ဥရောပက ဒိန်းမတ်နိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှာပျော်ရွှင်စရာအကောင်းဆုံး
နဲ့နေချင်စရာအကောင်းဆုံးနိုင်ငံတွေထဲမှာ ထိပ်တန်းကပါသလို ကမ္ဘာပေါ်
မှာ ခက်ခဲတယ်လို့ ပြောစမှတ်ပြုကြရတဲ့ အရာ၃မျိုးကိုလည်း တွေ့ကြရမှာ
ဖြစ်ပါတယ်။
အဲဒါတွေကတော့..
(၁) ဒိန်းမတ်ဘာသာစကား
(၂) ဒိန်းမတ်ယာဉ်မောင်းလိုင်စင်
(၃) ဒိန်းမတ်နိုင်ငံသားဖြစ်ခွင့် တို့ဖြစ်ပါတယ်။
...................................................

(၁)ဒိန်းမတ်ဘာသာစကား
ဒိန်းမတ်နိုင်ငံမှာဒိန်းမတ်စကားပဲပြောကြပါတယ်။
ရုံးသုံးလည်း ဒိန်းမတ်စာကိုပဲသုံးပါတယ်။
ဒိန်းမတ်တွေ တော်တော်များများဟာ အင်္ဂလိပ်လိုပြောတတ်ကြသလို
အင်္ဂလိပ်လို မပြောတတ်တဲ့ လူဖြူ ဒိန်းမတ်တွေကိုလည်းတွေ့ရပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က လူဖြူဆိုရင်အင်္ဂလိပ်လိုပဲပြောကြတယ်
ထင်ထားခဲ့တာကိုး။

ကမ္ဘာပေါ်မှာအခက်ဆုံးဘာသာစကားတွေထဲမှာ ဒိန်းမတ်ဘာသာစကား
ပါတာကိုတွေ့ရမှာဖြစ်ပါတယ်။
အထူးသဖြင့် စကားပြောမှာအသံထွက်ရတာအင်မတန်ခက်ပါတယ်။
AD ၉ ရာစုဝန်းကျင် ဥရောပမှာ ပင်လယ်ဓါးပြခေတ်ကထဲက စကင်ဒီနေဗီးယား
မှာ သုံးကြတဲ့ Old Norse စကားကနေဆင်းသက်လာကြောင်းသိရပါတယ်။

အက္ခရာတွေကတော့ လက်တင်ဘာသာကနေဆင်းသက်လာတာဖြစ်ပြီး
အင်္ဂလိပ်နဲ့အတူတူ a ကနေ z အထိနဲ့ æ ø å ထပ်ပေါင်းထားတဲ့
အက္ခရာ၂၉ လုံးပေါ်မှာအခြေခံထားပါတယ်။
ဗျည်း တွေရဲ့အသံထွက်အချို့မှာတော့ အင်္ဂလိပ်နဲ့ မတူတာတွေ့ရပါတယ်။
ဥပမာ.. အင်္ဂလိပ်ကဂျီ (G) လို့အသံထွက်ပေမယ့်..ဒိန်းမတ်က ဂီ(G) လို့ထွက်ပါတယ်။
အိပ်(ခ်ျ) (H) ကို "ဟို့" လို့အသံထွက်သလို ဂျေ(J) ကို "ရော်" လို့ အသံထွက်ပါတယ်။
ဒါ့ကြောင့် ဂျက်ကော့(Jacob) လို့ အင်္ဂလိပ်လို အသံထွက်တဲ့နံမည်ဟာ
ဒိန်းမတ်မှာတော့ Jacob လို့ပဲစာလုံးပေါင်းပေမယ့်အသံထွက်ရင်တော့
"ရိုင်ကော့" လို့ထွက်မှာဖြစ်ပြီးJesper ဆိုရင်လည်း "ရှက်(စ်)ပါ"
လို့အသံထွက်ပါတယ်။

သရ ၉လုံးကတော့ a, e, i, o, u, y, æ, ø နဲ့ å တို့ဖြစ်ပြီး ကျန် ဗြည်းတွေ
နဲ့ပေါင်းပြီး စာလုံးတည်ဆောက်ပါတယ်။ အသံထွက်ပါတယ်။
ကျွန်တော်ဆို ဒိန်းမတ်မှာနေတာ ၁၀နှစ်ကျော်လာတာတောင် အဲဒီ
သရ တွေထဲက y. æ. ø. å စတာတွေကို အခုထိမှန်အောင်အသံမထွက်
နိုင်သေးပါဘူး။

ကျွန်တော်တို့ မြန်မာစကားပြောတာက ပါးစပ်ထဲကတင်ပြောတာဖြစ်ပေမယ့်
သူတို့အသံထွက်တွေ စကားပြောတာတွေက ၀မ်းခေါင်းထဲကတို့၊ အာခေါင်ထဲကတို့၊
လည်ချောင်းထဲကတို့ လာအောင်ကျင့်ရတာမို့ အင်မတန်ခက်ခဲလှပါတော့တယ်။
ကျွန်တော်တို့လို အသက်ကြီးမှရောက်လာသူတွေအဖို့ပြောနိုင်ဖို့မလွယ်ပါဘူး။

အသက်ငယ်ငယ်နဲ့ဒိန်းမတ်ရောက်လာတဲ့ ကလေးတွေအဖို့မှာတော့ဒိန်းမတ်လို
တတ်သွားကြဖို့မခက်လှပါဘူး။
ကျောင်းမှာကော အပြင်မှာကောသူငယ်ချင်းတွေနဲ့ ဒိန်းမတ်လိုပဲပြောကြရမှာမို့
မြန်မာစကားနဲ့စာကိုမေ့မသွားအောင်တော့မိဘတွေက အိမ်မှာမြန်မာလိုပြော
ပေးဖို့လိုပါတယ်။

ဒိန်းမတ်မှာမွေးတဲ့ မြန်မာကလေးတွေကတော့ သူတို့ဒိန်းမတ်ကလေးတွေလိုပဲ
တစ်နှစ်ဝန်းကျင်ရောက်ရင်ကျောင်းသွားရတာမို့ ဒိန်းမတ်လိုကတော့
ဒိန်းမတ်ကလေးတွေလိုပဲပြောတတ်သွားမှာဖြစ်ပါတော့တယ်။
မိခင်ဘာသာစကားအစစ်ကိုပြောတတ်အောင်တော့ မိဘတွေကအိမ်မှာ
ပြောပေးသင်ပေးရမှာပဲဖြစ်ပါတယ်။

မြန်မာ့သွေးတွေစီးဆင်းနေတဲ့ မိဘကနေပေါက်ဖွားလာတဲ့ ကလေးဟာ
ဘယ်မှာမွေးမွေးမြန်မာစကားပြောတတ်ဖို့ကတော့ မိဘတွေအတွက်
ဘိုးဘွားပေးတာဝန်တစ်ရပ်လို့သတ်မှတ်ထားရမှာပဲဖြစ်ပါတော့တယ်။
..........................................................
ဘယ်မှာမွေးမွေးမြန်မာစကားပြောတတ်ဖို့ကတော့ မိဘတွေအတွက်
ဘိုးဘွားပေးတာဝန်တစ်ရပ်လို့သတ်မှတ်ထားရမှာပဲဖြစ်ပါတော့တယ်။
..........................................................
(၂) ဒိန်းမတ်ယာဉ်မောင်းလိုင်စင်
ယာဉ်မောင်းလိုင်စင်ရဘို့ ခက်ခဲတဲ့နိုင်ငံတွေထဲမှာဒိန်းမတ်ကရှေ့ဆုံးကပါ ပါတယ်။
ဒိန်းမတ်ယာဉ်မောင်းလိုင်စင်ဟာအပြည်ပြည်ဆိုင်ရာမှာပါမောင်းခွင့်ရှိပါတယ်။
ဒိန်းမတ်မှာလိုင်စင်ကိုဒေသန္တရအာဏာပိုင်အဖွဲ့ အစည်းကထုတ်ပေးပြီး
စစ်ဆေးမှုအားလုံးကိုရဲတပ်ဖွဲ့ကလုပ်ဆောင်ပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း သက်ဆိုင်ရာဆရာဝန်ရဲ့ဆေးအောင်လက်မှတ်
နဲ့အတူ လိုင်စင်လျှောက်လွှာတင်နိုင်ကြပါတယ်။
စနစ်တကျသင်ပေးနေတဲ့ ယာဉ်မောင်းသင်တန်းကျောင်းတွေလည်း
မြို့တိုင်းလိုလိုမှာရှိပါတယ်။
လိုင်စင်ရဖို့အတွက် သီအိုရီစာတွေ့ စာမေးပွဲ ဦးစွာဖြေရမှာဖြစ်ပါတယ်။
သီအိုရီစာမေးပွဲအောင်ပြီးမှ လက်တွေ့ ယာဉ်မောင်းစစ်ဆေးမှုခံရမှာပါ။
လက်တွေ့ယာဉ်မောင်းစစ်ဆေးမှုမှာ အောင်မြင်ပါမှသာမန်ကားလေးမောင်း
လိုင်စင်ရမှာဖြစ်ပါတယ်။
ဖြေဆိုမှုတိုင်းမှာလာဘ်ပေးလာဘ်ယူမှုလုံးဝမရိုပါဘူး။

လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေကိုအမှန်တကယ်နားလည်ပြီး
ယာဉ်ကိုလည်းအန္တရာယ်ကင်းစွာမောင်းနှင်နိုင်တာ စိတ်ချရကာမှ
လိုင်စင်ထုတ်ပေးမှာဖြစ်တဲ့အတွက် အင်မတန်တင်းကြပ်တဲ့ စာမေးပွဲ
တွေဖြေဆိုရခြင်းပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ယာဉ်တိုက်မှုဖြစ်ခဲသလို အသက်တွေကိုလည်းကယ်တင်ရာ
ရောက်တဲ့စနစ်ဖြစ်ပါတယ်။

သက်ဆိုင်ရာစာမေးပွဲတွေမအောင်လို့ လိုင်စင်မရသူများလဲရှိကြပါတယ်။
စည်းကမ်းကိုအင်မတန်လိုက်နာကြတဲ့နိုင်ငံမို့ လိုင်စင်မရှိပဲကားမမောင်း
ကြတာကိုတွေ့ရပါတယ်။
..............................................................

(၃) ဒိန်းမတ်နိုင်ငံသားဖြစ်ခွင့်
၁၈၄၉ ကထဲက ဒီမိုကရေစီစနစ်စတင်ခဲ့ပြီး လူ့အခွင့်အရေးအထူးဦးစားပေး
တဲ့ ဒိန်းမတ်နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ကတော့ အင်မတန်ခက်ခဲတာကိုတွေ့ရ
မှာပဲဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခွင့် မဟုတ်သေးပဲ
အမြဲတန်းနေထိုင်ခွင့်တောင်လွယ်လွယ်နဲ့မရနိုင်တဲ့နိုင်ငံဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံမှာအမြဲနေထိုင်ခွင့်(Permanent residence permit)ရဖို့
လျှောက်လွှာတင်တဲ့အခါ လိုအပ်တာလေးတွေကို လက်လှမ်းမှီသလောက်
ဦးစွာတင်ပြလိုပါတယ်။

(၁) တရားဝင်နေထိုင်ခွင့်ရထားသူဖြစ်ရပါမယ်။
(၂) တရားဝင်နေထိုင်လာတာ အနည်းဆုံး ၈နှစ်ရှိရပါမယ်။
(၃) ရာဇ၀တ်မှုကျူးလွန်ခဲ့သူ မဖြစ်ရပါဘူး။
(၄) အစိုးရနဲ့အကြွေးရှင်းသူဖြစ်ရပါ့မယ်။
(၅) ဒိန်းမတ်ဘာသာကျောင်းကနေ Dansk 2 အတန်းကိုအောင်မြင်ပြီး
ထားသူဖြစ်ရပါမယ်။( မြန်မာနိုင်ငံ ၈တန်း၉တန်း အဆင့်ပါ)
(၆) အနည်းဆုံး ၃နှစ်ခွဲ တရားဝင်အလုပ်လုပ်ပြီး အစိုးရကိုအခွန်ထမ်းဆောင်
ခဲ့သူဖြစ်ရပါမယ်။

အထက်မှာဖေါ်ပြထားတဲ့ အချက်တွေနဲ့ကိုက်ညီမှသာ လျှောက်ထားနိုင်ပြီး
သက်ဆိုင်ရာဌာနဆိုင်ရာတွေက အဆင့်ဆင့်စီစစ်ပြီးမှသာ PR လို့ခေါ်တဲ့
အမြဲတန်းနေထိုင်ခွင့်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒိန်းမတ်နိုင်ငံသားဖြစ်ခွင့် ( Danish citizenship) လျှောက်တဲ့
အခါမှာတော့ ပိုမိုခက်ခဲတာကိုတွေ့ရမှာပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ ၁၀တန်းစာမေးပွဲဖြေသလိုမျိုး ဒိန်းမတ်နိုင်ငံသားဖြစ်ခွင့်
စာမေးပွဲကို ၀င်ရောက်ဖြေဆိုရမှာဖြစ်ပါတော့တယ်။

ဒိန်းမတ်နိုင်ငံသားဖြစ်ခွင့်စာမေးပွဲ
(၁) လက်ရှိဘုရင်မ နန်းမွေဆက်ခံခွင့်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ရေးဆွဲ
ခဲ့တာ ဘယ်ခုနှစ်လဲ ?
(၂) ပထမဆုံး ဒိန်းမတ်အာကာသယာဉ်မှူး က ဘယ်သူလဲ ?
(၃) ဒိန်းမတ်လွှတ်တော်မှာအဖွဲ့ဝင်ဘယ်လောက်ရှိလဲ?
(၄) အမျိုးသမီးတွေ ပါလီမန်မှာ မဲပေးခွင့်ဘယ်တုန်းကစရခဲ့သလဲ?
(၅) ဘယ်ခုနှစ်မှာ ဒိန်းမတ်နိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်ခဲ့လဲ ?

အစရှိတဲ့ ဒိန်းမတ်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမေးထားတဲ့
မေးခွန်းအပုဒ် ၃၀ ကို ဒိန်းမတ်ဘာသာနဲ့ဖြေဆိုရမှာဖြစ်ပါတယ်။
အနည်းဆုံး ၂၅ ပုဒ်မှန်အောင်ဖြေနိုင်မှ စာမေးပွဲအောင်မှာဖြစ်ပါတယ်။

စာမေးပွဲဝင်ကြေး ဒိန်းမတ်ခရိုနာ ၁၂၀၀ (၂သိန်းကျပ်ဝန်းကျင်) ပေးသွင်း
ရပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံရေးစနစ်၊ လူနေမှုစနစ်၊ ပညာရေးစနစ်၊
တရားရေးစနစ်၊ အလုပ်သမားအခွင့်အရေး၊ ကလေးအခွင့်အရေး၊
လူမှုဖူလုံရေးစနစ်၊ နိုင်ငံသားတာဝန်၊ ဒိန်းမတ်ပထ၀ီဝင်၊ ဥရောပပါလီမန်
အစရှိတဲ့ဟာတွေအားလုံးလေ့လာသိရှိထားရမှာပါ။

စာမေးပွဲအောင်ရင် ဒိန်းမတ်နိုင်ငံသားဖြစ်သွားတာတော့ မဟုတ်ပါဘူး။
အဲဒီစာမေးပွဲအောင်လက်မှတ်နဲ့အတူ အခြားလိုအပ်တဲ့စာရွက်စာတန်း
တွေနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်လွှာတင်နိုင်ရုံပဲရှိပါသေးတယ်။
ယာဉ်မောင်းစည်းကမ်းဖေါက်ဖျက်ထားမှုရှိမရှိလည်း မှတ်တမ်းတွေပြန်
ကြည့်မှာဖြစ်ပါတယ်။

လျှောက်လွှာတင်ပြီး သူတို့လိုအပ်တဲ့အချက်အလက်တွေနဲ့ကိုက်ညီကာ
မှ လွှတ်တော်ကိုတင်ပေးပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံသားပေးဖို့အတွက် စာမေးပွဲလည်းအောင်၊ လိုအပ်တဲ့
အရည်အချင်းတွေနဲ့လည်းကိုက်ညီတာတောင် နှစ်ချီပြီးအချိန်ယူလေ့
ရှိပါကြောင်း လက်လှမ်းမှီသရွေ့ တင်ပြလိုက်ရပါတယ်ခင်ဗျား။
(မတ်လ ၁၄၊ ၂၀၁၈ မြန်မာတိုင်းမ် သတင်းစာ)

No comments:
Post a Comment