ဆန္ဒမဲပေးပိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့အနှစ်သာရတစ်ခု ဖြစ်ပေမယ့်အမျိုးသမီးတွေ
ဆန္ဒမဲပေးခွင့်ကတော့ ဒီမိုကရေစီအရင့် အမာနိုင်ငံကြီးတွေမှာတောင်
လွယ်လွယ်နဲ့ရခဲ့ကြတာတော့မဟုတ်ပါဘူး။
အမျိုးသမီးတွေဟာ နိုင်ငံရဲ့ရွေးကောက်ပွဲတွေမှာ သူတို့ရဲ့ပိုင်ခွင့်
ဖြစ်တဲ့ ဆန္ဒမဲပေးခွင့်ကို တော်တော်ခက်ခက်ခဲခဲပဲတိုက်ယူခဲ့ကြရတာတွေ
ရှိခဲ့ပါတယ်။။

ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးခဲ့တဲ့ ဂရိနိုင်ငံမှာတောင်
၁၉၄၄ မှအမျိုးသမီးတွေအပြည့်အ၀မဲပေးခွင့်ရခဲ့တယ်လို့တွေ့ရပါတယ်။

ဒိန်းမတ်မှာအမျိုးသမီးမဲပေးခွင့်
ကျွန်တော်လက်ရှိနေထိုင်ရာ ဒိန်းမတ်နိုင်ငံဟာ ဆိုရင်လည်း ဒီမိုကရေစီ
စနစ်ကို ၁၈၄၉ ကတည်းကစတင်ကျင့်သုံးခဲ့တာပါ။
သက်ဦးဆံပိုင်ဘုရင်ကြီးတစ်ပါးဖြစ်တဲ့ သတ္တမမြောက် ဖရက်ဒရစ်ဘုရင်
(Frederik Carl Christian 1808 –1863)ကနေ ပြည်သူတွေတောင်းဆိုမှု
ကြောင့် သူကိုယ်တိုင်လက်မှတ်ထိုးအာဏာစွန့်ပေးခဲ့ပါတယ်။
ဘုရင်ကြီးရဲ့စစ်တပ်ဟာလည်း တိုင်းပြည်ကာကွယ်ရေးသက်သက်ကိုသာ
ဆောင်ရွက်ပြီး ပြည်သူတွေအပေါ်အုပ်ချုပ်ရေးဆိုင်ရာတွေကိုဝင်ရောက်
စွက်ဖက်ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့်ဘုရင်ကြီးနဲ့ဗိုလ်ချုပ်ကြီးတွေရဲ့ သမိုင်းကြောင်းဟာအင်မတန်ကောင်း၊
အင်မတန်လှပခဲ့ရပါတော့တယ်။

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မှာရှိတဲ့ ပါလီမန်လွှတ်တော်
ရှေ့မှာတော့ အဲဒီဘုရင်ကြီး မြင်းစီးနေတဲ့ ရုပ်ထုကြီးကို ခန့်ခန့်ညားညား
ယနေ့တိုင် တွေ့မြင်ရမှာပဲဖြစ်ပါတော့တယ်။
တိုင်းပြည်ကောင်းဖို့ဆိုရင် အာဏာကိုတွယ်ဖက်မနေပဲ၊ ကိုယ့်တာဝန်ဘာလဲ
ဆိုတာ ကိုယ်သိတဲ့ ရှေးလူကြီးတွေများပြောပါတယ်။
သူတို့တွေပေးဆပ်ခဲ့ကြလို့လည်း အခုတော့ ကမ္ဘာ့အလယ်မှာ ငွားငွားစွင့်စွင့်
ဒိန်းမတ် ဖြစ်ခဲ့ရပါပြီ။

ပြောချင်တာက ဒီလိုဒိန်းမတ်နိုင်ငံလိုမျိုးမှာတောင် အမျိုးသမီးတွေမဲပေးခွင့်
လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။
ကျွန်တော်တို့နိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်ကသူကြိုက်တဲ့မိန်းမကို တော်
ကောက်နိုင်နေတုန်း ၁၈၈၄ ကထဲက ဒိန်းမတ်အမျိုးသမီးအစည်းအရုံး
(Danish Women's Society) ကနေ အမျိုးသမီးမဲပေးခွင့်ရရှိဖို့ စတင်
ကြိုးစားခဲ့ကြရတာပါ။
ဒီလိုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေနဲ့
တိုက်ခဲ့ပြီးမှ ၁၉၁၅ မှာမှ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲလို့
အမျိုးသမီးတွေမဲပေးခွင့်ရရှိလာခဲ့ကြတာပဲဖြစ်ပါတော့တယ်။

ကြုံကြိုက်လို့ပြောရမယ်ဆိုရင် ဒိန်းမတ်နိုင်ငံမှာ
"ဖွဲ့စည်းပုံအခြေခံဥပဒေ" ကို လိုအပ်တဲ့အခါတိုင်းမှာ ပြောင်းလဲရေးဆွဲခဲ့
တာတွေ့ရပါတယ်။
၁၈၄၉၊ ၁၈၆၆၊ ၁၉၁၅၊ ၁၉၂၀၊ ၁၉၅၃ ခုနှစ်တွေမှာ ၅ကြိမ်တိတိ ပြင်ဆင်
ရေးဆွဲခဲ့ကြပါတယ်။

ဒိန်းမတ်ဘုရင်မဖြစ်ခွင့်
ဒိန်းမတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး
ဘုရင့်မျိုးဆက်တွေကိုလည်း အင်္ဂလန်နိုင်ငံလိုပဲ ဆက်လက်ထားရှိတယ်
ဆိုတာသိကြပြီးဖြစ်ပါလိမ့်မယ်။
အရေးကြီးတဲ့အုပ်ချုပ်ရေးအာဏာတွေမရှိတော့တဲ့ စည်းမျဉ်းခံဘုရင်စနစ်
လို့ပြောလို့ရမှာပါ။
ဒိန်းမတ်နိုင်ငံရဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေ" ကို ၅ကြိမ်ပြင်ဆင်ရေးဆွဲခဲ့ဘူး
တာမှာ
၁၈၄၉ ကတော့ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို
ပြောင်းလဲတာဖြစ်ပြီင်္း
၁၉၁၅ ကတော့ အမျိုးသမီးတွေဆန္ဒမဲပေးခွင့်အတွက်ဖြစ်ကြောင်း
အထက်မှာဖေါ်ပြပြီးပေမယ့် ကျန် ၂ကြိမ်ကိုတော့ ဆောင်းပါးနဲ့မသက်ဆိုင်
လို့ရေးသားမနေတော့ပဲ ၁၉၅၃ မှာပြင်ဆင်ရေးဆွဲရခြင်းအကြောင်းအကျဉ်း
တော့ဖေါ်ပြချင်ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေ" ကို ၁၉၂၀ မှာပြင်ဆင်ရေးဆွဲပြီး
သည်အထိ ဒိန်းမတ်နိုင်ငံမှာ အမျိုးသမီးက ထီးနန်းမွေကိုဆက်ခံလို့မရပါဘူး။
န၀မမြောက် ဖရက်ဒရစ်ဘုရင်(၁၈၉၉-၁၉၇၂) မှာ ထီးနန်းမွေလွှဲပေးစရာ
သားရတနာ မထွန်းကားခဲ့ပါဘူး။
သမီးဖြစ်တဲ့ မင်းသမီးမာဂရက်(Margrethe)ပဲရှိပါတယ်။
ဒါကြောင့် ၁၉၅၃ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲလို့
၁၉၇၂ မှာ မင်းသမီးမာဂရက်ဟာဒိန်းမတ်နိုင်ငံရဲ့ဘုရင်မဖြစ်ခဲ့ပါတော့တယ်။
သူမဟာ ၁၉၆၇ မှာ ပြင်သစ်လူမျိုးနဲ့လက်ထပ်ခဲ့ပါတယ်။
သား ၂ယောက်ရှိပါတယ်။
သားကြီးအိမ်ရှေ့စံက australia သူဖြစ်တဲ့
ကျွန်တော်တို့မြန်မာပြည်ကိုအလည်လာသွားတဲ့ အိမ်ရှေ့မင်းသမီးမာရီ(Mary)
ကိုလက်ထပ်ခဲ့တာဖြစ်ပါတယ်။

အမ်မလီမှသည်...
အမ်မလီ(Emily Davison1872–1913) ကတော့ နေမ၀င်အင်ပါယာလို့
ကြွေးကြော်ခဲ့တဲ့ ဂရိတ်ဗြိတိန် ခေါ် အင်္ဂလန်နိုင်ငံသမိုင်းမှာ ထင်ရှားတဲ့
အမျိုးသမီးတွေမဲပေးခွင့်ရရှိရေးကို လှုပ်ရှားခေါင်းဆောင်ခဲ့သူအမျိုးသမီးတစ်ဦး
ပဲဖြစ်ပါတယ်။
အမျိုးသမီးထုမဲပေးခွင့်ရဖို့အတွက် အင်္ဂလန်သမိုင်းမှာလည်း အမျိုးသမီးတွေ
တော်တော်ခက်ခက်ခဲခဲ တိုက်ယူခဲ့ကြရတာဖြစ်ပါတယ်။

၁၉ရာစုနှောင်းပိုင်းမှာနဲ့ ၂၀ရာစုအစောပိုင်းတွေမှာ အမျိုးသမီးလှုပ်ရှားမှုတွေ
ပြင်းထန်ခဲ့ပါတယ်။
Suffragettes တွေဟာ အဲဒီကာလ အင်္ဂလန်မှာရှိတဲ့
Women's Social and Political Union (WSPU) ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး
အမျိုးသမီးမဲပေးခွင့်ရရေးကို အထူးတိုက်ခဲ့ကြပါတယ်။
အဲဒီခေတ် အင်္ဂလန်အစိုးရကလည်း Suffragettes အမျိုးသမီးတွေကို ပြင်းပြင်း
ထန်ထန်နှိပ်ကွပ်ခဲ့ပါတယ်။

အမျိုးသမီးအချို့ ယုံကြည်ရာအတွက် မိသားစုဘ၀တွေပျက်သည်အထိပေးဆပ်
လှုပ်ရှားခဲ့ရတာတွေရှိပါတယ်။
အမျိုးသမီးတွေဖမ်းဆီးထောင်ချခြင်းခံခဲ့ရတယ်။
ထောင်ထဲမှာ ဆက်လို့အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြပြန်ပါတယ်။
အမ်မလီ ကတော့"အမျိုးသမီးတွေ အမျိုးသားတွေနဲ့တန်းတူ ဆန္ဒမဲပေးခွင့်ရရေး"
ဆိုတဲ့ သူမရဲ့ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင်စတေးသွားရပါတယ်။

အဲဒီနေ့(4 June 1913)ကတော့ အမ်မလီဟာ သူတို့ရဲ့တောင်းဆိုချက်တွေကို
အင်္ဂလန်ဘုရင် ပဉ္စမမြောက်ဂျော့ဘုရင်ပိုပြီး အာရုံစိုက်လာစေဖို့
Epsom Derby မြင်းပြိုင်ပွဲကိုသွားခဲ့ကြတာပါ။
မြင်းပြိုင်ကွင်းမှာတော့လူတွေကြိတ်ကြိတ်တိုးနေပါပြီ
နောက်ယောင်ခံလိုက်နေတဲ့ ရဲစုံထောက်တွေကို မျက်ခြေဖြတ်ရင်း
ဘုရင့်ရဲ့မြင်းပြိုင်ပွဲဝင်နေတဲ့အချိန်မှာတော့
ဘယ်သူမှထင်မထားတဲ့ လှုပ်ရှားမှုကို လုပ်လိုက်ပါတော့တယ်။
ရုတ်တရက် မြင်းတွေပြေးနေရာ ပြိုင်လမ်းကြောင်းပေါ်တက်လို့ ဘုရင့်ရဲ့မြင်း
ဒုန်းစိုင်းလာနေတဲ့ ပြေးလမ်းရှေ့မှာပိတ်လို့ ရပ်ကာလက်ကိုဝှေ့ရမ်းလိုက်တော့
တာပါပဲ။

ဘုရင့်ရဲ့မြင်းဟာအရှိန်အရမ်းမြန်နေပြီဖြစ်လို့ အမ်မလီကိုဘယ်လိုမှမရှောင်နိုင်
တော့ပဲ ၀င်တိုက်မိပြီး ဘုရင့်မြင်းစီးတဲ့ ဂျော်ကီဟာလည်း မြင်းပေါ်က လွင့်ထွက်
သွားရပါတော့တယ်။ ၂ဦးလုံးဆေးရုံရောက်ခဲ့ပြီး
အမ်မလီဟာအဲဒီဒဏ်ရာနဲ့ပဲသေဆုံးခဲ့ရပါတယ်။
အမ်မလီရဲ့ကျဆုံးမှုဟာ ကမ္ဘာအရပ်ရပ်က အမျိုးသမီးအခွင့်အရေးတိုက်ပွဲတွေ
အတွက် ကျယ်လောင်တဲ့တိုက်ပွဲခေါ်သံဖြစ်ခဲ့ရပါတော့တယ်။

သူတို့တွေပေးဆပ်ခဲ့မှုတွေကြောင့် အင်္ဂလန်နဲ့အိုင်ယာလန်မှာ ၁၉၂၈
ကျတော့ အမျိုးသမီးတွေမဲပေးခွင့်ရခဲ့ပါတော့တယ်။

ပိုးမီ ဆီသို့..
ဒီလိုနည်းမျိုးစုံနဲ့ ကမ္ဘာအရပ်ရပ်နဲ့မြန်မာပြည်မှာပါ တောင်းဆိုခဲ့ကြရတဲ့
အမျိုးသမီးမဲပေးခွင့်ဟာ ကျွန်တော်တို့နိုင်ငံမှာတော့ အင်္ဂလိပ်လက်အောက်
ကျနေစဉ်ဖြစ်တဲ့ ၁၉၃၅ ကထဲကရရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုအသက်သွေးချွေးတွေနဲ့ ရယူခဲ့ရတဲ့ မဲပေးခွင့်တွေကို ၂၀၁၅ ရွေးကောက်
ပွဲတုန်းကလည်း မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန်အသုံးချနိုင်ခဲ့ပါပြီ။
ပြည်တွင်းကမြန်မာပြည်သူတွေ၊ စင်္ကာပူကမြန်မာနိုင်ငံသားတွေ နဲ့
မဲပေးခွင့်ရခဲ့ကြတဲ့သူတိုင်းဟာ
အင်မတန်မှလေးစားဂုဏ်ယူစရာကောင်းလောက်အောင် မဲပေးခွင့်နဲ့
ပြည်သူ့အစိုးရကိုတင်မြှောက်နိုင်ခဲ့ကြပါပြီ။

အချုပ်ဆိုရရင်ဖြင့် ကျွန်တော်တို့နိုင်ငံကလည်း ပစ်ထားခြင်းခံရတာနှစ်ပေါင်း
များစွာကြာခဲ့တဲ့အပြင် နိုင်ငံသယံဇာတတွေပါ ကိုယ်ကျိုးတွေအတွက်
ဆုံးရှုံးခဲ့ရပြီးပြီမို့..
လာဘ်မစား၊ ပြည်သူ့ဘဏ္ဏာ၊သယံဇာတကိုယ်ကျိုးမသုံးပဲ နိင်ငံနဲ့ပြည်သူ့
အတွက်အလုပ်လုပ်ပေးမယ့်အစိုးရကိုရရုံလေးရှိသေးတာကြောင့် ..
အမ်မလီ တို့အသက်ပေးကြိုးပမ်းခဲ့တဲ့ မဲပေးခွင့်ကို ပိုးမီ တို့လို အကျိုးရှိရှိ
အသုံးချစေလိုပါကြောင်း ဒီဆောင်းပါးနဲ့အတူနှိုးဆော်လိုက်ရပါတယ်ခင်ဗျား။

(Fb post, March,2017)
No comments:
Post a Comment