျွန်တော့်ဇနီး မိုးမိုး
လက်ကိုအပ်နေကျဖြစ်ကြောင်းသိရပါတယ်။
တစ်ခါသား မနက်စောစောမှာတာ့ မပျံနိုင် နေမကောင်းဖြစ်နေတဲ့
ခိုဝတုတ်တစ်ကောင်ရလာပြီး မိုးမိုးတိရစ္ဆာန်အထူးကုမှာ
တင်လိုက်ပါတော့တယ်။
ဒေါက်မိုးကပါရာစီတမောနဲ့ဘာမီတွန် ကိုရောကြိတ် ရေနဲ့ဖျော်တိုက်ပေး
လိုက်တာ အိမ်မှာတစ်ညကောင်းကောင်းအိပ်ပြီး နောက်နေ့မှာ
ဆေးရုံဆင်းခွင့်တန်းရသွားကြောင်းသိရပါတယ်။
စာပို့ခိုအမှတ် NL2015-1647646
ဇာတ်လမ်းလေးဆက်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အိမ်ပေါ်ကို
ခေါ်လာတဲ့ ခို လေးကိုသေသေချာချာစစ်ကြည့်တဲ့အခါမှာတော့
ခြေကျင်းဝတ် ၂ခုစလုံးမှာ ပုံမှာမြင်ရတဲ့အတိုင်း ကွင်းလေးတွေ
ပါတာတွေ့ရပါတယ်။
ညာဘက်က ကွင်း မှာတော့ NL2015-1647646 လို့ နံပါတ်တွေ
ထိုးထားပြီး ဘယ်ဘက်ခြေထောက်ကကွင်းမှာတော့ တံဆိပ်လိုလို
လေးပဲတွေ့ရပြီးနံပါတ်ထိုးထားတာမတွေ့ရပါဘူး။
ခိုလေးကိုအစာရေစာကျွေး အပေါ်ထပ်ကပြတင်းပေါက်ကိုဖွင့်ပေးပြီး
ထားပေမယ့် အပြင်ကိုပျံထွက်မသွားပဲ နေပါတော့တယ်။
အိမ်နီးချင်းကလည်းဒီခိုလေးမနက်ကထဲကမပျံပဲနေတာဖြစ်ကြောင်း
ပြောပြပါတယ်။
တောင်ပံလေးတွေလည်း ခိုက်မိထားတာ ကျိုးနေတာမတွေ့ရပါဘူး။
ဒါနဲ့ပဲ ခိုလေးရဲ့အကြောင်းလည်းသိရအောင် သူ့ကိုဘယ်လိုကူညီရင်
အကောင်းဆုံးဖြစ်မလဲ ဆိုတာလည်းသိဖို့လိုတာကြောင့်
သမီးကိုဖုန်းဆက်ခိုင်းရပါတော့တယ်။
သမီးက ဒိန်းမတ်လို Dyrenesbeskyttelse(animal protection)
လို့ခေါ်တဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖုန်းနံပါတ်
1812 ကို ဆက်သွယ်ပြောပြ ခိုလေးရဲ့ခြေထောက်ကွင်းလေးတွေကို
ဓါတ်ပုံပို့ခိုင်းလို့ ပို့ပေးပြီးတော့ ၅ မိနစ်အတွင်းလောက်မှာပဲ အဲဒီ
ဌာနက ကျွမ်းကျင်ပညာရှင်ကကျွန်တော်တို့ဆီဖုန်းပြန်ဆက်ပြီး
ခိုလေးအကြောင်းပြောပြရင်းနဲ့ အကြံဥာဏ် လမ်းညွှန်မှုပေးတာကတော့..
🐦ခိုလေးဟာ ဒိန်းမတ်ကနေ မိုင် ၅၀၀ လောက်ဝေးတဲ့ ဟော်လန်က
စာပို့ခိုလေးဖြစ်ကြောင်းသိရပါတယ်။
ညာဘက်ခြေကျင်းဝတ် ကွင်း ကသူ့ရဲ့အသက်စတဲ့
သူ့ကိုယ်ပိုင်အမှတ်ကွင်းဖြစ်ပြီး ဘယ်ဘက်က ကွင်းကတော့ စာ(သို့)
သတင်း ထဲ့ပေးတဲ့ ကွင်းလို့သိရပါတယ်။
🐦ခရီးဝေးပျံသန်းလာရလို့ ဒိန်းမတ်မှာခဏ၀င်နားတာဖြစ်ပုံရကြောင်းနဲ့
တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် ရာသီဥတုအခြေအနေကြည့်
ရင်းနဲ့နားလေ့ရှိကြောင်းသိရပါတယ်။
🐦နားပြီးသွားရင် သူ့ကုမ္ပဏီရှိရာ ဟော်လန်ကိုရောက်အောင်ပြန်မှာ
ဖြစ်ကြောင်းပြောပြပါတယ်။
🐦နောက်နေ့တွေမှ ခိုလေးမပျံသေးရင်တော့ သူတို့ဆီ ထပ်ဖုန်းဆက်
ဖို့ပြောပါတယ်။
ဒီနေ့တော့ ပြတင်းပေါက်တွေဖွင့်ပေးထားပေမယ့် ခိုလေးကပျံထွက်မသွားပဲ
အိမ်ထဲမှာပဲနားနေပါတယ်။
ပြီးခဲ့တဲ့ရက်တွေက မိုးသက်လေပြင်းကျထားတာမို့ စာပို့ခို အအေးမိ
နေမကောင်းပုံနည်းနည်းရတာကြောင့် တိရစ္ဆာန်ဒေါက်ချာမကြီး သားအမိ
၂ယောက်ကတော့ ဘာမီတွန်မရှိပေမယ့် ပါရာစီတမော အွန်ပေးထားပြီး
အောက်ထပ်က အခန်းလွတ်မှာ အစာရေစာအပြည့်အစုံနဲ့ အနားယူခိုင်း
ထားပါတယ်။ ၀မ်းနည်းနည်းသွားနေပုံလည်းရပါတယ်။
သူ့တာဝန်အရ ကျန်းမာရေးကောင်းရင် သူပျံထွက်သွားလို့ရအောင်
ပြတင်းပေါက်လေးလည်းဟထားပေးထားပါတယ်။
မနက်ဖြန် နေကောင်းရင်တော့ သူခရီးဆက်မယ်ထင်ပါတယ်။
ကျွန်တော်တို့ ညနေပိုင်းအလုပ်ကပြန်လာလို့ ခိုလေး မပျံသေးပဲ
ဆက်နားချင်သေးရင်လည်း နားပါစေပေါ့။
သက်သာပုံမရရင်တော့ တိရစ္ဆာန်ဆရာဝန်ဆီပို့ပေးဖို့ စိတ်ကူးထား
ကြပါတယ်။
ကျွန်တော်ဒီစာရေးပြီးတော့ ဒီမှာ ည၁၁နာရီခွဲရှိပါပြီ။
စာပို့ခို အောက်ထပ်က သူ့အခန်းမှာကောင်းကောင်းအိပ်နေပါတယ်။
နောက်နေ့မနက် စာပို့ခိုလေးရဲ့အခြေအနေ
မနေ့ကအိမ်မှာတစ်ညအိပ်ခဲ့တဲ့ ခိုလေးရဲ့အခြေအနေ
သိရအောင်လို့ အလုပ်သွားကြရမယ့် ကျွန်တော်တို့ဇနီးမောင်နှံ ပုံမှန်
ထက် နာရီဝက်လောက်စောလို့ အိပ်ရာထဖြစ်ပါတယ်။
မနက် ၅နာရီခွဲလောက် ခိုရဲ့ အခန်းထဲဝင်ကြည့်တော့ နိုးနေပါပြီ။
ပေါင်မုန့်နဲ့ရေတိုက်ပြီး သူပျံချင်ရင် ပျံနိုင်အောင် အိမ်အပြင်မှာချထား
ပေးလိုက်ပါတယ်။
သူကြိုးစားပျံကြည့်ပါသေးတယ်။ မပျံနိုင်သေးပါဘူး။
ဒါနဲ့ အခန်းထဲမှာပဲ အနားယူခိုင်းထားခဲ့ပြီး ကျောင်းအားရက်မို့ အိမ်မှာ
ကျန်ခဲ့မယ့်သမီးကို မှာစရာရှိတာမှာခဲ့ကြပါတယ်။
ခိုလေးကျန်းမာရေးဖေါက်လာရင် ကျွန်တော်တို့ကို ဖုန်းဆက်ဖို့ပါ။
အလုပ်ကနေ ပြန်လာပြီး တိရစ္ဆာန်ဆရာဝန်ဆီပြဖို့ဖြစ်ပါတယ်။
သမီးဆီက ဖုန်းမလာတာနဲ့ ခိုလေးအခြေအနေကောင်းလို့ပဲယူဆပြီး
ညနေ ၃နာရီ ကျွန်တော်အလုပ်ပြီးတော့ ဇနီးအလုပ်ရှိရာသွားကြိုတော့မှ
ခိုလေးကိုလာခေါ်သွားကြပြီလို့ သိရပါတော့တယ်။
ခိုလေးမပျံနိုင်ဖြစ်နေတာရယ်၊ ကောင်းကောင်းနေမကောင်းဖြစ်နေတာရယ်
ကြောင့် စိုးရိမ်နေတဲ့ သမီးက ခိုလေးကိုပိုမိုတတ်ကျွမ်းနားလည်သူတွေရဲ့
စောင့်ရှောက်မှုရအောင်လို့ မနေ့က ဖုန်းဆက်ထားတဲ့ ဖုန်းနံပါတ် ၁၈၁၂
တိရစ္ဆာန်ကာကွယ်ရေး ကို မနက်၁၀နာရီလောက်မှာထပ်ဖုန်းဆက်လို့
သတင်းပို့လိုက်တာပါ။
သူတို့က အတောင်ပံကိုဓါတ်ပုံရိုက်ပို့ခိုင်းပြီး ဖုန်းပြန်ဆက်မယ်လို့ သမီး
ကိုပြောပါတယ်။
၁၅ မိနစ်လောက်နေတော့ အဲဒီရုံးကသမီးဆီဖုန်းပြန်ဆက်ပါတယ်။
ခိုလေးရဲ့ ဟော်လန်ကကုမ္ပဏီနဲ့အဆက်အသွယ်ရပြီး သူတို့နဲ့လုပ်ငန်း
ပူးတွဲလုပ်နေတဲ့ ဒိန်းမတ်က ကျွန်တော်တို့အိမ်နဲ့ အနီးဆုံးဌာနကနေ
သမီးကို ဆက်သွယ်မယ့်အကြောင်းပြောပြပါတယ်။
သမီးဆီကို မနက် ၁၀နာရီခွဲလောက်မှာ ဖုန်းဝင်လာပါတယ်။
ကျွန်တော်တို့အိမ်နဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့
"Helsinge Brevdueforening" (ဟယ်ဆင်ဂျာမြို့ စာပို့ခိုအသင်း)
ကဖြစ်ပြီး သူတို့ဆီကိုဟော်လန်ကသတင်းရောက်လာတာကြောင့်
ခိုလေးကို နေ့လည် ၁၁နာရီခွဲမှာ လာယူမယ်လို့ပြောပါတယ်။
ချိန်းထားတဲ့အချိန်မှာပဲ ၀န်ထမ်း၂ယောက် ရောက်လာပြီး သမီးကို
ကျေးဇူးတင်ကြောင်း နဲ့ မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်ကိုလည်းချီးကျူးပြီး
ခိုလေးကိုခေါ်သွားကြပါတော့တယ်။
ခိုလေးကိုလာခေါ်သွားတဲ့ "Brevdueforening" က
ဒိန်းမတ်လူမျိုး Finn Hansen က သူ့ရဲ့ Bussiness card လည်းပေး
သွားပါတယ်။
ကြုံကြိုက်လို့ ဒိန်းမတ်လို "Brevdueforening" ကို ဘာသာပြန်ပြရ
ရင်တော့ Brev = Letter = စာ
Due = Pigeon = ခို
Forening = association = အဖွဲ့အစည်း ဖြစ်ပြီး ဒိန်းမတ်
ဘာသာက Noun တွေကိုဆက်ရေးတတ်တာကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် Brevdue ကို မြန်မာလိုဆီလျော်အောင် စာပို့ခို လို့ဘာသာပြန်
ရမှာဖြစ်ပါတယ်။
တကယ်လည်း ရိုးရိုးခို မျိုးမဟုတ်ပဲ ဟိုးရှေးကထဲက ဒီလိုခိုမျိုးကိုပဲ
စာပို့ရာမှာသုံးလို့၊ လေ့ကျင့်ပေးလို့ရတာကြောင့် စာပို့ခိုလို့ဒိန်းမတ်လို
ခေါ်တာဖြစ်ပါတယ်။
အင်္ဂလိပ်လိုတော့ homing pigeon လို့ခေါ်ကြောင်းသိရပါတယ်။
မြန်မာလို သီးသန့်ခေါ်တာမသိတာကြောင့် ဒီခိုမျိုးကို မြန်မာလိုလည်း
"စာပို့ခို" လို့ ဒီစာမှာဆက်သုံးသွားပါ့မယ်။
Google မှာ pigeon post လို့ ရိုက်ကြည့်ရင်လည်း အဲဒီ စာပို့ခို မျိုးစိတ်
အကြောင်းတွေအသေးစိတ်ဖတ်ရှုနိုင်မှာပါ။
Google မှာ brevdueforening i danmarks လို့ရိုက်လိုက်ရင် ဒိန်းမတ်
က စာပို့ခိုလုပ်ငန်းလိပ်စာတွေတွေ့ရမှာဖြစ်ပါတယ်။
သူတို့ဆီက သမီးသိရတဲ့ အချက်အလက်အချို့ကတော့..
🐦 ဒီစာပို့ခိုလေးက ဟော်လန်စာပို့ခိုကုမ္ပဏီက ခိုလေးဖြစ်ပြီး သူ့ခြေထောက်က
ကွင်းမှာရေးထိုးထားတဲ့ NL ဆိုတာက Neltherlands (ဟော်လန်) နိုင်ငံရဲ့
အတိုကောက်ဖြစ်ပြီး.ဒီ ဒိန်းမတ်ကမွေးမြူထားတဲ့ စာပို့ခိုတွေရဲ့ ခြေထောက်
ကွင်းမှာတော့ DAN လို့ရေးကြောင်းပြောပြပါတယ်။
🐦ဟော်လန်ကနေ စတိသဘောမျိုး ရှေးရိုးမပျက် Greeting message လေးနဲ့
အတူ ဒိန်းမတ်ကို ခရီးဝေးပျံသန်းလေ့ကျင့်ပေးလိုက်တဲ့ခိုလေးဖြစ်ကြောင်းသိ
ရပါတယ်။
🐦ကမ္ဘာအ၀ှမ်းမှာ စာပို့ခိုမွေးမြူရေး လုပ်ငန်းတွေကို စီးပွါးဖြစ်ဆောင်ရွက်နေကြ
တာရှိကြောင်း၊ ဒိန်းမတ်မှာလည်းနေရာတော်တော်များများမှာ စာပို့ခိုမွေးမြူရေး
တွေရှိကြောင်းနဲ့ ခိုတိုင်းရဲ့ခြေထောက်မှာ သက်ဆိုင်ရာကုမ္ပဏီက ကွင်းလေးတွေ
စွပ်ပေးထားကြောင်းသိရပါတယ်။
စာပို့ခိုမွေးမြူရေးလုပ်ငန်း 🐤
စာပို့ခိုမွေးမြူရေးလုပ်ငန်းတွေ ကမ္ဘာအရပ်ရပ်မှာစီးပွါးဖြစ်လုပ်ကိုင်
နေကြတာတွေ့ရပါတယ်။
အခုခေတ်အခါမတော့ စာပို့ ဖို့ဆိုတာထက် အိမ်မွေးငှက်အဖြစ်ဈေးကောင်းကောင်း
နဲ့ရောင်းချနိုင်တဲ့အပြင် အထူးလေ့ကျင့်ထားရင် ထားသလိုတန်ဘိုးအထူးရှိကြောင်း
သိရပါတယ်။
မင်္ဂလာဆောင်အခမ်းအနား၊ နဲ့ အခြားပွဲလမ်းသဘင်တွေမှာလည်း စာပို့ခို
ကိုသုံးလေ့ရှိကြပါတယ်။
မင်္ဂလာဆောင်မှာ Congratulations message ကို စာပို့ခိုလေးတွေကလာပို့ရင်
အခုခေတ်စကားအရတော့ " So Cool " ပေါ့ခင်ဗျား။
ကမ္ဘာအရပ်ရပ်မှာလည်း စာပို့ခိုပြိုင်ပွဲတွေနှစ်စဉ်ကျင်းပတာတွေ့ရပြီး အထူးလေ့ကျင့်
ထားတဲ့ စာပို့ခို တွေက တာတို၊ တာရှည် ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း
သိရပါတယ်။
ကျွန်တော်တို့အာရှက ယိုးဒယား၊ဖိလစ်ပိုင် နဲ့ တိုင်ဝမ်မှာလည်း စာပို့ခိုမွေးမြူရေးတွေ
လုပ်ကြတာတွေ့ရပါတယ်။
စာပို့ခို (Homing pigeon)🐥
စာပို့ခိုတွေကို အင်္ဂလိပ်လိုတော့ homing pigeon(racing Homer)လို့ခေါ်ပြီး
Columbidae family ထဲမှာပါကြောင်းသိရပါတယ်။
ကမ္ဘာအရပ်ရပ်မှာ စာပို့ခိုပြိုင်ပွဲတွေ ကျင်းပလေ့ရှိကြပြီး
သူတို့ ပြိုင်ပွဲတွေကတော့..
Short Distance: 0 to 200 miles.
Middle Distance: 201- 400 miles.
Long Distance : 401 - 600 miles.
Marathon Distance: 601 plus.
ဆိုပြီး ခွဲခြားကျင်းပပေးကြောင်းသိရပါတယ်။ 
စာပို့ခို တွေရဲ့ထူးခြားချက်ကတော့ သူ့နေရာ(loft) ကို သူမရောက်ဘူးတဲ့ နေရာ
မိုင် တစ်ထောင်ဝန်းကျင်လောက်ကနေ ပြန်လာနိုင်တာပဲဖြစ်ပါတယ်။
ကော့သောင်က စာပို့ခိုကို ပုံးထဲထည့် မြစ်ကြီးနားခေါ်သွားပြီး လွှတ်လိုက်ရင်
ကော့သောင်ကိုရောက်အောင်ပြန်နိုင်တဲ့သဘောပါပဲ။
Compass sence ပါတယ်လို့လည်းပြောကြပါတယ်။
မိုင် ထောင်ချီခရီးတွေကို မရပ်တန့်ပဲလည်းပျံသန်းနိုင်ကြကြောင်းသိရပါတယ်။
ပျှမ်းမျှ တစ်နာရီ မိုင် ၆၀ နှုန်း ပျံနိုင်ပြီး အထူးလေ့ကျင့်ထားတဲ့ တာတိုစာပို့ခို
ကတော့ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းပျံသန်းနိုင်ကြောင်း ဖတ်မိမှတ်ရာ
အတိုအထွာမျှဝေလို့..
အိမ်မှာတစ်ည၀င်နားသွားတဲ့ ဟော်လန်ကစာပို့ခိုလေး ကျန်းမာလို့ သူ့အိမ်ရှိရာ
အမြန်ပြန်ရောက်ပါစေမေတ္တာပို့ဆုတောင်းရင်း..
မိတ်ဆွေအပေါင်းလည်း ရွှင်လန်းချမ်းမြေ့ကြပါစေ.......
(ကျွန်တော်တို့မိသားစု ခိုလေးကိုလွမ်းနေပေမယ့် သူရို့လာမခေါ်ရင်ဖြင့်
ဟော်လန်စာပို့ခိုတော့ ဒေါက်မိုးရဲ့ ပါရာစီတမောနဲ့ နှစ်ပါးသွားနေရတော့
မှာပဲလို့ တွေးမိကြာင်းပါ... )
Facebook post. 3rd June. 2017.
ကိုးကား  Wikipedia pages.
စာပို့ခိုပြိုင်ပွဲ video တွေကို YouTube မှာ home pigeon races လို့ရိုက်ပြီးကြည့်ရှုနိုင်ပါတယ်။
Sunday, 19 November 2017
"မိုးယံကစိတ်ထားရှင်များ.."
"ပြည်သူနဲ့ပတ်သက်တဲ့အဆောက်အအုံတွေ ဆောက်တဲ့အခါ၊
ဘတ်(စ်)ကား စီးတဲ့အခါတွေမှာ သက်ကြီးရွယ်အိုနဲ့မသန်မစွမ်းတွေ
အတွက်ပါအဆင်ပြေအောင် ဆောက်လုပ်၊ ပြေးဆွဲဖို့လွှတ်တော်က
စီစဉ်နေကြပြီတဲ့ အဖေကြီးရေ"
အလုပ်ကအပြန် ခဏနားချိန်လေးတွေမှာ မြန်မာနိုင်ငံသတင်းလေး
တွေကြည့်တတ် နားထောင်တတ်တဲ့ ဇနီးသည်က ကျွန်တော့်ကို
ဝမ်းသာစရာသတင်းမို့လှမ်းပြောလိုက်တာဖြစ်ပါတယ်။
အခုအခါမှာ အာဏာနဲ့လုပ်ပိုင်ခွင့် ရာနှုံးပြည့်မရသေးသော်ငြား၊
လူထုခေါင်းဆောင်နဲ့ပြည်သူ့အစိုးရဟာ တိုင်းပြည်အပျက်ပုံ၊
အရှုပ်ပုံကြီးကို ရှင်းလင်းပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေရတဲ့
ကြားထဲကနေ အလျဉ်းသင့်သလို ကျွန်တော်အခု အသက်(၅၆)မှာ
တစ်သက်နဲ့တစ်ကိုယ်မကြားဘူးခဲ့တဲ့ "ပြည်သူကိုစောင့်ရှောက်ရမှာ
အစိုးရရဲ့အဓိကတာဝန်"ဆိုတာနဲ့အညီ ပြည်သူကိုစတင်စောင့်ရှောက်
ကြည့်ရှုလာခဲ့မှုလေးတွေကို မုဒိတာဖြစ်ဖွယ် ကြားလာရပါပြီ။
မျက်နှာလွှဲခဲပစ်လုပ်ထားခဲ့ကြတဲ့ ရန်ကုန်နောက်ဖေးလမ်းကြားတွေ
ကို ရှင်းလင်းပေးခဲ့ကြတယ်။
ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး၊ သက်ကြီးထောက်ပံ့ကြေး အစီအစဉ်
တွေကြားလာရတယ်။
ဖြစ်ချင်သလိုဖြစ်နေတဲ့ ရန်ကုန်ဘတ်(စ်)ကားစနစ်ကိုလည်း နိုင်ငံ
တကာ အဆင့်မှီဖို့ စတင်ကြိုးစားလာတာတွေ့ရပါပြီ။
ပိုတောင်ဆိုးလာတာတွေလည်းတွေ့ကောင်းတွေ့ရနိုင်ပါတယ်။
စတင်ပြောင်းလဲဖို့သာ အဓိကပါ။ စိတ်စေတနာကောင်းနဲ့လုပ်ရပ်
တွေဟာ အချိန်ရလာတာနဲ့အမျှ အောင်မြင်လာရမှာဖြစ်ပါတယ်။
"ကောက်ရိုးမီး" လို ဟုန်း ကနဲတောက်ပြီး ငြိမ်းမသွားဖို့ကတော့
အထူးအရေးကြီးလှပါတယ်။
ဒီဘက်နိုင်ငံတွေမှာလည်း လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ပို့ဆောင်ရေး၊
သက်ကြီးရွယ်အိုပင်စင်စားများရဲ့ စားဝတ်နေရေး၊
မသန်မစွမ်းများအဆင်ပြေရေး၊ စတဲ့ကိစ္စရပ်တွေကိုလည်း.
လုပ်ပြီးပြီ၊ ကောင်းသွားပြီဆိုပြီး လုပ်ပြီးပစ်ထားတာမျိုးမဟုတ်ပဲ
အချိန်နဲ့အမျှ၊ အမြဲတန်း တာဝန်ရှိတဲ့ ဌာနတွေက ကောင်းသည်ထက်
ကောင်းအောင်ဆောင်ရွက်နေကြရတာပါ။
အဆိုးထဲကနေအကောင်းတွေကိုထုတ်ယူပြီးဆောင်ရွက်နေကြဆဲပါ။
ဒီမိုကရေစီအသားကျနေပြီဖြစ်တဲ့ ကမ္ဘာပေါ်မှာနေချင်စရာအကောင်း
ဆုံး၊ အပျော်ရွှင်ဆုံးလူတွေ နေထိုင်ကြတယ်လို့ဆိုတဲ့ ဥရောပက
ဒိန်းမတ်နိုင်ငံမှာလည်း အစစအရာရာဟာ ပြုပြင်စရာမလိုအောင်
ပြီးပြည့်စုံနေတာမျိုးမဟုတ်ပါဘူး။
အမြဲအလုပ်လုပ်နေကြရပါတယ်။ စနစ်တွေကိုကာင်းသည်ထက်
ကောင်းအောင် ပြင်ဆင်ဆောင်ရွက်ဖို့လွှတ်တော်မှာအမြဲဆွေးနွေး
နေကြပါတယ်။
ဒီဆောင်းပါးလေးနဲ့ဆိုင်တဲ့ ကျွန်တော့်မျက်မြင်အကြောင်းလေး
တွေကိုလက်လှမ်းမှီသမျှအကျဉ်းတင်ပြပါ့မယ်။
........................................
လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ပို့ဆောင်ရေး၊
သက်ကြီးရွယ်အိုပင်စင်စားများ စားဝတ်နေရေး၊
မသန်မစွမ်းများအဆင်ပြေရေး၊ စတာတွေမှာ သက်ဆိုင်ရာဌာနတွေက
ကောင်းသည်ထက်ကောင်းအောင်
အမြဲပြင်ဆင်၊ ထိန်းသိမ်း၊ တိုးချဲ့၊ ပြောင်းလဲ၊ ဆောင်ရွက်နေကြပါတယ်။
လမ်းပန်းဆက်သွယ်ရေး
ကျွန်တော်တို့နားက ဂျမ်းရှင်းတစ်ခုရှိပါတယ်။
မီးပွိုင့်ရော၊ အ၀ိုင်းကော မရှိပါဘူး။
တစ်နှစ်မှာ တစ်ကြိမ်၊ ၂ကြိမ်လောက် ယာဉ်တိုက်မှုဖြစ်ပါတယ်။
မနှစ်ကတော့ အ၀ိုင်းဆောက်လုပ်လိုက်ပါပြီ။
တစ်နေ့ကပဲ အမြန်လမ်းပေါ်တက်ခါနီးမှာရှိတဲ့ မီးပွိုင့်တစ်ခုကို ဖျက်ပြီး
အ၀ိုင်းလုပ်ဖို့ဆောင်ရွက်နေကြတာမြင်ခဲ့ရပါတယ်။
စွမ်းအင်၊ အချိန် လျှော့ချနိုင်အောင်ဖြစ်မှာပါ။
မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အမြန်လမ်းမ တွေကို ရေရှည်တည်တံ့ရေး
အတွက် အမြဲထိန်းသိမ်းမှုတွေရှိသလို ပြင်ဆင်တိုးချဲ့မှုတွေကိုလည်း
အချိန်မှီ မှတ်တမ်းတွေနဲ့ဆောင်ရွက်ကြတာတွေ့ရပါတယ်။
........................................
ပြည်သူ့ပို့ဆောင်ရေး
နှစ်စဉ်ပြောင်းလဲမှုတွေရှိပါတယ်။
လိုအပ်တဲ့အချိန်တိုင်းမှာ ရထားအချိန်ဇယားတွေပြောင်းလဲပါတယ်။
ဘတ်(စ်)ကား အချိန်ဇယားတွေပြောင်းလဲပါတယ်။
လိုင်းအတိုးအလျှော့၊ ပြေးဆွဲရာလမ်းကြောင်းအပြောင်းအလဲတွေ
လုပ်ပါတယ်။
ကားပိုင်ကုမ္ပဏီတွေတစ်ပြေးညီဝင်ငွေရပါတယ်။
ယာဉ်မောင်းတွေ၊ ရထားမောင်းတွေ ခရီးသည်ရရေးအဓိကမဟုတ်ပဲ၊
ခရီးသည်တွေဘေးကင်းစွာအချိန်မှန်ရောက်ရှိရေးကအဓိကဖြစ်ပါတယ်။
လုံလောက်တဲ့တူညီလစာကလွဲလို့ ဘေးပေါက်မရှိပါဘူး။
ဒိန်းမတ်မှာ ဘတ်(စ်)ကား ယာဉ်မောင်းလုပ်မယ်ဆိုရင်..
အဲဒီအလုပ်ဟာ " 8 to 4 " အလုပ်မဟုတ်ကြောင်း အရင်သိထား
ဖို့လိုပါတယ်။
ဆိုလိုတာက အခြားအလုပ်တွေလို အလုပ်ချိန်ဆက်တိုက်မဟုတ်
တာကို သတိပေးထားတာဖြစ်ပါတယ်။
ဘတ်(စ်)ကားကို ၄နာရီကျော်ဆက်တိုက်မောင်းပြီးရင် ယာဉ်မောင်း
ကိုသတ်မှတ်ထားတဲ့နားချိန်ပြည့်မှ ဆက်မောင်းစေတာဖြစ်ပါတယ်။
....................................
ပင်စင်စားသက်ကြီးရွယ်အိုများ
ဒီနိုင်ငံမှာ နိုင်ငံသားတိုင်း အသက် ၆၇ နှစ်မှာပင်စင်ခံစားနိုင်ကြပြီး
ပင်စင်စားများအတွက် အထူးဝန်ဆောင်၊ အခွင့်အရေးပေးမှုတွေ
ရှိတာတွေ့ရပါတယ်။
ကျန်းမာတဲ့နိုင်ငံသားတိုင်း အလုပ်လုပ်ခဲ့ကြရပြီး မည်သည့်အလုပ်ကို
လုပ်ခဲ့ လုပ်ခဲ့ အလုပ်လုပ်ခဲ့သူတိုင်း ပင်စင် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
သက်ဆိုင်ရာအလုပ်ရှင်များ၊ ကုမ္ပဏီများက လစာထဲမှပင်စင်ကြေးကို
လစဉ်ဖြတ်ယူလို့ ပင်စင်ဌာနကိုပေးပို့ထားရပါတယ်။
ဒါ့ကြောင့် အသက် ၆၇ နှစ်ပြည့်တဲ့ တရားဝင်မှီတင်းနေထိုင်ကြသူများ၊
အမြဲတန်းနေထိုင်ခွင့်ရရှိသူများ၊ နိုင်ငံသားများ အားလုံးဟာ နေဖို့စားဖို့
လုံလောက်တဲ့ ပင်စင်ထောက်ပံ့ကြေးကိုရရှိမှာမို့ မည်သူ့ကိုမျှ မှီခိုအား
ထားဖို့မလိုတာတွေ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဟိုးအရင်တုန်းကတော့ အလွန်နည်းပါးတဲ့
ပင်စင်ထောက်ပံ့ကြေးပဲရရှိခဲ့ကြပါတယ်။
အခုအခါမှာတော့ အထိုက်အသင့်ရရှိကြပြီကြားလို့ဝမ်းသာရပါတယ်။
ဘ၀တစ်လျှောက်လုံးနိုင်ငံအတွက် အလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းအားလုံး
အသက်ကြီးလို့အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ နိုင်ငံတော်က
အပြည့်အ၀တာဝန်ယူပေးရမှာပဲဖြစ်ပါတယ်။
အထူးသဖြင့် တော့ ကျွန်တော်တို့နိုင်ငံက ဆရာ၊ ဆရာမကြီးတွေ
ပင်စင်ယူကြတဲ့အခါမှာ ဒီနိုင်ငံကပင်စင်စားတွေလို မကြောင့်မကျ
နေနိင်အောင် နိုင်ငံတော်ကထောက်ပံ့နိုင်ရင်ဖြင့် နတ်လူသာဓု
ခေါ်မှာဖြစ်ပါတော့တယ်။
...........................................
မသန်မစွမ်းများအဆင်ပြေရေး
                                           မသန်မစွမ်းသူများWheelchair ဖြင့်လွယ်ကူစွာသွားနိုင်စေရန်
နေရာတကာမှာ သူတို့ကိုဦးစားပေးအနေနဲ့ဆောင်ရွက်ပေးထားပါတယ်။
အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ..
ကား parking တွေ၊ အိမ်သာစတာတွေ သီးသန့်ထားပေးပါတယ်။
မီးရထား၊ ဘတ်(စ်)ကား၊ ရုံးများ၊ ရဲစခန်းများ၊ စာကြည့်တိုက်၊ ပြတိုက်
စတဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သူတို့အတွက်အထူးဝန်ဆောင်
မှုပေးပါတယ်။
လူသွားများတဲ့ လမ်းလျှောက်လမ်း walking street လို လမ်းတွေမှာ
မျက်မမြင်၊ အမြင်အားနည်းနေသူများအတွက် သူတို့ ဒုတ်ကောက်နဲ့
စမ်းလျှောက်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။
ဒူးနာလို့လမ်းများများမလျှောက်နိုင်တဲ့မေမေ Singapore မှာ ဆေးကုသွား
ရင်း Wheelchair နဲ့ အဆင်ပြေစွာသွားလာနိုင်ခဲ့ပါတယ်။
ကျွန်တော်နေတဲ့ ဒိန်းမတ်နိုင်ငံရဲ့ Dronningmolle ဆိုတဲ့မြို့လေးက
ပင်လယ်ကမ်းခြေမှာ နွေရာသီရောက်ရင် Wheelchair ပါ ရေစပ်ထိ
ဆင်းလို့ရအောင် ဖြုတ်သိမ်းလို့ရတဲ့ သစ်သားတံတားကို မနှစ်ကစလို့
လာရောက်တပ်ဆင်ပေးတာတွေ့ရပါတယ်။
မြန်မာနိုင်ငံကကျွန်တော့်အမေ၊ ကျွန်တော့်ဘကြီး စသဖြင့် သူတို့တွေ
အသက်ကြီး၊သိပ်လမ်းမလျှောက်နိုင်ကြတော့လို့ အိမ်ပေါ်မှာပဲ ငြီးငွေ့စရာ
အချိန်ကုန်နေကြရတဲ့အချိန်တွေမှာ..
ဒိန်းမတ်နိုင်ငံမှာကျွန်တော်နေတဲ့မြို့လေးက ခြေထောက်၂ဘက်လုံးဖြတ်ထားရတဲ့ 
အသက်၇၅နှစ် မစ္စတာကိုင်း ကတော့ သူ့ Wheelchair
ကိုယ်တိုင်မောင်းလို့ဈေးဝယ်လာနေဆဲပါ။
တစ်ခါတစ်ရံ အိမ်ရှေ့က ဘုံဆိုင်ကိုတောင် ဘီယာလာသောက်တာ
တွေ့ရပါတယ်။
၁၀မိုင်လောက်ဝေးတဲ့မြို့က စာကြည့်တိုက်ကိုလည်း တစ်ပါတ်မှာ
တစ်ကြိမ် မီးရထားစီးလို့ သူ့ဘာသာတစ်ယောက်တည်းသွားကြောင်း
ပြောပြဘူးပါတယ်။
သက်ကြီးရွယ်အို မသန်မစွမ်းများ သွားလာမှုအဆင်ပြေရေးပါ
ကျွန်တော်တို့နိုင်ငံမှာအခုစတင်လို့အကောင်အထည်ဖေါ်မှာမို့
သာဓုခေါ်မုဒိတာပွါးရပါတယ်။
ချက်ချင်းကြီးတော့ ဒီဘက်နိုင်ငံတွေမှာလို ဖြစ်နိုင်မှာမဟုတ်ပေမယ့်
နောင်လာနောက်သားတွေ အကျိုးရှိလာမှာမလွဲပါဘူး။
............................................
ပြောချင်တာက ဒီဘက်နိုင်ငံတွေလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ
လုပ်ဆောင်လာတာနှစ်ပေါင်းများစွာရှိခဲ့တာတောင် ဆောင်ရွက်နေရဆဲ
ဖြစ်ပြီး အဆင်မပြေမှုတွေရှိနေသေးတာ..
ကျွန်တော်တို့နိုင်ငံလို ခုမှပြည်သူ့ဝန်ဆောင်မှုနဲ့ဆိုင်တဲ့လုပ်ငန်း
တွေစတင်ဆောင်ရွက်ရာမှာအဆင်မပြေမှုတွေကြုံတွေ့ရမှာမလွဲပါဘူး။
ဒီဘက်နိုင်ငံတွေက ပြည်သူကိုစောင့်ရှောက်ပုံတွေကို ကိုယ်တိုင်သိခဲ့၊
ကိုယ်တိုင်နေခဲ့ပြီး မိမိတိုင်းပြည်ကိုလည်း ဒီနိုင်ငံတွေလို ကောင်းတာတွေ
ဖြစ်စေချင်တဲ့စေတသိက်လည်းအပြည့်ရှိနေတဲ့ လူထုခေါင်းဆောင်ကနေ
အရွယ်နဲ့မမျှအချိန်ရသခိုက်မှာ တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေတာတွေ
တွေ့နေရပါတယ်။
သူ့ခေါင်းထဲမှာ သူ့နေအိမ်ကိုနန်းတော်တမျှပြင်ဆင်ဖို့စိတ်မကူးသလို
တိုက်ခန်းတွေတစ်ခန်းပြီးတစ်ခန်း မြေကွက်တွေတစ်ကွက်ပြီး
တစ်ကွက် ပိုင်ဆိုင်ဖို့ ဘယ်တော့မှတွေးမှာလည်းမဟုတ်ပါဘူး။
ပြည်သူကို ဇိကုပ်နတ်ပြည်တင်ရတဲ့အဖြစ်တွေရှိလာမှာလည်းမလွဲပါဘူး။
ကိုယ့်မိသားစုလူဦးရေနည်းနည်းလေးမှာတောင် ရုပ်ရှင်သွားကြည့်
ရင် အကြိုက်ချင်းမတူနိုင်ကြတာသတိပြုကြရပါ့မယ်။
အများအတွက် နိုင်ငံအတွက် ရေရှည်ကောင်းမှာတွေကို မဆုတ်မနစ်
ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
နိုင်ငံကိုတိုးတက်စေချင်၊ ကောင်းစေချင်၊ ပြောင်းလဲစေချင်တဲ့
စေတနာမှန် စိတ်ထားမှန်သူများအနေနဲ့ နိုင်ငံအေးငြိမ်းပြီး၊
နိုင်ငံတိုးတက်ပြောင်းလဲရေး တစိုက်မတ်မတ်ဆောင်ရွက်နိုင်ဖို့
မိုးယံကစိတ်ထားပိုင်ရှင်လူထုခေါင်းဆောင်နဲ့အစိုးရကို
ဝိုင်းဝန်းကြဖို့ရန်သာဖြစ်ကြောင်းပါခင်ဗျား။
Fb post. May, 2017.
"သမီးတို့ကျောင်းကဖက်ရှင်ရှိုး"
ကျွန်တော်တို့သမီးတက်နေတဲ့ ဒီဇိုင်းနားကျောင်းက
တစ်နှစ်သင်တန်းဆင်း ဖက်ရှင်ရှိုးပွဲလေးကိုရောက်ဖြစ်ခဲ့ပါတယ်။
သမီးတို့ကျောင်းသားတစ်ဦးချင်းကကိုယ်တိုင်ဒီဇိုင်းဆွဲချုပ်လုပ်ပေးထားတဲ့
ဝတ်စုံတွေကိုမော်ဒယ်တွေက၀တ်ဆင်ပြသတဲ့ပွဲဘဲဖြစ်ပါတယ်။
အဲဒီတုန်းကရိုက်ခဲ့တဲ့ပုံလေးနဲ့ ဒီဒိန်းမတ်နိုင်ငံရဲ့ပညာရေးစနစ်
တစ်စိတ်တစ်ဒေသကို မိတ်ဆွေများကိုမျှဝေတင်ပြလိုက်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကောင်းခြင်း၊ မကောင်းခြင်း
ဆိုတာထက် နှိုင်းယှဉ်ကြည့်နိုင်အောင်ရည်ရွယ်ရင်းပါ။
ဒီနိုင်ငံမှာမူကြို ကျောင်းကိုကလေးတိုင်းတက်ကြရပါတယ်။
၆ နှစ်ပြည့်တဲ့အခါမတော့ ပြည်သူ့မူလတန်းကျောင်းကိုပြောင်းကြရပါပြီ။
နေ့ကလေးထိန်းကျောင်းနဲ့တွဲရက်မူကြိုကျောင်းတွေရှိသလို
ပြည်သူ့အလယ်တန်းကျောင်းနဲ့အထကိတန်းကျောင်းတွေမှာပါမူကြိုကျောင်း
ကိုတွဲရက်ဖွင့်ထားပေးလေ့ရှိပါတယ်။
၆နှစ်ပြည့်လို့ သူငယ်တန်းတစ်နှစ်ထပ်နေပြီးရင်ကျွန်တော်တို့နိုင်ငံလို ပထမတန်း
ကိုရောက်ပါပြီ။ ၉တန်းထိ တတန်းလုံးအတူတူအတန်းတင်ပေးတဲ့စနစ်ပါ။
ကျွန်တော်တို့နိုင်ငံနဲ့အတော်ကွဲသွားတာကတော့ ၁၀တန်းအောင်ပြီးရင်
တက္ကသိုလ်ကိုဒါရိုက်တက်ရောက်ခွင့်မရှိတာပါဘဲ။
မိမိနှစ်သက်ရာတက္ကသိုလ်တစ်ခုခုကိုတက်ဖို့အတွက်
အထက်တန်းအောင်ပြီးရင် Secondary education ဖြစ်တဲ့
ဒိန်းမတ်လို ဂိုမက်ရှာ(Gymnasium) တက္ကသိုလ်ဝင်တန်း ကို
ယူထားတဲ့ဘာသာရပ်လိုက်လို့ ၂နှစ်ကနေ ၄နှစ်အထိ
ထပ်မံတက်ရောက်ရဦးမှာဖြစ်ပါတယ်။
သမီးယူတဲ့ဘာသာရပ်ကတော့ ၃ နှစ်တက်ရပါတယ်။
အဲဒီတက္ကသိုလ်ဝင်တန်းမှာမှ မိမိဝါသနာပါအားသန်ရာဘာသာရပ်ကို
အထူးပြုလေ့လာဆည်းပူးပြီးမှ မိမိတက်ရောက်ချင်တဲ့ တက္ကသိုလ်တစ်ခုခုကို
ဝင်ခွင့်ရအောင်လျောက်ထားရမှာဘဲဖြစ်ပါတယ်။
လျှောက်ထားတိုင်းလည်း ၀င်ခွင့်ရကြတာတော့မဟုတ်ပါဘူး။
ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကလက်ခံချင်လောက်တဲ့ကိုယ့်ဘက်က
ကြိုးစားမှုကတော့ အတိုင်းအတာတစ်ခုအထိရှိရမှာပဲဖြစ်ပါတယ်။
အတန်းထဲမှာ ကြိုးစားအားထုတ်မှုရှိပြီး ဂရိတ်ကောင်းကောင်းနဲ့အောင်ခဲ့ပါမှ
အဆင့်မြင့် တက္ကသိုလ်တွေကလည်း လက်ခံကြတာတွေ့ရပါတယ်။
သမီးကတော့ Secondary education မှာ ၃နှစ်တက်ပြီးလို့
သူသွားချင်နေတဲ့ တက္ကသိုလ်ကိုလည်းဝင်ခွင့်ရတာကြောင့်
အခုတော့ သူအထူးဝါသနာပါ အားသန်ရာဖြစ်တဲ့
Design, Technology and Business ဘာသာရပ်ကိုလေ့လာသင်ယူနေပါပြီ။
ဒိန်းမတ်နိုင်ငံမှာ ၉တန်းအထိကို မသင်မနေရပြဌာန်းထားပါတယ်။
၉တန်းပြီးရင်တက္ကသိုလ်ဝင်တန်းကိုဆက်တက်ခွင့်ရသလို
တက္ကသိုလ်ဝင်တန်းတက်ဖို့အဆင့်မမှီသေးရင်တော့
အဲဒီ၉တန်းမှာတစ်နှစ်ထပ်နေရဦးမှာဖြစ်ပါတယ်။
တစ်ချို့ကျောင်းသားများလဲ၉တန်းပြီးလို့ တက္ကသိုလ်ဝင်တန်းကိုသွားခွင့်ရသော်လည်း
စာကျေအောင်ရယ် ကိုယ်ဝါသနာပါရာဘာသာရပ်ကိုကြိုတင်ဆည်းပူးနိုင်အောင်ရယ်
အသက်မွေးဝမ်းကျောင်းတစ်ခုခုမှာ ၁၀တန်း တစ်နှစ်ထပ်တက်ကြတာလည်းရှိပါတယ်။
ကျွန်တော်တို့သမီးလဲ ၉တန်းပြီး တက္ကသိုလ်ဝင်တန်း ဒါရိုက်တက်ခွင့်ရပေမဲ့ မတက်သေးဘဲ
သူဝါသနာပါရာ ဖက်ရှင်ဒီဇိုင်းနားကျောင်းမှ၁၀တန်းတစ်နှစ်ထပ်တက်ခဲ့ပါတယ်။
ပြီးမှဒီဇိုင်းနာ ဘာသာရပ်ယူလို့ရတဲ့ တက္ကသိုလ်ဝင်တန်းမှာ ၃နှစ်ထပ်တက်
ရဦးမှာဖြစ်ပါတယ်။
အဲဒီ Secondary တက္ကသိုလ်ဝင်တန်း ၃နှစ်ပြီးမှသူသွားချင်တဲ့တက္ကသိုလ်ကိုဝင်ခွင့်ရအောင်
ထပ်မံလျောက်ထားရမှာပဲဖြစ်ပါတယ်။
တက္ကသိုလ်မတက်ခင် ၃နှစ်အတွင်းမှာကိုယ်အားသန်ရာကို ရွေးချယ်ခွင့်၊ ကြိုးစားခွင့်
ပေးထားတဲ့စနစ်ဖြစ်ပါတယ်။
မည်သည့်ကျောင်းသားမဆို မိမိစိတ်အားထက်သန်ရာ၊ ၀ါသနာပါရာကို
မိမိဆန္ဒအလျောက်ရွေးချယ်ကြိုးစားပိုင်ခွင့်ရှိကြပါတယ်။
ဆရာဝန်ဖြစ်ချင်လို့ အဲဒီလမ်းကြောင်းကိုရွေးချယ်မိရင်လည်း မိမိဘက်က
ကြိုးစားမှုရှိဖို့တော့လိုမှာဖြစ်ပါတယ်။
သမီးလည်းမိဘကအကြံဥာဏ်ပေးရုံလောက်ပါပဲ။
သူ့ဘာသာစိတ်ကြိုက်လမ်းကြောင်းရွေးချယ်နိုင်ခွင့်ပေးထားပါတယ်။
ဒီနိုင်ငံပညာရေးနဲ့ပတ်သက်လို့ အချိန်ရတဲ့အခါပိုပြီးပြည့်ပြည့်စုံစုံတင်ပြချင်ပါသေးတယ်။
အခုတော့ရသမျှအချိန်လေးအတွင်းမှာ မိတ်ဆွေများကို နှိုင်းယှဉ်ကြည့်နိုင်ရုံ
တင်ပြလိုက်ရကြောင်းပါခင်ဗျား။
Fb post. Aug, 2014.
Saturday, 18 November 2017
"နို့ဆီမသုံး ၀က်နားရွက်မစား တဲ့နိုင်ငံ"
Facebook ရဲ့ကွန်မင့်တစ်ခုမှာ "ဒိန်းမတ်ဆိုတော့ နို့ဆီပေါတဲ့နိုင်ငံပေါ့" 
လို့ရေးလာတာတွေ့ရဘူးပါတယ်။
သူထင်မယ်ဆိုလည်း ထင်ချင်စရာပါပဲ။ နို့ နဲ့ နို့ထွက်ပစ္စည်း ပေါများတဲ့နိုင်ငံ
ပေကိုး။ သို့ပေမယ့် နို့ဆီတော့မပေါပါဘူး။ 
နို့ဆီမသုံး
လူဦးရေ ၅သန်း ၇သိန်းကျော်ရှိတဲ့ ဥရောပက
ဒိန်းမတ်နိုင်ငံမှာ အောက်တိုဘာ ၂၀၁၆ စာရင်းအရ နို့စားနွား ၅သိန်း၆သောင်း
ကျော်ရှိပြီး နို့စို့နွား ၁သိန်းနီးပါးရှိကြောင်းသိရပါတယ်။
နွားအရေအတွက်အားလုံးရဲ့ တစ်ဝက်ကျော်ကတော့ စားကျက်မှာလွှတ်မွေးစနစ်
မဟုတ်တော့ပဲ အဆောက်အဦးတင်းကုတ်ကြီးထဲမှာ (new loose-housing systems)
နဲ့မွေးမြူ ထားပါတယ်။
ဥရောပတစ်ခွင်မှာ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို အများဆုံးနဲ့ခေတ်အမှီဆုံး
ထုတ်လုပ်တင်ပို့နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ပြည်တွင်းကဆိုင်တိုင်းမှာလည်း နွားနို့အမျိုးမျိုး၊ ထောပတ်အမျိုးမျိုး၊
နို့ထွက်ပစ္စည်းစားသောက်ကုန်အမျိုးမျိုး၊
Cheese ဒိန်ခဲအမျိုးမျိုး ကို ၀ယ်ယူနိုင်ပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ငပိ သူတို့ဆီမှာတော့ ချိ(စ်)ပေါ့။
ဒိန်းမတ်တွေနို့ဆီတော့မသုံးကြပါဘူး။
အများစုကတော့ သကြားမထဲ့နို့မထဲ့တဲ့ ကော်ဖီကြမ်းကြီးကိုပဲ
မက်မက်မောမောသောက်တတ်ကြပါတယ်။
ကျွန်တော်တို့ကတော့ cream နို့မှုန့် နဲ့ ကော်ဖီသောက်ပါတယ်။
ဒိန်းမတ်နိုင်ငံကို ကျွန်တော်စရောက်ကာစ ၂၀၀၅ ခုနှစ်မှာတုန်းကတော့
ဒိန်းမတ်ဆိုင်တွေမှာ နို့ဆီတင်ရောင်းတာမတွေ့ရပါဘူး။
အဲဒီအချိန်တုန်းက နို့ဆီကြိုက်တဲ့ မြန်မာမိတ်ဆွေတစ်ချို့ကတော့
မြို့တော်ကိုပင်ဟေဂင် မှာရှိတဲ့ ကုလားဆိုင်တွေမှာ ရှာဝယ်ကြရပါတယ်။
ဝက်နားရွက်မစား
ဝက်သားရောင်းလို့ ရတဲ့ဝင်ငွေဟာ ဒိန်းမတ်နိုင်ငံရဲ့ အဓိက၀င်ငွေတစ်ရပ်
ဖြစ်နေတာဟာ နှစ်ပေါင်းတစ်ရာမကတော့ကြောင်းသိရပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ၀က်နဲ့ဝက်သားထုတ်လုပ်ရေးဟာ စနစ်တကျမွေးမြူ မှု၊
အရည်အသွေးပြည့်မှီမှု၊ အသားရဲ့လတ်ဆတ်သန့်ရှင်းမှု နဲ့ ထုတ်ကုန်ရဲ့
မှတ်တမ်းများစေ့စပ်သေချာမှု( traceability)၊ စတဲ့စံချိန် စံညွှန်း
ပြည့်မှီမှု တွေဟာကမ္ဘာပေါ်မှာ ဒိန်းမတ်နိုင်ငံကို အကြီးမားဆုံး 
ဝက်သားထုတ်လုပ်တင်ပို့ရောင်းချတဲ့နိုင်ငံအဖြစ်ရပ်တည်စေခဲ့ပါတယ်။
မွေးမြူရေးသမား ၄၂၀၀ ဟာ နှစ်စဉ်ဝက်ကောင်ရေ ၂၈ သန်းကို ထုတ်လုပ်
ပေးနေကြောင်းလည်း သိရပါတယ်။
ကျွန်တော်တို့ရောက်စကတော့ ဒိန်းမတ်တွေကို ပေါင်မုန့်နဲ့ထောပတ် ပဲစား
နေကြပြီး ငါတို့မြန်မာတွေလို လျှာရင်းမြက်မြက်မစားတတ်ကြဘူးဆိုပြီး
သနားစရာထင်နေခဲ့ဘူးပါတယ်။
သူတို့နိုင်ငံမှာနေခဲ့တာလည်း ၁၀နှစ်ကျော် သူတို့နဲ့လည်းရင်းရင်းနှီးနှီးနေကြည့်တဲ့
အခါမှဒိန်းမတ်လူမျိုးတွေလည်း အစားကိုအရသာရှိအောင် သူတို့နည်းသူတို့ဟန်နဲ့ 
အမျိုးမျိုးလုပ်စားကြတာတွေ့ရပါတော့တယ်။
ငရုတ်သီးစပ်စပ် နဲ့ ငပိတော့ မစားတတ်ကြပါဘူး။
သူတို့အရမ်းကြိုက်ပြီး ပေါင်မုန့်ထဲမှာ ညှပ်စားတဲ့ ၀က်သားလိပ်ပြား
(သူတို့အခေါ် Rulle pøser) လုပ်ပုံကို ပြောပြချင်ပါတယ်။(ပုံစာ)
ဝက်ရဲ့အခေါက်နဲ့အဆီတွဲနေတဲ့ ၀မ်းဗိုက်သား အနံ ၁ပေ၊ အလျှား ၁ပေခွဲလောက်ကို
 ဦးစွာရယူရပါတယ်။ 
အသားပြားပေါ်မှာ ဟင်းခတ်အမွှေးအကြိုင် တွေသိပ်ထည့်ပြီး ကျစ်နေအောင်လိပ်ကာ
ကြိုးနဲ့စည်းပါတယ်။
ပြီးရင် အဲဒီအသားလိပ်ကို ဒယ်ပြားထဲမှာထည့် ရေနည်းနည်းဖြည့် အပေါ်ကဆားဖြူးပြီး 
ပေါင်းဖိုထဲမှာ ၂၀၀ဒီဂရီ c နဲ့ ၂နာရီ ကင်ရပါတယ်။
ပြီးတဲ့အခါ ကျက်နေတဲ့အသားလိပ်ကို ထုတ်လို့ သတ္ထု သေတ္တာထဲကိုအားနဲ့ဖိထည့်အဖုံးပိတ်လို့ 
အအေးခန်းထဲမှာ တစ်ညသိပ်ရပါတယ်။
အအေးခန်းထဲကထုတ်ပြီး သေတ္တာကိုဖွင့်လိုက်တဲ့အခါ အသားထဲကအဆီတွေထွက်လို့
ခဲနေတာတွေကိုဖယ်၊ ကြိုးတွေကို ဖြုတ်ပြီးရင် ၀က်သားလိပ်တုံးကိုရပါပြီ။ 
ပါးပါးလေးတွေလှီးလိုက်တဲ့အခါမတော့ ၀က်အသားလိပ်ပြားလေးတွေကို 
ပေါင်မုန့်ထဲမှာ ညှပ်စားဖို့ အဆင်သင့်ရရှိမှာပဲဖြစ်ပါတယ်။
ဝက်သားလုံး (Frikadeller)
ဒိန်းမတ်လူမျိုးတွေလည်း ကျွန်တော်တို့မြန်မာတွေ ၀က်သားလုံး လုပ်စားသလို
သူတို့ ဖတ်ကတဲလား လို့ခေါ်တဲ့ ၀က်သားလုံးစားလေ့ရှိကြပြီး ကလေးကော၊
လူကြီးတွေပါ ကြိုက်နှစ်သက်စွာ စားကြတာတွေ့ရပါတယ်။
ကျွန်တော်တို့ လုပ်စားလေ့ရှိတဲ့ ၀က်သားလုံးထက်တော့ သူတို့ဟာက ၃၊ ၄ ဆ
ပိုကြီးပါတယ်။
ရောင်းတန်းဝင် ၀က်သားလုံးလုပ်ပုံကတော့ ကျွန်တော်တို့နဲ့ထူးမခြားနားပါ။
နုတ်နုတ်စင်းထားတဲ့အသားပဲဖြစ်ဖြစ်၊ သူရို့အခေါ် Hakker kød ၀က်ကြိတ်သား
ကိုရယူပါတယ်။
ဂျုံ မှုန့်လိုမျိုး သူတို့စပ်ပြီးသား ဖတ်ကတဲလားအမှုန့်နဲ့ဟင်းခတ်အမွှေးအကြိုင်၊
ရေနည်းနည်းစတာတွေနဲ့ရောပြီးနှယ်ရပါတယ်။
အလုံးလုံးပြီး ဆီပူထဲမှာ ခဏကျက်သွားရုံပဲ ကြော်ပါတယ်။
ပြီးရင်တော့ အဲဒီအလုံးတွေကို Oven ထဲမှာ ၂၀၀ ဒီဂရီ စင်တီဂရိတ်နဲ့ မိနစ်
၂၀ ၀န်းကျင်ပေါင်းပြီးတဲ့အခါမတော့ ရောင်းတန်းဝင်ဝက်သားလုံးကိုရပါပြီ။
သူတို့ဆီမှာဝက်သားလုံးပဲဖြစ်ဖြစ်၊ ၀က်သားကင်ပဲဖြစ်ဖြစ် ရောင်းတော့မယ်၊
စားတော့မယ်ဆိုရင် အသားအပူချိန်တိုင်းတဲ့ သာမိုမီတာနဲ့ အလုံးရဲ့အလယ်ကောင်၊ 
အသားတုံးရဲ့အလယ်ကောင်ကို ထိုးစိုက်ပြီး
အပူချိန် ၇၅ ဒီဂရီစင်တီဂရိတ် အထက်မှာမှရောင်းချရပါတယ်။
ဝက်သားမှာရှိတဲ့ လူကိုဒုက္ခပေးမယ့်များစွာသော ဘက်တီးရီးယားတွေ သေအောင်လို့ပါ။
ဒိန်းမတ်တွေဝက်သားကိုဝက်အူတောင့်အမျိုးမျိုး၊ ၀က်နံရိုးကင်၊
ဝက်ပေါင်ခြောက်၊ ၀က်သားကင် အမျိုးမျိုး လုပ်စားကြတာတွေ့ရပေမယ့်
ကျွန်တော်တို့ကြိုက်တဲ့ ၀က်နားရွက်ကိုတော့ မစားကြပါဘူး။
အမြည်းကောင်းကို သူရို့မို့လက်လွတ်ခံပုံများပြောပါတယ်။
တစ်ခါတစ်ရံမှာတော့ တစ်ချို့ဆိုင်တွေမှာကျွန်တော်တို့အာရှသားတွေ
စားတတ်လို့ဝက်ခေါင်း တင်ရောင်းလေ့ရှိပါတယ်။
ကျွန်တော်တို့ကတော့ ၀က်ခေါင်းများတွေ့ရင် လက်နှေးမနေပါဘူး။
ကြီးမားတဲ့ ၀က်သား Exporter ဒိန်းမတ်နိုင်ငံသားတွေဟာ
ဝက်ခေါင်း၊ ၀က်ခြေထောက်၊ ၀က်ရိုး မစားတတ်ကြတာများပေမယ့်
ပူပင်စရာမလိုအောင် ၀က်ကထွက်တဲ့ ခေါင်း၊ ခြေထောက်၊ အရိုး၊ အမြီးအဆုံး
အားလုံးကို ပေါက်ဖေါ်နိုင်ငံကြီးကအားပေးတယ်လို့သိရပါကြောင်း
ဖတ်မိမှတ်ရာ အတိုအထွာကိုတင်ပြလိုက်ရပါတယ်ခင်ဗျား။
Fb post. Dec, 2016
ကိုးကား     Wikipedia pages.
အိမ်မှာအော်တဲ့ မီးAlarm !!
                             Wireless Fire Smoke detector sensor alarm Home Security.
ပြီးခဲ့တဲ့စနေနေ့ကအိမ်မှာတပ်ထားတဲ့ မီးသတိပေး Alarm ထမြည်ပါတယ်။
မီးဖိုချောင်ထဲမှာရှိတဲ့ကျွန်တော်တို့ဇနီးမောင်နှံကိုစိတ်ဆိုးပြီးထအော်တာပါ။
ဖြစ်ပုံကကျွန်တော်တို့ ဧည့်သည်ကျွေးဖို့ Oven ထဲမှာ ၀က်သားကင်ကြပါတယ်။
အပူချိန် ၂၀၀ ဒီဂရီနဲ့ မိနစ် ၉၀ ကင်ရမှာပါ။ ရေနည်းနည်းထဲ့ကင်ရပါတယ်။
ဇနီးသည်တစ်ယောက်ထဲကင်နေကျပါ။ ဘာပြသနာမှမရှိခဲ့ပါဘူး။
အဲဒီနေ့က ကျွန်တော်လည်းရှိနေတော့ကာ ဆရာကြီးတွေလုပ်ကြရင်း
ရေဖြည့်နောက်ကျသွားတာကြောင့်ဖြစ်ပါတယ်။
၄၅ မိနစ်လောက်မှာ ရေဖြည့်ပေးဖို့ ကြည့်လိုက်တော့ ရေကခန်းနေပါပြီ။
အဲဒီမှာ ရေခန်းပြီးအရမ်းပူနေတဲ့ ကင်တဲ့အပြားပေါ် ကျွန်တော်ကရေတွေ
လောင်းထပ်ဖြည့်လိုက်တော့ မီးခိုးတွေထောင်းကနဲ ထထွက်လာပြီး မီးဖို
အပေါ်ကမီးခိုးစုတ်စက်မနိုင်တော့ပဲ အပြင်ကိုပါမီးခိုးတွေပြန့်သွားတာ
ကြောင့် မီး Alarm လေးက တာဝန်ကျေပွန်စွာထမ်းဆောင်လိုက်တာပါပဲ။
'"တီ !!တီ !!တီ !! တီ !! ..တီ !!!..."' နဲ့ တစ်အိမ်လုံးဆူညံသွားတော့တာပါ။
ကျောင်းနားရက်မှာမိဘကိုကူညီဖို့ အားမွေးရင်းအိပ်နေတုန်းဖြစ်တဲ့ သမီးတော်
လည်း Alarm မြည်သံကြောင့်ချက်ချင်းနိုးလာပြီးအခန်းထဲကထွက်လာပါတယ်။
ညပိုင်းလူတွေနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်းအချိန်ဆိုလည်း ချက်ချင်းနိုးကြမှာပါ။
........................................................
စိတ်ချလက်ချအိပ်ရအောင်
လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲ fb ပေါ်မှာဖတ်လိုက်ရတဲ့ အိပ်ပျော်နေတုန်း
မီးလောင်အသက်ဆုံးရှုံးသွားကြရတဲ့ မြန်မာပြည်က တိရစ္ဆာန်ဆေးကု ဆရာဝန်
ဇနီးမောင်နှံအကြောင်းကို စိတ်မကောင်းစွာပဲ သတိရလိုက်မိပါတယ်။
သူတို့ကအိမ်ပေါ်ထပ်မှာအိပ်ကြပြီး အောက်ထပ်မှာ နေမကောင်းတဲ့တိရစ္ဆာန်
လေးတွေထားတယ်လို့သိရပါတယ်။
တိရစ္ဆာန်လေးတွေ အနွေးဓါတ်ရဖို့လုပ်ထားတဲ့ ဂက်(စ်)အပူပေးစက်ကနေ
စတင်မီးလောင်တာဖြစ်တယ်လို့ဖတ်လိုက်ရတာကြောင့် အဲဒီအောက်ထပ်
မှာ မီးAlarm လေးတပ်ထားရင်ကာကွယ်နိုင်မလားတွေးမိတာကြောင့်
ဒီစာလေးကိုအခြားအလုပ်တွေပစ်ပြီးရေးဖြစ်ပါတယ်။
ကျွန်တော်နေထိုင်ရာ ဒိန်းမတ်နိုင်ငံမှာလည်း လူနေအိမ်တိုင်းမှာ အခုလို
မီး Alarm တပ်ဆင်ရမယ်ဆိုတဲ့စနစ်အရင်ကမရှိခဲ့ပါဘူး။
ရာသီဥတုကအေး၊ မိုးလည်းများတဲ့အတွက် မီးလောင်ခဲတာကြောင့်
ဖြစ်မယ်ထင်ပါတယ်။
၂၀၁၆ နှစ်ကုန်ပိုင်းကမှ ဒိန်းမတ်အဖွားကြီးတစ်ယောက်အိပ်ပျော်နေတုန်း
မီးထဲပါသွားတာကြောင့် ကျွန်တော်နေထိုင်ရာမြို့နယ်မှာတော့ လူနေအိမ်တိုင်း
မီး Alarm တပ်ဆင်ပါပြီ။
အိမ်မှာလည်း လွန်ခဲ့တဲ့ ၂ လလောက်ကမှ လာရောက်တပ်ပေးသွားတာ
ဖြစ်ပါတယ်။ ကျွန်တော်တော့အလုပ်သွားနေလို့အိမ်မှာမရှိပါဘူး။
အမျိုးသမီးအလုပ်ပြီးချိန်မှာ အိမ်ကိုလာပြီး မီးAlarm တပ်သွားတာပါ။
မီးသတ်ဘူးသေး ပါပေးသွားပါတယ်။
ကျွန်တော်တို့အိမ်က ၂ထပ်ဖြစ်တာမို့ လူမနေတဲ့ အောက်ထပ်မှာ တစ်ခု၊ 
အပေါ်ထပ်မှာ တစ်ခု တပ်သွားပါတယ်။
အပေါ်ထပ် မီးဖိုချောင်နားမှာ မတပ်ပါဘူး မီးဖိုနဲ့ ပေ၂၀အကွာလောက်မှာ
တပ်ပါတယ်။
ပုံမှန်မဟုတ်တဲ့မီးခိုးငွေ့တွေများလာရင်ဖြစ်ဖြစ်၊ ရှိသင့်တဲ့အခန်းအပူချိန်ထက်
မြင့်တက်လာရင်ပဲဖြစ်ဖြစ် Alarm လေးကမြည်မှာဖြစ်ပါတယ်။
အိပ်ပျော်နေချိန်ဆို နှိုးပေးမှာပဲဖြစ်ပါတယ်။
........................................................
မီးAlarm တပ်ကြစို့..
မြန်မာပြည် စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ဗုဒ္ဓဘာသာပညာရေးစင်တာရဲ့
နာယကကျောင်းအုပ်ဆရာတော်ကြီးဘုန်းဘုန်းသောဘိတ(Ibec Principal)
ဆီက စကားလုံးဌားသုံးရရင်ဖြင့်"ဂလိုဘယ်တောသား"ကျွန်တော်ကိုယ်တိုင်လည်း
ခုလိုမီး Alarm လေးတွေကို မိမိဘာသာအလွယ်တကူဝယ်ယူတပ်ဆင်လို့ရမှန်း
အရင်ကမလေ့လာမိတော့မသိခဲ့ပါဘူး။
မြို့နယ်ကလာတပ်ပေးတာကြောင့် မီးသတ်ဌာနနဲ့ အဲဒီစက်လေးနဲ့ဆက်သွယ်
ထားသလားစသဖြင့်ရွှေဥာဏ်တော်စူးရောက်ကာ အတွေးခေါင်နေမိတာပါ။
ဘာကြောင့်လဲဆိုတော့ ဌာနဆိုင်ရာမှာရှိတဲ့ Alarm တွေက မီးသတ်နဲ့ဒါရိုက်
ဆက်သွယ်ထားတာကြောင့်ပါ။
ကျွန်တော့်ဇနီးသည်အလုပ်ဝင်နေတဲ့ ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေရဲ့
အခန်းတိုင်းမှာ Alarm ခလုတ်တပ်ထားတာကြောင့် အဲဒီခလုတ်ကိုနှိပ်လိုက်ရင်
မီးသတ်ကားက ၅မိနစ်အတွင်းရောက်လာပါတယ်။ မီးသတ်နဲ့လည်းနီးလို့ပါ။
မီးမလောင်ပဲ အဘိုးအဘွားတွေက မှားနှိပ်တတ်ပါတယ်။
၅မိနစ်အတွင်း မီးသတ်ကားရောက်လာပြီး မီးမလောင်ပဲမှားနှိပ်တဲ့အတွက်
ဒိန်းမတ်ခရိုနာ ၅ထောင်(ဆယ်သိန်းကျပ်ခန့်) ဒဏ်ငွေရိုက်ပြီးပြန်သွားရလေ့ရှိ
ပါတယ်။
မီးသတ်ကို ရန်ပုံငွေရအောင်ဆောင်ရွက်ပေးတဲ့အဘိုးအဘွားတွေရဲ့
စေတနာများပြောပါတယ်။
အဲဒီနေ့ အိမ်မှာမီး Alarm ထအော်တော့ အကျိုးတော့နည်းပါပြီ။
မီးသတ်ကားရောက်လာရင် ၅ထောင်တော့ထိပါပြီပေါ့။
နောက် Alarm မြည်တာရပ်သွား လေ့လာကြည့်တော့မှ ဒီ Alarm လေးတွေ
က ဘယ်နဲ့မှဆက်သွယ်မှုမရှိပဲ မိမိအိမ်လုံခြုံရေးအတွက်ပဲ အိမ်သားတွေ
အိပ်နေရင်ပဲဖြစ်ဖြစ်၊ သတိမပြုမိရင်ပဲဖြစ်ဖြစ် နှိုးပေးသတိပေးရအောင်
တပ်ကြတာဖြစ်ကြောင်းသိရပါတော့တယ်။
တပ်ပြီးကထဲက အမျိုးသမီးကရှင်းပြပေမယ့် အဲဒီကုန်ကြမ်းကခေါင်းထဲ
မ၀င်ခဲ့တာကြောင့်ပါ။
ဒီလိုများအစကသိရင် သူတို့ လာတပ်မပေးခင်ကထဲက ကိုယ့်ဘာသာ
ဝယ်တပ်ဖြစ်မှာပါ။
လွန်ခဲ့တဲ့တစ်နှစ်လောက်က အိမ်အောက်ထပ်မှာ မီးခိုးတွေပြည့်သိပ်လာပြီး
အပေါ်ထပ်ဧည့်ခန်းထိမီးခိုးတွေတက်လာမှ အောက်ခန်းထဲမှာမီးမတောက်သေး
ပေမယ့် မီးလောင်ဖို့အစပျိုးနေတာတွေ့ရပါတော့တယ်။
စီးကရက်တိုကို အောက်ခန်းထဲက ပန်းအိုးအဟောင်းထဲထိုးမီးသတ်ခဲ့ပေမယ့်
ကောင်းကောင်းမငြိမ်းပဲ သွေ့သွေ့ခြောက်နေတဲ့ ပန်းအိုးထဲကမြေကြီးတွေကို
တမြည့်မြည့်လောင်နေတာဖြစ်ပါတယ်။
လူတွေသာအိပ်ခန်းတွေထဲမှာနေကြရင်တော်တော်နောက်ကျမှသိတော့မှာ
ပါ။
အဲဒီတုန်းက ခုလို Alarm လေးများတပ်ထားရင် ကြို သိရမှာပဲဖြစ်ပါတယ်။
အဲဒီ မီး Alarm လေးတွေက ဓါတ်ခဲထည့်ပေးထားရင် သူတို့အလုပ်လုပ်
နေကြတော့တာပါပဲ။
သုံးရတဲ့ဓါတ်ခဲကလည်း ကြာရှည်ခံတဲ့အမျိုးအစားဖြစ်ပြီး အမျိုးအစားလိုက်လို့
၆လခံဓါတ်ခဲမှသည် နှစ်ရှည်ခံဓါတ်ခဲထိရှိတတ်ပါတယ်။ ဓါတ်ခဲအားကုန်ခံနီးရင်
အချက်ပေး အသံမြည်မှာဖြစ်ပါတယ်။
အမျိုးအစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးတွေ့ရပါတယ်။ မိမိရဲ့အိမ်သင့်တော်တဲ့
နေရာမှာ အလွယ်တကူတပ်နိုင်အောင် ၀က်အူလေးတွေပါထည့်ပေးလေ့
ရှိပါတယ်။
ဈေးလည်းသိပ်မကြီးပဲ တစ်သောင်းကျပ်ဝန်းကျင်လောက်ပဲပေးရတာတွေ့
ရပြီးအလွယ်တကူ On Line Shop တွေမှာဝယ်ယူလို့ရတာတွေ့ရပါတယ်။
Google မှာ Wireless Fire Smoke detector sensor alarm Home Security
လို့ရိုက်ပြီး မိမိအိမ်နဲ့သင့်တော်မယ့် Alarm ကိုဝယ်ယူနိုင်ကြပါတယ်။
မြန်မာပြည်ကဆိုင်တွေမှာလည်း ၀ယ်ယူလို့ရနေလောက်ပါပြီ။
ဒိန်းမတ်မှာတော့ ကုန်မာဆိုင်(hardware store) တွေမှာအလွယ်တကူ
ဝယ်ယူရရှိနိုင်ပါတယ်။
ဘယ်လိုတပ်ရတယ်၊ ဓါတ်ခဲဘယ်လိုလဲရတယ် စတဲ့ မီး Alarm နဲ့ပတ်သက်တဲ့
သိကောင်းစရာတွေကိုလည်း Youtube မှာ wireless smoke detector
လို့ရိုက်ပြီး နှစ်သက်ရာဗီဒီယိုအပိုင်းတိုလေးတွေကိုကြည့်ရှုနိုင်ပါတယ်။
ကမ္ဘာရွာခေတ်ကြီးမှာ မြန်မာပြည်ကသူတွေလည်း ကိုယ့်ထက်ခေတ်
ရှေ့ရောက်နေကြတာသိနေ တွေ့နေရပေမယ့်..
သတိမမူ ဂူမမြင်ဖြစ်မှာရယ်၊ မီးဘေးအန္တရာယ်ကိုလည်း အလျဉ်းသင့်သလို
ကြိုတင်ကာကွယ်နိုင်ကြရလေအောင် ရေးသားလိုက်ရကြောင်းပါခင်ဗျား။
ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ..
Fb post. Jan, 2017.
Friday, 17 November 2017
"ငှက်စာကျွေးခြင်း ( Feed the birds)"
ပခုက္ကူ က သူငယ်ချင်း တင့်တင့်စိုး တင်လိုက်တဲ့ သူတို့အိမ်ရှေ့က စေတနာ
ရေချမ်းစင် လေးအကြောင်းဖတ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ စိတ်ကြည်နူး
ပီတိဖြစ်ကြရပါတယ်။
ကမ္ဘာမှာရှားတဲ့ မြန်မာ့စိတ်ရင်း စေတနာရင်းတွေကိုလည်း ဂုဏ်ယူနေမိပါ
တော့တယ်။
ဆက်စပ်လို့ ကျွန်တော်တို့မိသားစုလေးရဲ့ ငှက်စာကျွေးတဲ့အကြောင်းလေးကို
လည်း မိတ်ဆွေ၊ သူငယ်ချင်း များကို ရင်းနှီးစွာ ပြောပြချင်ပါတယ်။
ဥရောပမြောက်ပိုင်း၊ စကင်ဒီနေးဗီးယန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ
မှာ ကျွန်တော်တို့မြန်မာပြည်မှာ ရှိတဲ့ငှက်တွေ တော်တော်များများကို ပြန်တွေ့
ရမှာဘဲဖြစ်ပါတယ်။
အထူးသဖြင့်တော့ စာကလေး၊ ခို၊ ကျီးကန်း နဲ့ ဇရက် (ဇက်ရက်) တို့ပါဘဲ။
ကျီးကန်းကတော့ အအေးဒဏ်ကြောင့် ကျွန်တော်တို့ဆီကကောင်တွေလို
ရဲရဲတောင် မမဲနိုင်တော့ဘဲ မီးခိုးရောင်စွက်ချင်နေပါတော့တယ်။
ဒိန်းမတ်နိုင်ငံက ဈေးဆိုင်တိုင်းလိုလိုမှာ ငှက်စာကိုအလွယ်တကူဝယ်ယူ
လို့ရပါတယ်။ အိတ်ကြီး၊ အိတ်ငယ် ဆိုဒ်စုံရှိသလို ပိုက်ကွန်လေးနဲ့အုပ်ထား
တဲ့ ငှက်စာလုံး လေးတွေလည်း ရှိပါတယ်။
နေကြာစေ့၊ ဖွဲမှုံ စတာတွေနဲ့လုံးထားတာပါ။ သူတို့ အင်မတန်ကြိုက်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ့်အိမ်နဲ့ အဆင်ပြေတဲ့ ငှက်စာလုံးလေးတွေကို
မပြတ်ဝယ်ထားရပါတယ်။
အိမ်အပေါ်ထပ် ဧည့်ခန်း ပြတင်းပေါက် အပြင်ဘက်မှာ ချိတ်ဆွဲထားပေး
လိုက် တာပဲဖြစ်ပါတယ်။
တစ်နှစ်ပတ်လုံးတော့ မကျွေးရပါဘူး။ သူတို့မရှိလို့ပါ။
နွေဦး မတ်လလောက်ကနေ ဆောင်းဦး အောက်တိုဘာလောက်ထိ
၈ လလောက်တော့ကျွေးရပါတယ်။
နွေဆိုပိုကျွေးရပြီး အားလပ်ရက်ခရီးထွက်ရင် သူတို့စိတ်မဆိုးအောင်
ပြတင်းပေါက်တိုင်းမှာ လုံလောက်အောင် ချိတ်ပေးခဲ့ရပါတော့တယ်။
ဆောင်းဝင်ခါနီးလို့ အေးစပြုလာပြီဆိုရင် သူတို့အအေးခိုဖို့ နေရောင်နဲ့အပူ
ရမယ့် တောင်ဘက်ပိုင်းတွေကို ပျံသန်းသွားကြပါပြီ။
အီတလီ၊ စပိန် စတဲ့နိုင်ငံတွေနဲ့ တစ်ချို့ကောင်တွေ အီဂျစ်ထိ သွားပြီး
အအေးခိုလေ့ရှိကြတယ်လို့ သိရပါတယ်။
အခု နွေဦးရောက်ပြီဆိုတော့ သူတို့အိမ်ပြန်လာကြပါပြီ။
ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ ၂ပတ်လောက်ကထဲက စကျွေးရပါပြီ။
ခရီးလွန်နေတဲ့ကောင်တွေ ပြန်မရောက်သေးတော့ အားလုံးတော့မစုံ
သေးပါဘူး။ နွေကျမှဘဲသူတို့ စုံတော့မှာပါ။
ကျွန်တော်တို့ ငှက်စာလုံးကို အထူးအားပေးကြတာတော့ စာကလေးတွေ
ပဲ ဖြစ်ပါတယ်။ ခို နဲ့ ကျီးကန်းလည်း တခါတရံ လာအားပေးပါတယ်။
နွေဆိုရင်တော့ ကျွန်တော်တို့ ဧည့်ခန်းပြတင်းပေါက်မှာ ဒီကောင်စာကလေး
တွေ ဘာသာဘာဝ ကျလိကျလိနဲ့ စကားတွေပွါးရင်း မပြတ်တန်းလာစားနေ
ကြတော့တာပါပဲ။
စာဆော်သြ တစ်ကောင်ပြန်ရောက်မလာသေးဘူးထင်ပါရဲ့။
ဒီကောင်က ကျွန်တော်တို့ ငှက်စာကုန်နေတာ သတိမထားမိလို့ အသစ်ချိတ်
ပေးမထားမိရင် ကျွန်တော်တို့မှမထသေး မှန်ပြတင်းကို သူ့နှုတ်သီးလေးနဲ့
တဒေါက်ဒေါက်ခေါက်လို့ အစာချိတ်ခိုင်းပါတော့တယ်။
(မင်းတို့အလှည့် လုပ်ထားအုန်းပေါ့ကွာ၊
ငယ်ငယ်ကမင်းတို့ကို လေးခွနဲ့ထုပြီး ကင်စားခဲ့တာကိုး) 
Ecosystem ကို လေ့လာထားတဲ့သူတွေကတော့ သူတို့ရဲ့
ခရီးရှည်ကြီးတွေကို ပိုမိုသိကြမှာပါပဲ။
ငှက်လေးတွေ အားလုံးလည်း ဘေးရန်ကင်းကင်းနဲ့ အိမ်ကိုပြန်လာ
နိုင်ကြစေ။
အဝေးရောက် အိမ်ချစ်သူများလည်း အိမ်ကိုဘေးရန်ကင်းကင်း
ပြန်လာခွင့်ရရှိကြပါစေ။
မတရား အချုပ်အနှောင်ခံထားရသူများလည်း ချောချောမောမော
အိမ်ကိုပြန်လာနိုင်ကြပါစေ။
အမိနိုင်ငံတော်ကြီးမှာလည်း ပြည်သူ့အစိုးရဆင်နွှဲမယ့် မိုးခါးရေဖြတ်ပွဲကြီး
ခြိမ့်ခြိမ့်သည်း ဆင်နွှဲအောင်မြင်နိုင်ပါစေ။
ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက် ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့
ပြည်သူ့ဒီမိုကရေစီနိုင်ငံတော်ရယ်လို့ ကျွန်တော်တို့မသေခင် ပီပီပြင်ပြင် မြင်သွားနိုင်ကြရအာင်
ပြည်သူတစ်ရပ်လုံးကလည်း တစ်တပ်တစ်အား ပါဝင်ကြပါလို့
ဆန္ဒမွန်ပြုလိုက်ရကြောင်းပါခင်ဗျား။
သတ္တ၀ါအပေါင်းဘေးရန်ကင်းလို့ ချမ်းမြေ့ကြစေ...
Fb post. March, 2016.
အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)
                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး