၁၈၄၉ ကထဲကဆွဲခဲ့တဲ့ "ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ" ကြောင့် ဒီမိုကရေစီ
အသားကျနေပြီပြောလို့ရတဲ့ ဒိန်းမတ်နိုင်ငံက လူ့အဖွဲ့အစည်းရဲ့ အပြုအမူ၊ အနေအထိုင်
စည်းကမ်းလေးတွေကို နေလာခဲ့တဲ့ ၁၀နှစ်ကျော်အတွေ့အကြုံ နဲ့ လက်လှမ်းမှီသလောက်
နည်းနည်းချင်းတင်ပြသွားမယ်လို့ရည်ရွယ်ပါတယ်။
စာရွက်ပေါ်မှာ ပြဌာန်းမထားတဲ့ ကျင့်ဝတ်တွေလည်းပါနိုင်သလို ကျွန်တော်တို့နိုင်ငံအတွက်
မကောင်းတာပယ်လို့ ကောင်းတဲ့သင့်တော်တာလေးတွေလည်း
ထုတ်နုတ်ဆောင်ရွက်နိုင်ကြဖို့ဖြစ်ပါတယ်။
လက်ဆောင်ပေးခြင်းအလေ့အထ
မိတ်ဆွေချင်း၊ ဆွေမျိုးချင်း၊ ရည်းစားချင်း လက်ဆောင်ပေးလေ့ရှိကြပါတယ်။
အင်မတန်ကောင်းတဲ့ အလေ့အထလေးပါ။ ကျွန်တော်တို့နိုင်ငံမှာရှိသလို
ကမ္ဘာနဲ့အ၀ှမ်းမှာလည်း လက်ဆောင်လေးတွေပေးကြပါတယ်။
ဖြူစင် သန့်ရှင်းတဲ့လက်ဆောင်လေးတွေဖြစ်ဖို့တော့လိုမှာဖြစ်ပါတယ်။

လက်ဆောင်အပေးခံရသူမှာဝန်မပိအောင် လက်ဆောင်ပေးတဲ့သူကဆင်ခြင်ရမှာ
ဖြစ်သလို လက်ခံသူကလည်း ဆင်ခြင်လက်ခံရမှာဘဲဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံမှာ မဖိတ်ထားဘဲ ကြိုပြောမထားဘဲ အိမ်လည်တဲ့အလေ့အထမရှိပါဘူး။ မိတ်ဆွေတစ်ဦးဦးကဖိတ်လို့သွားရင်လည်း တန်ဘိုးသိပ်မကြီးတဲ့လက်ဆောင်လေးတွေ
ယူသွားကြပါတယ်။ ၀ိုင်ပုလင်း၊ ပန်းစည်း စတာလေးတွေပါ။

မွေးနေ့ဆိုရင်လည်း မွေးနေ့ရှင်ကို ဘာလိုချင်လဲ လှမ်းမေးတတ်ကြပါတယ်။
ကျွန်တော်တို့သမီး ၁၃နှစ်မွေးနေ့လုပ်တော့ မိတ်ဆွေတွေက ဘာလိုချင်လဲ
လှမ်းမေးကြတော့ " အ၀တ်အစားလေးတွေဘဲပေးကြပါ။ ပိုက်ဆံဆိုရင်
မေမေကသိမ်းသွားလို့ပါရှင်" လို့ဖြေခဲ့တာသတိရမိပါတယ်။
ဒီမှာက ပွင့်လင်းကြတယ်။ လက်ဆောင်နောက်မှာလည်းဘာနှောင်ကြိုးမှမရှိ
တာကိုတွေ့ရပါတယ်။

ကျွန်တော်အလုပ်လုပ်တဲ့ မူကြို ကျောင်းလေးမှာ ဘယ်ဆရာ၊ ဆရာမမှ သီးသန့်
လက်ဆောင်မရဖူးပါဘူး။ ဘယ်ကျောင်းသားမိဘကမှလည်း လက်ဆောင်သီးသန့်
ပေးတဲ့ အလေ့ကိုမလုပ်ပါဘူး။

ဆရာ၊ ဆရာမတွေ တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ဖို့ "လက်ဆောင်မပေးခြင်း"
ဆိုတဲ့အကောင်းဆုံးလက်ဆောင်ကိုမိဘတွေကပေးပါတယ်။

ဝန်ထမ်းတွေကလည်းမိမိတာဝန်ကို မိမိကျေပွန်အောင်ဘဲဆောင်ရွက်ကြပါတယ်။
ဘယ် ကလေးကိုမှထူးပြီးအခွင့်အရေးမပေးပါဘူး။
လက်ရှိဝန်ကြီးချုပ်ရဲ့မြေးလည်း ကျောင်းမှာရှိပါတယ်။ ဘာအခွင့်အရေးမှပိုမရပါဘူး။

အခွင့်အရေးပိုရတဲ့ကောင်တော့ရှိတယ်။ ဘာမျက်နှာမှမရှိတဲ့ချက်ချင်ညာက ခိုလှုံလာတဲ့ မိဘတွေရဲ့၅နှစ်သားပါ။ ဆိုးလိုက်တာတော့ တာတေလန်နေတာပါဘဲ။
ဒီမှာကလေးတွေကို ရိုက်ခွင့်မရှိပါဘူး။
မြန်မာနိုင်ငံသားကျွန်တော် လက်ယားပေမယ့် သူတို့ကတော့ ကျောသားရင်သား
မခွဲတဲ့ ဥပဒေအောက်မှာ ဒီကောင့်အတွက် ဆရာတစ်ယောက်သီးသန့်ထားပြီး
စိတ်ရှည်လက်ရှည် သင်ကြားပေးတာတွေ့ရပါတယ်။

ကျွန်တော့်အမျိုးသမီး အလုပ်ဝင်နေတဲ့ ဘိုးဘွားရိပ်သာမှာ ကျွန်တော်တို့မြို့နယ်ဝန်
ရဲ့ အဖေရှိပါတယ်။ ကျန် ဘိုးဘွားတွေနဲ့ တန်းတူအခွင့်အရေးပဲရပါတယ်။
ဘိုးဘွားသားသမီးတွေက ၀န်ထမ်းတွေကို ပါစင်နယ်လက်ဆောင်ပေးခွင့်မရှိသလို
ဝန်ထမ်းတွေကလည်းမယူကြပါဘူး။ ချောကလက်ပေးရင်လည်း ၀န်ထမ်းအားလုံးစားရအောင်
ဧည့်ခမ်းမှာ ဖေါက်ပြီးတင်ထားလိုက်ရုံပါပဲ။

လုပ်ငန်းခွင်တွေမှာ လက်ဆောင်ပေးတဲ့ ယူတဲ့ဓလေ့လုံးဝမရှိပါဘူး။
ပြည်သူကိုယ်နှိုက်က တာဝန်သိသိလိုက်နာကြပြီး အလုပ်လုပ်တဲ့ဝန်ထမ်းတွေကို
လိပ်ပြာသန့်သန့် အားလုံးတန်းတူ ဆောင်ရွက်နိုင်အောင် ကူညီကြတာပါ။

ရုံးတွေ၊ ရဲစခန်းတွေမှာ ပြည်သူတွေကိုစိတ်ရှည်လက်ရှည် ကူညီဆောင်ရွက်ပေး
ကြတယ်။ မြန်မာပြည်သားကျွန်တော်က ခုလိုအချိန်ယူကူညီလို့ကျေးဇူးတင်ကြောင်း
ပြောရင် " ကိစ္စမရှိပါဘူး။ ငါတို့အလုပ်ငါတို့လုပ်တာပါ"လို့ပြန်ပြောမှာဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေ မိမိတတ်နိုင်တဲ့ အမြတ်တနိုး အကောင်းဆုံးလက်ဆောင်ကို
တိုင်းပြည်အတွက် ပေးခဲ့ကြပြီးပါပြီ။
တိုင်းပြည်အတွက် ပေးခဲ့ကြပြီးပါပြီ။
သူတို့တွေ အနှောင်အဖွဲ့ကင်းကင်းနဲ့ ပြည်သူ့အကျိုး ကျောသားရင်သားမခွဲ ပြုမူ
ဆောင်ရွက်ပေးနိုင်ကြအောင် ၀ိုင်းရံကြရမှာတော့ ကျွန်တော်တို့နိုင်ငံသားတွေရဲ့
တာဝန်ပဲဖြစ်ပါကြောင်း နဲ့ နိုင်ငံတော်ပိုင်းကလည်း လုံလောက်တဲ့လစာကို

ဝန်ထမ်းတွေခံစားနိုင်အောင်ဆောင်ရွက်ပေးရမှာလည်းဖြစ်ကြောင်းပါခင်ဗျား။
Fb post. Nov, 2015
No comments:
Post a Comment