Sunday, 19 November 2017

"မိုးယံကစိတ်ထားရှင်များ.."


"ပြည်သူနဲ့ပတ်သက်တဲ့အဆောက်အအုံတွေ ဆောက်တဲ့အခါ၊
ဘတ်(စ်)ကား စီးတဲ့အခါတွေမှာ သက်ကြီးရွယ်အိုနဲ့မသန်မစွမ်းတွေ
အတွက်ပါအဆင်ပြေအောင် ဆောက်လုပ်၊ ပြေးဆွဲဖို့လွှတ်တော်က
စီစဉ်နေကြပြီတဲ့ အဖေကြီးရေ"
အလုပ်ကအပြန် ခဏနားချိန်လေးတွေမှာ မြန်မာနိုင်ငံသတင်းလေး
တွေကြည့်တတ် နားထောင်တတ်တဲ့ ဇနီးသည်က ကျွန်တော့်ကို
ဝမ်းသာစရာသတင်းမို့လှမ်းပြောလိုက်တာဖြစ်ပါတယ်။
အခုအခါမှာ အာဏာနဲ့လုပ်ပိုင်ခွင့် ရာနှုံးပြည့်မရသေးသော်ငြား၊
လူထုခေါင်းဆောင်နဲ့ပြည်သူ့အစိုးရဟာ တိုင်းပြည်အပျက်ပုံ၊
အရှုပ်ပုံကြီးကို ရှင်းလင်းပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေရတဲ့
ကြားထဲကနေ အလျဉ်းသင့်သလို ကျွန်တော်အခု အသက်(၅၆)မှာ
တစ်သက်နဲ့တစ်ကိုယ်မကြားဘူးခဲ့တဲ့ "ပြည်သူကိုစောင့်ရှောက်ရမှာ
အစိုးရရဲ့အဓိကတာဝန်"ဆိုတာနဲ့အညီ ပြည်သူကိုစတင်စောင့်ရှောက်
ကြည့်ရှုလာခဲ့မှုလေးတွေကို မုဒိတာဖြစ်ဖွယ် ကြားလာရပါပြီ။
မျက်နှာလွှဲခဲပစ်လုပ်ထားခဲ့ကြတဲ့ ရန်ကုန်နောက်ဖေးလမ်းကြားတွေ
ကို ရှင်းလင်းပေးခဲ့ကြတယ်။
ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး၊ သက်ကြီးထောက်ပံ့ကြေး အစီအစဉ်
တွေကြားလာရတယ်။
ဖြစ်ချင်သလိုဖြစ်နေတဲ့ ရန်ကုန်ဘတ်(စ်)ကားစနစ်ကိုလည်း နိုင်ငံ
တကာ အဆင့်မှီဖို့ စတင်ကြိုးစားလာတာတွေ့ရပါပြီ။
ပိုတောင်ဆိုးလာတာတွေလည်းတွေ့ကောင်းတွေ့ရနိုင်ပါတယ်။
စတင်ပြောင်းလဲဖို့သာ အဓိကပါ။ စိတ်စေတနာကောင်းနဲ့လုပ်ရပ်
တွေဟာ အချိန်ရလာတာနဲ့အမျှ အောင်မြင်လာရမှာဖြစ်ပါတယ်။
"ကောက်ရိုးမီး" လို ဟုန်း ကနဲတောက်ပြီး ငြိမ်းမသွားဖို့ကတော့
အထူးအရေးကြီးလှပါတယ်။
ဒီဘက်နိုင်ငံတွေမှာလည်း လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ပို့ဆောင်ရေး၊
သက်ကြီးရွယ်အိုပင်စင်စားများရဲ့ စားဝတ်နေရေး၊
မသန်မစွမ်းများအဆင်ပြေရေး၊ စတဲ့ကိစ္စရပ်တွေကိုလည်း.
လုပ်ပြီးပြီ၊ ကောင်းသွားပြီဆိုပြီး လုပ်ပြီးပစ်ထားတာမျိုးမဟုတ်ပဲ
အချိန်နဲ့အမျှ၊ အမြဲတန်း တာဝန်ရှိတဲ့ ဌာနတွေက ကောင်းသည်ထက်
ကောင်းအောင်ဆောင်ရွက်နေကြရတာပါ။
အဆိုးထဲကနေအကောင်းတွေကိုထုတ်ယူပြီးဆောင်ရွက်နေကြဆဲပါ။
ဒီမိုကရေစီအသားကျနေပြီဖြစ်တဲ့ ကမ္ဘာပေါ်မှာနေချင်စရာအကောင်း
ဆုံး၊ အပျော်ရွှင်ဆုံးလူတွေ နေထိုင်ကြတယ်လို့ဆိုတဲ့ ဥရောပက
ဒိန်းမတ်နိုင်ငံမှာလည်း အစစအရာရာဟာ ပြုပြင်စရာမလိုအောင်
ပြီးပြည့်စုံနေတာမျိုးမဟုတ်ပါဘူး။
အမြဲအလုပ်လုပ်နေကြရပါတယ်။ စနစ်တွေကိုကာင်းသည်ထက်
ကောင်းအောင် ပြင်ဆင်ဆောင်ရွက်ဖို့လွှတ်တော်မှာအမြဲဆွေးနွေး
နေကြပါတယ်။
ဒီဆောင်းပါးလေးနဲ့ဆိုင်တဲ့ ကျွန်တော့်မျက်မြင်အကြောင်းလေး
တွေကိုလက်လှမ်းမှီသမျှအကျဉ်းတင်ပြပါ့မယ်။
........................................
လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ပို့ဆောင်ရေး၊
သက်ကြီးရွယ်အိုပင်စင်စားများ စားဝတ်နေရေး၊
မသန်မစွမ်းများအဆင်ပြေရေး၊ စတာတွေမှာ သက်ဆိုင်ရာဌာနတွေက
ကောင်းသည်ထက်ကောင်းအောင်
အမြဲပြင်ဆင်၊ ထိန်းသိမ်း၊ တိုးချဲ့၊ ပြောင်းလဲ၊ ဆောင်ရွက်နေကြပါတယ်။
လမ်းပန်းဆက်သွယ်ရေး
ကျွန်တော်တို့နားက ဂျမ်းရှင်းတစ်ခုရှိပါတယ်။
မီးပွိုင့်ရော၊ အ၀ိုင်းကော မရှိပါဘူး။
တစ်နှစ်မှာ တစ်ကြိမ်၊ ၂ကြိမ်လောက် ယာဉ်တိုက်မှုဖြစ်ပါတယ်။
မနှစ်ကတော့ အ၀ိုင်းဆောက်လုပ်လိုက်ပါပြီ။
တစ်နေ့ကပဲ အမြန်လမ်းပေါ်တက်ခါနီးမှာရှိတဲ့ မီးပွိုင့်တစ်ခုကို ဖျက်ပြီး
အ၀ိုင်းလုပ်ဖို့ဆောင်ရွက်နေကြတာမြင်ခဲ့ရပါတယ်။
စွမ်းအင်၊ အချိန် လျှော့ချနိုင်အောင်ဖြစ်မှာပါ။
မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အမြန်လမ်းမ တွေကို ရေရှည်တည်တံ့ရေး
အတွက် အမြဲထိန်းသိမ်းမှုတွေရှိသလို ပြင်ဆင်တိုးချဲ့မှုတွေကိုလည်း
အချိန်မှီ မှတ်တမ်းတွေနဲ့ဆောင်ရွက်ကြတာတွေ့ရပါတယ်။
........................................
ပြည်သူ့ပို့ဆောင်ရေး
နှစ်စဉ်ပြောင်းလဲမှုတွေရှိပါတယ်။
လိုအပ်တဲ့အချိန်တိုင်းမှာ ရထားအချိန်ဇယားတွေပြောင်းလဲပါတယ်။
ဘတ်(စ်)ကား အချိန်ဇယားတွေပြောင်းလဲပါတယ်။
လိုင်းအတိုးအလျှော့၊ ပြေးဆွဲရာလမ်းကြောင်းအပြောင်းအလဲတွေ
လုပ်ပါတယ်။
ကားပိုင်ကုမ္ပဏီတွေတစ်ပြေးညီဝင်ငွေရပါတယ်။
ယာဉ်မောင်းတွေ၊ ရထားမောင်းတွေ ခရီးသည်ရရေးအဓိကမဟုတ်ပဲ၊
ခရီးသည်တွေဘေးကင်းစွာအချိန်မှန်ရောက်ရှိရေးကအဓိကဖြစ်ပါတယ်။
လုံလောက်တဲ့တူညီလစာကလွဲလို့ ဘေးပေါက်မရှိပါဘူး။
ဒိန်းမတ်မှာ ဘတ်(စ်)ကား ယာဉ်မောင်းလုပ်မယ်ဆိုရင်..
အဲဒီအလုပ်ဟာ " 8 to 4 " အလုပ်မဟုတ်ကြောင်း အရင်သိထား
ဖို့လိုပါတယ်။
ဆိုလိုတာက အခြားအလုပ်တွေလို အလုပ်ချိန်ဆက်တိုက်မဟုတ်
တာကို သတိပေးထားတာဖြစ်ပါတယ်။
ဘတ်(စ်)ကားကို ၄နာရီကျော်ဆက်တိုက်မောင်းပြီးရင် ယာဉ်မောင်း
ကိုသတ်မှတ်ထားတဲ့နားချိန်ပြည့်မှ ဆက်မောင်းစေတာဖြစ်ပါတယ်။
....................................
ပင်စင်စားသက်ကြီးရွယ်အိုများ
ဒီနိုင်ငံမှာ နိုင်ငံသားတိုင်း အသက် ၆၇ နှစ်မှာပင်စင်ခံစားနိုင်ကြပြီး
ပင်စင်စားများအတွက် အထူးဝန်ဆောင်၊ အခွင့်အရေးပေးမှုတွေ
ရှိတာတွေ့ရပါတယ်။
ကျန်းမာတဲ့နိုင်ငံသားတိုင်း အလုပ်လုပ်ခဲ့ကြရပြီး မည်သည့်အလုပ်ကို
လုပ်ခဲ့ လုပ်ခဲ့ အလုပ်လုပ်ခဲ့သူတိုင်း ပင်စင် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
သက်ဆိုင်ရာအလုပ်ရှင်များ၊ ကုမ္ပဏီများက လစာထဲမှပင်စင်ကြေးကို
လစဉ်ဖြတ်ယူလို့ ပင်စင်ဌာနကိုပေးပို့ထားရပါတယ်။
ဒါ့ကြောင့် အသက် ၆၇ နှစ်ပြည့်တဲ့ တရားဝင်မှီတင်းနေထိုင်ကြသူများ၊
အမြဲတန်းနေထိုင်ခွင့်ရရှိသူများ၊ နိုင်ငံသားများ အားလုံးဟာ နေဖို့စားဖို့
လုံလောက်တဲ့ ပင်စင်ထောက်ပံ့ကြေးကိုရရှိမှာမို့ မည်သူ့ကိုမျှ မှီခိုအား
ထားဖို့မလိုတာတွေ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဟိုးအရင်တုန်းကတော့ အလွန်နည်းပါးတဲ့
ပင်စင်ထောက်ပံ့ကြေးပဲရရှိခဲ့ကြပါတယ်။
အခုအခါမှာတော့ အထိုက်အသင့်ရရှိကြပြီကြားလို့ဝမ်းသာရပါတယ်။
ဘ၀တစ်လျှောက်လုံးနိုင်ငံအတွက် အလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းအားလုံး
အသက်ကြီးလို့အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ နိုင်ငံတော်က
အပြည့်အ၀တာဝန်ယူပေးရမှာပဲဖြစ်ပါတယ်။
အထူးသဖြင့် တော့ ကျွန်တော်တို့နိုင်ငံက ဆရာ၊ ဆရာမကြီးတွေ
ပင်စင်ယူကြတဲ့အခါမှာ ဒီနိုင်ငံကပင်စင်စားတွေလို မကြောင့်မကျ
နေနိင်အောင် နိုင်ငံတော်ကထောက်ပံ့နိုင်ရင်ဖြင့် နတ်လူသာဓု
ခေါ်မှာဖြစ်ပါတော့တယ်။
...........................................
မသန်မစွမ်းများအဆင်ပြေရေး


                                           မသန်မစွမ်းသူများWheelchair ဖြင့်လွယ်ကူစွာသွားနိုင်စေရန်
နေရာတကာမှာ သူတို့ကိုဦးစားပေးအနေနဲ့ဆောင်ရွက်ပေးထားပါတယ်။
အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ..
ကား parking တွေ၊ အိမ်သာစတာတွေ သီးသန့်ထားပေးပါတယ်။
မီးရထား၊ ဘတ်(စ်)ကား၊ ရုံးများ၊ ရဲစခန်းများ၊ စာကြည့်တိုက်၊ ပြတိုက်
စတဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သူတို့အတွက်အထူးဝန်ဆောင်
မှုပေးပါတယ်။
လူသွားများတဲ့ လမ်းလျှောက်လမ်း walking street လို လမ်းတွေမှာ
မျက်မမြင်၊ အမြင်အားနည်းနေသူများအတွက် သူတို့ ဒုတ်ကောက်နဲ့
စမ်းလျှောက်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။

ဒူးနာလို့လမ်းများများမလျှောက်နိုင်တဲ့မေမေ Singapore မှာ ဆေးကုသွား
ရင်း Wheelchair နဲ့ အဆင်ပြေစွာသွားလာနိုင်ခဲ့ပါတယ်။
ကျွန်တော်နေတဲ့ ဒိန်းမတ်နိုင်ငံရဲ့ Dronningmolle ဆိုတဲ့မြို့လေးက
ပင်လယ်ကမ်းခြေမှာ နွေရာသီရောက်ရင် Wheelchair ပါ ရေစပ်ထိ
ဆင်းလို့ရအောင် ဖြုတ်သိမ်းလို့ရတဲ့ သစ်သားတံတားကို မနှစ်ကစလို့
လာရောက်တပ်ဆင်ပေးတာတွေ့ရပါတယ်။
မြန်မာနိုင်ငံကကျွန်တော့်အမေ၊ ကျွန်တော့်ဘကြီး စသဖြင့် သူတို့တွေ
အသက်ကြီး၊သိပ်လမ်းမလျှောက်နိုင်ကြတော့လို့ အိမ်ပေါ်မှာပဲ ငြီးငွေ့စရာ
အချိန်ကုန်နေကြရတဲ့အချိန်တွေမှာ..
ဒိန်းမတ်နိုင်ငံမှာကျွန်တော်နေတဲ့မြို့လေးက ခြေထောက်၂ဘက်လုံးဖြတ်ထားရတဲ့ 
အသက်၇၅နှစ် မစ္စတာကိုင်း ကတော့ သူ့ Wheelchair
ကိုယ်တိုင်မောင်းလို့ဈေးဝယ်လာနေဆဲပါ။
တစ်ခါတစ်ရံ အိမ်ရှေ့က ဘုံဆိုင်ကိုတောင် ဘီယာလာသောက်တာ
တွေ့ရပါတယ်။
၁၀မိုင်လောက်ဝေးတဲ့မြို့က စာကြည့်တိုက်ကိုလည်း တစ်ပါတ်မှာ
တစ်ကြိမ် မီးရထားစီးလို့ သူ့ဘာသာတစ်ယောက်တည်းသွားကြောင်း
ပြောပြဘူးပါတယ်။
သက်ကြီးရွယ်အို မသန်မစွမ်းများ သွားလာမှုအဆင်ပြေရေးပါ
ကျွန်တော်တို့နိုင်ငံမှာအခုစတင်လို့အကောင်အထည်ဖေါ်မှာမို့
သာဓုခေါ်မုဒိတာပွါးရပါတယ်။
ချက်ချင်းကြီးတော့ ဒီဘက်နိုင်ငံတွေမှာလို ဖြစ်နိုင်မှာမဟုတ်ပေမယ့်
နောင်လာနောက်သားတွေ အကျိုးရှိလာမှာမလွဲပါဘူး။
............................................
ပြောချင်တာက ဒီဘက်နိုင်ငံတွေလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ
လုပ်ဆောင်လာတာနှစ်ပေါင်းများစွာရှိခဲ့တာတောင် ဆောင်ရွက်နေရဆဲ
ဖြစ်ပြီး အဆင်မပြေမှုတွေရှိနေသေးတာ..
ကျွန်တော်တို့နိုင်ငံလို ခုမှပြည်သူ့ဝန်ဆောင်မှုနဲ့ဆိုင်တဲ့လုပ်ငန်း
တွေစတင်ဆောင်ရွက်ရာမှာအဆင်မပြေမှုတွေကြုံတွေ့ရမှာမလွဲပါဘူး။
ဒီဘက်နိုင်ငံတွေက ပြည်သူကိုစောင့်ရှောက်ပုံတွေကို ကိုယ်တိုင်သိခဲ့၊
ကိုယ်တိုင်နေခဲ့ပြီး မိမိတိုင်းပြည်ကိုလည်း ဒီနိုင်ငံတွေလို ကောင်းတာတွေ
ဖြစ်စေချင်တဲ့စေတသိက်လည်းအပြည့်ရှိနေတဲ့ လူထုခေါင်းဆောင်ကနေ
အရွယ်နဲ့မမျှအချိန်ရသခိုက်မှာ တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေတာတွေ
တွေ့နေရပါတယ်။
သူ့ခေါင်းထဲမှာ သူ့နေအိမ်ကိုနန်းတော်တမျှပြင်ဆင်ဖို့စိတ်မကူးသလို
တိုက်ခန်းတွေတစ်ခန်းပြီးတစ်ခန်း မြေကွက်တွေတစ်ကွက်ပြီး
တစ်ကွက် ပိုင်ဆိုင်ဖို့ ဘယ်တော့မှတွေးမှာလည်းမဟုတ်ပါဘူး။
ပြည်သူကို ဇိကုပ်နတ်ပြည်တင်ရတဲ့အဖြစ်တွေရှိလာမှာလည်းမလွဲပါဘူး။
ကိုယ့်မိသားစုလူဦးရေနည်းနည်းလေးမှာတောင် ရုပ်ရှင်သွားကြည့်
ရင် အကြိုက်ချင်းမတူနိုင်ကြတာသတိပြုကြရပါ့မယ်။
အများအတွက် နိုင်ငံအတွက် ရေရှည်ကောင်းမှာတွေကို မဆုတ်မနစ်
ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

နိုင်ငံကိုတိုးတက်စေချင်၊ ကောင်းစေချင်၊ ပြောင်းလဲစေချင်တဲ့
စေတနာမှန် စိတ်ထားမှန်သူများအနေနဲ့ နိုင်ငံအေးငြိမ်းပြီး၊
နိုင်ငံတိုးတက်ပြောင်းလဲရေး တစိုက်မတ်မတ်ဆောင်ရွက်နိုင်ဖို့
မိုးယံကစိတ်ထားပိုင်ရှင်လူထုခေါင်းဆောင်နဲ့အစိုးရကို
ဝိုင်းဝန်းကြဖို့ရန်သာဖြစ်ကြောင်းပါခင်ဗျား။


Fb post. May, 2017.

No comments:

Post a Comment

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး